ဗိုလ်ချုပ် အောင်ဆန်း

သံဖြူဇရပ် မိန့်ခွန်း*

၁၉၄၆ ခု၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မော်လမြိုင်ခရိုင် သံဖြူဇရပ်ရွာ၌ ပြုလုပ်သည့် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရာတွင် သေဆုံးခဲ့သော ချွေးတပ် အလုပ်သမားများကို သတိရသော သရဏဂုံတင်ပွဲ၌ ပြောကြားသော မိန့်ခွန်း။

လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်ုပ်တို့ နိုင်ငံမှာ စစ်ဘေးကြီး ကျရောက်ခဲ့ပါသေးတယ်။ အဲဒီ စစ်ဘေးကြီးနဲ့အတူ ဂျပန် စစ်ဝါဒီတို့ရဲ့ ဖက်ဆစ်စနစ်ဆိုးကြီးဟာ လိုက်ပါလာခဲ့တယ်။

ဂျပန်စစ်ဝါဒီတို့ဟာ သူတို့ရဲ့ စစ်ယန္တရားကြီး ဆက်လက်လည်ပတ်နိုင်ရေးအတွက် “ယိုးဒယား မြန်မာ မီးရထားလမ်းမကြီး” ကို ဖောက်လုပ်ခဲ့ကြတယ်၊ အဲဒီလမ်းမကြီး ဖောက်လုပ်ရေးအတွက် ကျွန်ုပ်တို့ လူမျိုးတွေဟာ ထောင်နဲ့သောင်းနဲ့ချီပြီး “ချွေးတပ်” အဆွဲ ခံခဲ့ကြရတယ်။

ဖော်မပြနိုင်လောက်အောင် ကြမ်းကြုတ်ရက်စက်မှု နည်းအမျိုးမျိုးနဲ့ ကျွန်ပြု ညှဉ်းဆဲ စေခိုင်းခဲ့တဲ့အတွက် “ယိုးဒယား မြန်မာ မီးရထားလမ်း” ဖောက်လုပ်ရာမှာ ချွေးတပ် အလုပ်သမားပေါင်း သုံးသောင်း (၃၀,၀၀၀) ကနေ ရှစ်သောင်း (၈၀,၀၀၀) လောက်ဟာ ငတ်ပြတ် ဆင်းရဲပြီး အသေဆိုး သေခဲ့ကြရတယ်။

အဲဒီလို ထောင်သောင်းချီပြီး ကျဆုံးခဲ့ရသူတွေရဲ့ ကျိန်ဆဲသံ၊ ညည်းတွားသံ၊ ရေရွတ်သံများ ကိန်းဝပ်ရာ မြေပြင်ကို အခု ကျွန်ုပ်တို့ ခြေချနေကြရပါပြီ။ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးကြောင့်လဲ ဒီမြေတခွင်ဟာ ညစ်နွမ်းခဲ့ရပါတယ်။ ကျွန်ုပ်တို့ဟာ စာနာတဲ့ အသိတရား၊ စူးစမ်း သိရှိလိုတဲ့ စိတ်ထား အပြည့်အဝနဲ့ ရောက်လာကြခြင်းလဲ ဖြစ်ပါတယ်။ မကြုံစဖူး ဖြစ်ခဲ့ရတာမို့ စိတ်မချမ်းမြေ့ နာကျည်းမှုတို့ကို ကျွန်ုပ်တို့ အပြည့်အဝ ခံစားကြရပါတယ်။

ကျွန်ုပ်တို့ရဲ့ နိုင်ငံနဲ့ လူသားတွေကို ဂျပန်ဖက်ဆစ် လူရိုင်းများဟာ အလွန်အမင်း တရားလက်လွတ် ပြုခဲ့တဲ့အတွက် ကျွန်ုပ်တို့ဟာ ဒေါသမီး ဟုန်းဟုန်း တောက်လောင်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ဆိုးယုတ်သူတွေဟာ သူတို့ရဲ့ မိုက်ပြစ်ဒဏ်ကို ပြန်ခံသွားရပြီ ဖြစ်လို့ ကျွန်ုပ်တို့အနေနဲ့ ဖြေသိမ့်နိုင်စရာ ရှိပါတယ်။

ဗမာ ပြည်သူပြည်သားတွေဟာ ညီညာဖျဖျ နိုးကြား တက်ကြွခဲ့ကြတယ်။ ဖက်ဆစ်တွေကို လက်စားချေ တော်လှန် တိုက်ခိုက်ခဲ့ကြတယ်။ ဒီအချက်ဟာ “မိမိ စိုက်ပျိုးသလောက် ရိတ်သိမ်းရခြင်း” ဆိုတဲ့ သဘောလဲ ဖြစ်တယ်။ အမြဲတမ်း အခိုင်အမာ တည်တံ့နေတဲ့ လောကဓံ သဘောတရားလဲ ဖြစ်တယ်။

