ဗိုလ်ချုပ် အောင်ဆန်း

လူထုတိုက်ပွဲနေ့ မိန့်ခွန်း

၁၉၄၆ ခု၊ စက်တင်ဘာလ ၂၉ ရက်နေ့ စက္ကူဖြူ စီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ တွင် ပြောကြားသော မိန့်ခွန်း။

ကျုပ်တို့တော့ ဝန်ကြီးတွေ ဖြစ်ကြပြန်ပြီ။ ဖြစ်သာဖြစ်ရတယ် ကျုပ်တော့ ရင်တထိတ်ထိတ်ဘဲ။ ဂျပန့် ခေတ်က ရှင်ကြီးဝမ်းဝင်ခဲ့တယ် မဟန်လှဘူး။ အခု ဘာဝမ်းလဲတော့ မသိဘူး၊ ဝင်ရပြန်ပြီ တခါ။ ဟန်ကျမလားလို့ခင်ဗျားတို့က မေးချင်ပေလိမ့်မယ်။ ကျုပ်အဖြေကတော့ မပြောတတ်သေးဘူး လို့ဖြေရမှာဘဲ။ ဒီလိုမသေချာ မြေစမ်းခရမ်းပျိုးရတာကြောင့် ဝန်ကြီးလုပ်ရတာ ရင်တုန်တုန်နဲ့ လုပ်ရတာဘဲ။ တကဲ့ အမျိုးသားအစိုးရ၊ တကဲ့ အာဏာပိုင်အစိုးရလို့ တထစ်ချ သိရယင်တော့၊ ဒီလောက် ရင်လေးမှာ မဟုတ်ဘူး။ ဒါကြောင့် … ကျုပ်တို့ ရာထူးယူလိုက်လို့၊ ခင်ဗျားတို့ ကိစ္စတွေ အားလုံး အေးချမ်းသွားမယ် မဆိုနိုင်သေးဘူး။ မြန်မာ့အလင်း ခေါင်းကြီးပိုင်းမှာ တနေ့က ရေးသလို၊ လူထုတွေဆက်ပြီး တောင့်ထားကြအုံးလို့ ပြောရမှာဘဲ။

အခုလောက် ရာထူးနှင့် အာဏာတွေ ရလာတာတောင်၊ ခင်ဗျားတို့အင်အား အရှိန်အဝါ တန်ခိုးကြောင့် ဖြစ်လာရတာဘဲ။ ရှေ့ကိုဒီထက် ခင်ဗျားတို့ အားသွန်ကြိုးပမ်းနိုင်မယ် ဆိုယင် တဆင့်တက်ပြီး အစိုးရ အခွင့်အာဏာတွေ တိုးပြီး ခင်ဗျားတို့ အကျိုးတွေ ပိုလုပ်ပေးနိုင်မှာဘဲ။ အခုတော့ စလုံးရေ (စ) ခါစ ဘဲ ရှိသေးတယ်။ ကျုပ်တို့ ရာထူး လက်ခံတဲ့ အကြောင်းကတော့ ဖ၊ ဆ၊ ပ၊ လ အလုပ်အမှုဆောင်အဖွဲ့ ကြေညာစာတန်းထဲမှာ ပါတဲ့ အတိုင်းဘဲ ထပ်ပြောစရာ မလိုတော့ဘူး။ ကျုပ်တို့ လုပ်မဲ့လုပ်ငန်းတွေကိုတော့ အကြမ်း ပြောပြအုံးမယ်။ တနေ့ကလဲ သတင်းစာတွေကို ပြောပြီးပြီ။ ဒါပေမဲ့ ထပ်ပြောအုံးမယ်။ ကျုပ်တို့ ပဌမဆုံးအလုပ်ကတော့ လက်ငင်းသပိတ် ပြဿနာတွေ နဲ့ ပြည်သူ့ လွတ်လပ်ရေး ပြဿနာတွေကို ဖြေရှင်းဖို့ဘဲ။ ဖြေရှင်းလို့ ရမလား မရဘူးလား ဆိုတာကို အခု မပြောလိုသေးဘူး။ ဖြေရှင်းရအောင် ကျုပ်တို့လုပ်မယ်။ လုပ်လို့မရယင် လုပ်လို့မရတဲ့ အတိုင်း ကျုပ်တို့ စခန်းသွားမှာဘဲ။ လုပ်လို့ ရယင်လဲ လုပ်ငန်း တဆင့် တက်ပြီး သွားရုံဘဲရှိအုံးမယ်။ ပြီးတော့ ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ က စုပေါင်းတောင်းထားတဲ့ အချက်အလက်တွေ ရှိတယ်။ အဲဒီအချက်တွေကတော့ အစုံဘဲ၊ အလုပ်သမား၊ လယ်သမား၊ ပညာရေး၊ အစားအစာ ပြဿနာ၊ ငြိမ်ဝပ်ပိပြားရေးအစရှိတဲ့ ကိစ္စတွေနဲ့ဆိုင်တယ်။ အဲဒီကိစ္စတွေနဲ့ တပါတည်း ဘဏ္ဍာရေး အာဏာ စုံစုံစေ့စေ့ ရဖို့ ကိစ္စလဲ ပါလိမ့်မယ်။ သည့်အပြင် တိုင်းပြည် ပြန်လည် ပြုပြင် ထူထောင်ရေး လုပ်ငန်းတွေလဲ လုပ်နိုင်သလောက်လုပ်ရမယ်။

