ဗိုလ်ချုပ် အောင်ဆန်း

လူထုကို တပတ်မရိုက်

၁၉၄၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ ည ၆နာရီ ၃၈ မိနစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တိုင်းပြည်သို့ မေတ္တာရပ်ခံချက်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား မြန်မာ့အသံက ဖတ်ကြား အသံလွှင့် ခဲ့သော စာတမ်း။

ဗမာတွေ လမ်းနှစ်ခွသို့ရောက်နေကြပြီ။ တလမ်းမှာ ကျွန်သက်ရှည်မည့်လမ်းဖြစ်သည်။ အခြားတလမ်းမှာ ကျွန်သက်တိုမည့်လမ်းဖြစ်သည်။

ဤ လမ်းနှစ်လမ်းအနက် ဘယ်လမ်းကို လိုက်ကြမည်လဲ။ ဤမေးခွန်းကို ၁၃၀၈ ခု၊ တန်ခူးလဆုတ် ၄ရက် (၉-၄-၄၇) နေ့တွင်ကျင်းပမည့် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတွင် ဗမာတွေကိုယ်တိုင် ဖြေကြရတော့မည်။ ဒီအဖြေကိုမပေးမီ လက်ငင်းနိုင်ငံရေး အခြေအနေကို ဗမာတိုင်း ကောင်းကောင်း သဘောပေါက်ထားရန် လိုသည်။ ယခုအခါတွင် ဗမာပြည် နိုင်ငံရေးတွင် ဖ၊ဆ၊ပ၊လ နှင့် ဖ၊ဆ၊ပ၊လ ဆန့်ကျင်ရေး ဟူ၍ အကြမ်းအားဖြင့် နိုင်ငံရေးသမား နှစ်မျိုးနှစ်စား ရှိသည်။

ခပ်ရှင်းရှင်း ပြောရလျှင် ဖ၊ဆ၊ပ၊လ ဆန့်ကျင်ရေးသမားများထဲတွင် ၁။ ဗြိတိသျှ နယ်ချဲ့သမားတို့၏ ပဉ္စမံတပ်သားများနှင့် ၊ ၂။ မင်းသားကြီး လုပ်ချင်သူများ ပါကြသည်။

ဗြိတိသျှ နယ်ချဲ့သမားတို့၏ ပဉ္စမံတပ်သားများ ဆိုသည်မှာ အခြားမဟုတ်၊ ဗမာ့အဆီအနှစ်များကို စားသောက်နေကြသော ဗြိတိသျှ နယ်ချဲ့သမားများထံမှ အရိုးအယွင်းများကို လက်ဝေခံပြီးလျှင် ဗမာပြည်တွင်း၌ ဗြိတိသျှနယ်ချဲ့သမားတို့၏ အလိုတော်ကျ လိုက်လုပ်ပေးနေသော သူများပင် ဖြစ်ကြသည်။

ဥပမာ ဖ၊ဆ၊ပ၊လ အင်အားစုများကို ပျက်ပြားအောင် ပြုလုပ်ခြင်း၊ ဖ၊ဆ၊ပ၊လ အပေါ်တွင် လူထုက အထင်လွဲအောင် လှုံ့ဆော်ပေးခြင်း၊ ဗြိတိသျှ နယ်ချဲ့သမား တဦးတည်းကို မဲပြီး မတိုက်နိုင်အောင် ဖ၊ဆ၊ပ၊လ ကို ဘေးနှင့် နောက်မှ ဝင်၍ တိုက်ပေးခြင်း အစရှိသည့် လုပ်ငန်းများ ဖြစ်ကြသည်။

ထိုမျှ မကသေး၊ ရွေးကောက်ပွဲ မလုပ်ဖြစ်အောင်ပင် အဆိုပါ ပဉ္စမံ တပ်သားတို့၏ အကူအညီဖြင့် ဗြိတိသျှနယ်ချဲ့သမားတို့သည် ကြိုးစားကြပေလိမ့်ဦးမည်။

ဗြိတိသျှနယ်ချဲ့သမားတို့သည် ဥပဒေပုဒ်မ ၁၃၉ အရ၊ ဗမာပြည်ကို တချက်လွှတ် အာဏာများဖြင့် အုပ်စိုးလိုကြသဖြင့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကိုပင် မဆိုထားဘိ၊ ၁၉၃၅ ခု၊ အက်ဥပဒေအရ ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲ ရိုးရိုးကိုပင် မကျင်းပလို၊ အကြောင်းအမျိုးမျိုးပြပြီး ရွှေ့ဆိုင်းခဲ့သည် မဟုတ်ပါလော။

ယခုအခါတွင် ဖ၊ဆ၊ပ၊လ ၏ နောက်၌ ရှိသော ဗမာ့လူထုကြီး၏ အရှိန်အဝါကို မခံနိုင်သဖြင့် ဥပဒေပြု လွှတ်တော်ပင် မကတော့ဘဲ။ လွတ်လပ်ရေး စည်းမျဉ်းကို ရေးဆွဲရမည့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကိုပင် ခွင့်ပြုရပေပြီ။

သို့ရာတွင် ရွေးကောက်ပွဲ မလုပ်ဖြစ်လေလေ၊ ဗြိတိသျှ နယ်ချဲ့သမားများသည် ဗမာ့အဆီအနှစ်များကို အချိန်ကြာကြာ စားသောက်ရလေလေ ဟူသော သဘောဖြင့် ၎င်းတို့၏ ပဉ္စမံတပ်သားများကို အသုံးပြုပြီး ရွေးကောက်ပွဲကို ဖျက်ပစ်မှာ စိုးရိမ်ရသေးသည်။ ဤအချက်ကို လူထုသည် ကောင်းစွာ သဘောပေါက်ရမည်။