လူတဦးတယောက်ဟာ အခြားလူ တဦးတယောက်အပေါ် နှိပ်စက်ကလူ ပြုတယ်။ သွေးစုတ် ချယ်လှယ်တယ်။ တရားမျှတမှုကို မျက်ကွယ်ပြုတယ်ဆိုယင် ဒါမှမဟုတ် နိုင်ငံတခုအပေါ် ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရားမျှတမှု အဝဝကို ချိုးဖောက်ခြင်း ပြုမယ်ဆိုယင် ထိုလူ၊ သို့မဟုတ် ထိုနိုင်ငံဟာ ထို မတရားမှု အတွက် အပြစ်ဒဏ်ခတ်မှုကို မုချမလွဲ ခံရစမြဲဘဲ ဖြစ်ပါတယ်။

ဒီလို လူတဦးက တဦးအပေါ်မှာ ဖြစ်စေ၊ နိုင်ငံတခုက နိုင်ငံတခုအပေါ်မှာဘဲ ဖြစ်စေ ဖိနှိပ်ချယ်လှယ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်ခဲ့ကြလို့လဲ ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာဟာ အကြိမ်ကြိမ် ရှိပါပြီ။ တရားမဲ့ခြင်း၊ ဖိနှိပ်ချယ်လှယ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ ဆက်လက် တည်ရှိ နေသရွေ့ တုံ့ပြန်လက်စားချေမှုဟာ ကမ္ဘာပေါ်မှာ မကြာခဏ ပေါ်ပေါက်နေဦးမှာပါဘဲ။ ဒီအချက်ဟာဆိုယင် ကမ္ဘာ့ရေးရာ အဖြစ်အပျက် အတွေ့အကြုံများထဲမှ ပေါ်ထွက်လာတဲ့ လောကပါလတရားလို့ ကျွန်ုပ်တို့အနေနဲ့ မှတ်သားခံယူပါတယ်။

ယနေ့ဆိုယင် ကျွန်ုပ်တို့ဟာ ကျေးကျွန်ပမာ အခိုင်းစေခံရင်း သေဆုံးခဲ့ကြတဲ့ မဟာမိတ်တပ်သားများနဲ့ ကျွန်ုပ်တို့ နိုင်ငံသား ထောင်ပေါင်းများစွာတို့ကို အမှတ်ရတဲ့အနေနဲ့ ဒီနေရာကို လာရောက်ခဲ့ကြပါတယ်။ နောက်ကို ဘယ်တော့မှ ဒီလိုအဖြစ်မျိုး ဒီလို ချွေးတပ်ဆွဲခံရတာမျိုး ဒီလို ကျေးကျွန်ပြု ခံရတာမျိုးကို ဒီကမ္ဘာကြီးမှာ မတွေ့ကြရစေဖို့ ကျွန်ုပ်တို့အားလုံး သဘောပေါက်ထားကြရပါမယ်။

လူကို လူက ကျွန်ပြုမှု၊ ခေါင်းပုံဖြတ်မှုတို့ ဘယ်လိုပုံစံမျိုးနဲ့မှ ကမ္ဘာပေါ်မှာ နောက်ထပ် ပေါ်မလာပါစေနဲ့လို့ ကျွန်ုပ်တို့ အားလုံး ဆန္ဒပြုကြဖို့ လိုပါတယ်။

ကျွန်ုပ်တို့ဟာ ကွယ်လွန်သူများရဲ့ မြင့်မြတ်သော ဝိညာဉ်များနဲ့ တွေ့ဆုံခိုက် သူတို့အတွက် ဆုမွန်ကောင်းများ တောင်းရုံသာ မဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသား အားလုံး အနှောင်အဖွဲ့ အချုတ်အချယ်များမှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းသင့်ကြပါတယ်။

ဒီလို ဆုတောင်းရင်းနဲ့ တချိန်တည်းမှာဘဲ လူအချင်းချင်း ဖိနှိပ်မှု၊ သွေးစုတ်ချယ်လှယ်မှု၊ လူမဆံမှု စတဲ့ အဖြစ်မျိုးကို တည်မြဲစေမဲ့ ဖက်ဆစ်စံနစ်ဆိုးဟာ မည်သို့သော အသွင်မျိုးနဲ့ဘဲ ရှိသည်ဖြစ်စေ၊ ကမ္ဘာ့မြေပြင်ပေါ်က အမြစ်ပါမကျန် ပျောက်ပျက်သွားအောင် တော်လှန်တိုက်ဖျက်ကြဖို့ အလေးအနက် အဓိဌာန် ပြုကြပါစို့။ ။

* ဤမိန့်ခွန်းကို ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။

 

Google