ရည်မှန်းထားတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်

စီးပွားရေး စီမံကိန်းတွေကို ပြန်လည် စစ်ဆေးပြီး၊ တိုင်းပြည် အကျိုးနဲ့ ကိုက်နိုင်သမျှ ကိုက်အောင် ဆောင်ရွက်ရလိမ့်မယ်။ ပြီးတော့ ကျုပ်တို့ ရည်မှန်းထားတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ကို ဆိုက်ရောက်အောင် ပို့နိုင်မဲ့ နိုင်ငံရေး အခြေအနေတွေ ရအောင် စီမံပြီး ခြောက်လ လောက်အတွင်း တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ကိုလဲ လုပ်ရမယ်။ ဒါတွေဟာ ကျုပ်တို့ လုပ်ရမဲ့ လုပ်ငန်းစဉ် အကြမ်းဘဲ၊ အတိုချုပ်ဘဲ။ ခင်ဗျားတို့အခု ထပ်မံ ဆုံးဖြတ် အတည်ပြုရမဲ့ အချက်တွေဟာလဲ ဒီအချက်တွေထဲမှာ အကျုံးဝင်သွားမှာဘဲ။ ဘယ့်လောက်ထိ ကျုပ်တို့ ဒီအလုပ်တွေ လုပ်လို့အောင်မြင်မလဲ ဆိုတာ ခင်ဗျားတို့ တိုင်းသူပြည်သား လူထုတွေက အားပေး၊ အားပေးသလောက် အပေါ်မှာ တည်တာဘဲ။ ကျုပ်တို့ကတော့ လုပ်မှာဘဲ။ လုပ်မဖြစ်လို့ ထွက်ရမယ် ဆိုယင် ထွက်ဖို့ ဝန်မလေးပါဘူး။

ကျုပ်တို့ဝန်ကြီးတွေ ဘာတွေဖြစ်လို့ ကျုပ်တို့ဘာမှ ဝမ်းလဲမသာဘူး။ ခင်ဗျားတို့ရဲ့ အခု ချီးကျူး ထောမနာ လုပ်တာတွေလဲ မလိုချင်ဘူး။ ပီးတော့ ထမင်းစားပွဲတွေ …. ဘာပွဲတွေကိုလဲ မလိုချင်သေးဘူး။ ဒါကတော့ ခင်ဗျားတို့နဲ့ မဆိုင်ဘူး။ ကျွေးနိုင် မွေးနိုင်တဲ့ လူစုတွေနဲ့ ဆိုင်တယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကြားအောင် ဒီနေရာကဘဲ အခု ပြောရတာဘဲ။ ဒါတွေကို ကျုပ်တို့ မကြိုက်လို့လား ဆိုယင် မကြိုက်လို့ တော့ မဟုတ်ဘူး။ လူဆိုတာ အမြှောက်ခံရယင် ကြိုက်တိုက်တိုက်ဘဲ။ ကျုပ်တို့အဖို့ဆိုယင် လူထုကမြှောက်ယင် ကြိုက်တာဘဲ။

ဒါပေမဲ့ ကျုပ်တို့အခု မစရသေး၊ မလုပ်ရသေးဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလဲ အခု ချီးမွမ်း မခံချင်သေးဘူး။ သို့သော် ကျုပ်တို့လူတိုင်းလူတိုင်းဆီက အကူအညီ အထောက်အပံ့ အားပေးမှုကို လိုတယ်။ ဘယ်လိုအကူအညီ အထောက်အပံ့လဲ ဆိုယင် ကျုပ်တို့ရာထူးမြဲအောင် ကျုပ်တို့ ကောင်းကျိုးချမ်းသာ တိုးတက်အောင် အကူအညီ အထောက်အပံ့ အားပေးမှုမျိုး မဟုတ်ဘူး။ ခင်ဗျားတို့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ အစိုးရအမှုထမ်းတွေ၊ ပညာရေးသမားတွေ၊ ကုန်သယ်တွေ၊ ပွဲစားတွေ အစရှိတဲ့ လူတွေရဲ့ အကျိုးတွေ လုပ်ပေးဖို့ လုပ်ပေးနိုင်ဖို့ အကူအညီ အထောက်အပံ့ အားပေးမှုလိုတယ်။ ခင်ဗျားတို့ အကျိုးတွေလုပ်ရင်း ကျုပ်တို့ အကျိုးရှိတာမျိုးမှဘဲ ကျုပ်တို့တော့ လိုချင်တယ်။ ကျုပ်တို့ဟာ ဥပဒေအရတော့ ဘာဖြစ်နေနေ ကျုပ်တို့ ကိုယ်ကို ကျုပ်တို့ ပြည်သူ့ဝန်ကြီးတွေလို့ ယူဆတယ်။ အဲဒီအတိုင်း လုပ်မှာဘဲ။

ရာထူးကလေးတွေ ရဖို့

ပြည်သူတွေဆိုတာ ဗမာပြည်မှာ တိုင်းသူပြည်သား အများနဲ့ အကျိုးတူလုပ်မယ်၊ ကိုင်မယ်၊ နေမယ်၊ ထိုင်မယ် ဆိုတဲ့ တိုင်းရင်းသားတွေ အိန္ဒိယ၊ တရုပ်၊ အင်္ဂလိပ် ကပြားများနဲ့ ဥရောပတိုက်သားများတောင် ပါတယ်။ ကျုပ်တို့ဆီ ကိစ္စရှိယင် ကိစ္စရှိသလို တိုင်ကြား အစီရင်ခံတောင်းဆိုနိုင်တယ်။ သို့ပေမဲ့ တခုတော့ ပြောချင်တယ်။ ကိုယ့်ရေး ကိုယ့်ကိစ္စ ကလေးအတွက် ရာထူးကလေးတွေရဖို့၊ ဟိုဒင်း ဒီဒင်းတွေရဖို့၊ အလှူခံဖို့ အစရှိတဲ့ ကိစ္စမျိုးအတွက်တော့ မလာကြပါနဲ့။ ဒီလိုလူမျိုးတွေဟာ သဘောကောင်းမှန်းသိတိုင်း အခွင့်အရေးတွေ ယူနေယင် ကျုပ်တို့လဲ မတတ်နိုင်ဘူး။ ကျုပ်တို့လခ တွေလဲ လျှော့ရလိမ့်မယ် ထင်တယ်။ ဖ၊ ဆ၊ ပ၊ လ ကို ဘယ်လောက်ပေးရမယ် အစရှိတဲ့ အချက်တွေကို စဉ်းစားရအုံးမယ်။ ကျုပ်တို့လှူစရာ ရှိမယ်လဲ မဟုတ်ဘူး။ ရာထူးကိစ္စ ဟိုဟာကလေးရဖို့၊ ဒီဟာကလေးရဖို့ ဆိုတာတွေတော့ ဖ၊ ဆ၊ ပ၊ လ ဝါဒ စည်းမျဉ်းအတိုင်းသာဖြစ်မှာဘဲ။

ကျုပ်တို့ဆီလာလို့ ဖြစ်မှာမဟုတ်ဘူး။ ကျုပ်တို့နှင့် ခင်ဗျားတို့နှင့် အတူတူဘဲ။ ကိုယ့်စည်း ကိုယ့်ကမ်းနှင့် တဦးနှင့်တဦး ကြီးကျယ်နေစရာ လူတွေမဟုတ်ပါဘူး။ ပြောစရာရှိ လာပြောပါ။ တိုင်စရာရှိ လာတိုင်ပါ။ တောင်းစရာရှိတာ တောင်းပါ၊ အချင်းချင်း သဘောမျိုးဆက်ဆံကြပါ။ ပြီးတော့ ဟိုသတင်း ဒီသတင်း မဟုတ်တာတွေ ကြားလဲ မယုံပါနဲ့ ကျုပ်တို့ စိတ်မပြောင်းပါဘူး။

ဖျက်ဆီးဖို့ လုပ်နေတယ်

အချို့ အရင်းရှင်ကြီးတွေဟာ ငွေနှင့် ပေါက်ပြီး ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ ကြီးမှူးတဲ့ အစိုးရ အဖွဲ့နဲ့ ညီညွတ်ရေး တပ်ဦးကြီးကို ဖျက်ဆီးဖို့ လုပ်နေတယ်။ အားလုံး သတိကြီးကြီး ထားကြဖို့ လိုတယ်။ အခု သပိတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး နက်ဖြန် ၁၁နာရီ အတွင်းဝန်ရုံးမှာ သပိတ်သမား ကိုယ်စားလှယ်တွေ နှင့် ကျုပ်ရယ်၊ သခင်မြရယ်၊ ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ထွဋ်ရယ်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး သခင်ဗစိန်ရယ် တွေ့ကြပြီး၊ သပိတ်ကိစ္စတွေကို ဖြေရှင်းဖို့ စီစဉ်ထားတယ်။

ကျုပ် ဒီကိစ္စနဲ့ ပတ်သက်ပြီး တခု ပြောနိုင်တယ်။ ကျုပ်တို့ဖက်ကတော့ ဒီကိစ္စတွေကို ရှည်လျားအောင် မလုပ်ဘူး။ အဲဒီဟာ မကြိုက်လို့ ရှည်ရှည်လျားလျား စခန်းသွားချင်ကြတဲ့ လူတွေရှိယင်လဲ သူတို့သဘောဘဲ။ ကျုပ်တို့ကတော့ မြန်မြန်ပြီးအောင် လုပ်ချင်တယ်။ လုပ်မယ်။ ခင်ဗျားတို့ ကျေနပ်နိုင် မဲ့ တရားတဲ့တောင်းဆိုချက်တွေကို ရအောင် ကြိုးစားမယ်။ မရလို့ရှိယင် မရတဲ့အတိုင်း ဘာလုပ်မယ် ဆိုတာ ကျုပ်ဆုံးဖြတ်ပြီးဘဲ၊ အဲတာ ခင်ဗျားတို့ သိစေဖို့ဘဲ။

တဖက်စီးနင်းဖြစ်ဖြစ်

အခု ဗြိတိသျှ အစိုးရဖက်ကို လှည့်ပြီး စကားပြောချင်တယ်။ ကျုပ်သဘောကတော့ ဗြိတိသျှနဲ့ အကြောင်းကြောင်း ထောက်လို့ မိတ်ဆွေဖြစ်ချင်တယ်။ မိတ်ဆွေ ဖြစ်ချင်လို့ ဒီလမ်းလိုက်ခဲ့တာဘဲ။ မိတ်ဆွေ ဖြစ်ချင်တယ် ဆိုပေမဲ့၊ သူ့မေဓာရှိမှ ကိုယ့်မေဓာရှိနိုင်မယ် ဆိုတဲ့ စကားလိုဘဲ၊ ကျုပ်တို့ ဖက်ကချည်း မဟုတ်၊ တဖက်ကလဲ ကျုပ်တို့ တိုင်းပြည်ကြီး အကျိုးကို ဖြည့်စွမ်းပေးမှ ဖြစ်မယ်။ တဖက်စီးနင်း ဖြစ်ဖြစ်၊ တဖက်စောင်းနင်း ဖြစ်ဖြစ် လုပ်ကြမယ်ဆိုယင် တဦးနှင့်တဦး မိတ်ဆွေ မဖြစ်နိုင်ဘူး။ ကျုပ်ရှင်းရှင်းဘဲ ပြောမယ်။ အခု ဘုရင်ခံကိုတော့ အခုထိတော့ လူတယောက်အနေနဲ့ ကျုပ်သဘောကျတယ်။ ဒါပေမဲ့ ဘိလပ်အစိုးရကို အထူးသဖြင့် ဗမာပြည်ရှိ ဥရောပတိုက်သားတွေကို သဘောကျပြီလို့ မပြောနိုင်ဘူး။ ဘုရင်ခံကိုတွေ့တဲ့အခါလဲ ကျုပ်ဗြိတိသျှနဲ့ မိတ်ဆွေ ဖြစ်ချင်တယ် ဆိုတာကိုပြောခဲ့တယ်။ တချို့ကတော့ ဗြိတိသျှတွေဟာ အခုအခါ အား အင်မတန် နဲပြီးလျှင် ရှေ့ကျ ဆင်းဖို့ဘဲရှိမယ်။ ဒါကြောင့် သူတို့ပေါင်းလို့ ဘာအကျိုးရှိမှာလဲ မေးမယ်။ ကျုပ်ကတော့ ဒီလိုမစဉ်းစားဘူး။ အားနဲနေတဲ့ အခါမို့ ဗြိတိသျှနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ ဒီလို ကျုပ်ပြောတာဟာ လက်တွေ့ နိုင်ငံရေး သဘော မဟုတ်ဘူး ဆိုချင်တဲ့ လူတွေ ရှိချင်လဲ ရှိမယ်။ ဘာပြောပြော ကျုပ်စဉ်းစားရသလောက် ကျုပ်သဘောထားဟာ ဒီအတိုင်းဘဲ။ ဒီအတိုင်းလုပ်မှာဘဲ။ လုပ်လို့မရယင် ကျုပ်တို့ အပြစ်မဟုတ်ဘဲ၊ ဗြိတိသျှတို့ရဲ့ အပြစ်သာ ဖြစ်မယ်ဆိုတာ တိတိလင်းလင်း ကျုပ်ပြောလိုတယ်။

နတ်လဲမဟုတ်၊ မှော်ဆရာလဲ မဟုတ်

နောက်ဆုံး … ကျုပ်အကြောင်းကို ခင်ဗျားတို့ကို နဲနဲ ပြောချင်တယ်၊ အခုအခါ ကျုပ်ဟာ (ပတ်ဗလစ် မှာ ပေါ်ပြူလာ ဖြစ်နေတဲ့လူဘဲ)။ ဒါပေမဲ့ ကျုပ်ဟာ ဘုရားလဲ မဟုတ်၊ မှော်ဆရာ မျက်လှည့်ဆရာလဲ မဟုတ်။ လူဘဲ။ နတ်လဲ မဟုတ်၊ လူလောက်ဘဲ အစွမ်းရှိမှာဘဲ။ ကျုပ်အသက်ဟာ အင်မတန် ငယ်တယ်။ ကျုပ်အခု ထမ်းရတဲ့တာဝန်ဟာလဲ၊ တတိုင်းပြည်လုံးရဲ့ တာဝန်ကို ရှေ့ဆုံးက ထမ်းနေရတယ်။ ကျုပ်ကိုယ်ကို ဒီတာဝန်တွေ ထမ်းနိုင်အောင် အရည်အချင်း ပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ် စိတ်တိုတတ်တယ်ဆိုတာကိုလဲ လူအများသိကြတာဘဲ။ ဒါ ကျုပ်နဂိုဘဲ။ အလုပ်ရှုပ်ပြီး အနှောက်အရှက်များယင် စိတ်တိုတတ်တယ်။ ဒါကို ပြုပြင်နိုင်သမျှ ပြုပြင်ဖို့ ကြိုးစားမယ်။ သို့သော်လဲ ခင်ဗျားတို့လဲ စိတ်ရှေရှေထားကြပါ။ ကျုပ်လည်း စိတ်ရှေရှေ ထားပြီး၊ ကနေ့ပြတဲ့ အင်အားမျိုးထက် ဆထက်ထမ်းပိုး တိုးအောင် လုပ်ပြီး၊ ကျုပ်တို့ကလဲ ခင်ဗျားတို့အတွက် လုပ်တဲ့နေရာမှာ အားပေးမယ်ဆိုယင်၊ ကျုပ်တို့ လိုချင်တဲ့ လွတ်လပ်ရေး၊ လူထုကောင်းစားရေးတွေကို ရအောင် ပိုလုပ်နိုင်မယ်။ ပို အကျိုး ရှိမှာဘဲ။ ဒါကြောင့် လူထုတွေကို ဆက် တောင့်ထားကြပါအုံးလို့ ဆိုတာ ထပ်ပြောခဲ့ချင်တယ်။ ။

မြန်မာ့အလင်း သတင်းစာ

၁-၉- ၁၉၄၆။

 

Google