အိန္ဒိယပြည်တွင် ဗြိတိသျှ နယ်ချဲ့သမားတို့သည် ရွေးကောက်ပွဲ၌ ဝင်၍ မရှုပ်ရသော်လည်း တိုင်းပြုပြည်ပြု လွှတ်တော် မကျင်းပနိုင်အောင် ဟိန္ဒူနှင့် မူဆလင်ကို ကစားပေးလျက်ရှိသဖြင့် အိန္ဒိယသည် လွတ်လပ်ရေးတံခါးဝသို့ ရောက်နေပါလျက် ယခုထက်တိုင် ဇာတ်မျောလျက် ရှိလေသည်။ သို့ဖြစ်ရာ ဗမာ့ လွတ်လပ်ရေးကို ဇာတ်မျောအောင် ပြုလုပ်ပေးကြမည့် ဗမာ့ပဉ္စမံတပ်သားများကိုလည်း လူထုသည် ကောင်းစွာ သတိပြုကြရလိမ့်မည်။

ပဉ္စမံတပ်သားများ၏ အကြောင်းကိုကား အကျဉ်းချုပ်၍ ဖော်ပြခဲ့ပြီးပြီ။ မင်းသားကြီး လုပ်ချင်သူများ၏အကြောင်းကို ရှင်းပြရဦးမည်။

ယခုအခါတွင် ဖ၊ဆ၊ပ၊လ သည် လူထု၏ ရှေ့၌ မားမားမတ်မတ် ရပ်၍ ခေါင်းဆောင်နေခြင်းကို ထိုမင်းသားကြီး လုပ်လိုသူများသည် မနာလို မရှုဆိတ်ကြချေ။ ရပ်ခြင်းရပ်လျှင် သူတို့သာ ရပ်လိုကြသည်။

သို့ရာတွင် သူတို့၏ ရှေ့နောက် မညီညွတ်သော ခေါင်းဆောင်မှု၊ အမြင်တိုသော ခေါင်းဆောင်မှု၊ ဘယ်သူသေသေ ငတေခေါင်းဆောင် ဖြစ်ရလျှင် ပြီးရော ဟူသော ခေါင်းဆောင်မှု၊ မကြာခဏ ဖောက်လွှဲဖောက်ပြန် ဖြစ်ခဲ့ရသော ခေါင်းဆောင်မှုများကြောင့် လူထုကလည်း မိမိတို့၏ ရှေ့တွင် ထိုမင်းသားကြီး လုပ်လိုသူများကို အရပ်မခံကြချေ။

သို့ဖြစ်ရာ မင်းသားကြီး မလုပ်ရလျှင် မနေနိုင်သော ထိုခေါင်းဆောင်တစုတို့သည် ပတ်မကြီးကို ထိုးဖောက်လျက် ရှိကြသည်။ ၎င်းတို့အတွက်မှာမူ ၎င်းတို့ ခေါင်းဆောင်ဖြစ်မှုသာလျှင် အဓိက ဖြစ်သည်။ လူထု လွတ်လပ်ရေးမှာ သူတို့ ခေါင်းဆောင် ဖြစ်မှုလောက် အရေးမကြီးပေ။ ထို့ကြောင့်လည်း သူတို့ ခေါင်းဆောင် ဖြစ်ရသည့်အခါတွင် ဗမာ့လွတ်လပ်ရေး လမ်းစဉ်ကို မည်သို့ ထိခိုက်စေကာမူ ဂရုမစိုက်ဘဲ ထိုမင်းသားကြီး မလုပ်ရသူများသည် ပတ်မကြီးကို ထိုးဖောက်ရန် လုံ့လ ပြုခဲ့ကြသည်ကို တိုင်းပြည်လူထု၏ မျက်မြင်ပင် မဟုတ်လော။

ဗမာ့လူထုကြီးသည် ယခုအခါတွင် လမ်းနှစ်ခွသို့ ရောက်လျက် ရှိကြပြီဖြစ်ရာ ယခု ပြောခဲ့ပြီးသော ဗြိတိသျှ နယ်ချဲ့သမားတို့၏ ပဉ္စမံတပ်သားများနှင့် မင်းသားကြီး မလုပ်ရသူများကို ကောင်းစွာ သတိပြုကြရမည်။ ထိုသူတို့၏ မှားယွင်းသော ညွှန်ကြားချက်ကြောင့် ကျွန်သက် ရှည်စေမည့် လမ်းသို့ မလိုက်မိကြရန်ကိုလည်း ကောင်းစွာ သတိပြုကြရမည်။

ရှေးက ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် မဲအထည့်မှားသွားလျှင် ထိုအထည့်မှားသည့် ဒဏ်ကို ငါးနှစ်သာ ခံရသည်။ ငါးနှစ်စေ့၍ ရွေးကောက်ပွဲ အသစ် လုပ်လျှင် ထိုအမှားကို ပြင်နိုင်သည်။

ယခု တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာမူကား ဗမာ့နောင်ရေးကို ဆုံးဖြတ်မည့် ရွေးကောက်ပွဲ ဖြစ်နေသောကြောင့် တခါ အထည့်မှားလျှင် ငါးနှစ်မက တသက်နီးပါးမျှ ခံကြရလိမ့်မည်။

ယနေ့အထိ ကျွန်တော် ခေါင်းဆောင်လျက်ရှိသော ဖ၊ဆ၊ပ၊လ ကို ထောက်ခံ အားပေးခဲ့သော ဗမာ့လူထုကြီးသည် ၁၃၀၈ ခု၊ တန်ခူးလဆုတ် ၄ ရက် (၉-၄-၄၇) နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီး၌လည်း ယခုကဲ့သို့ပင် ကြံ့ကြံ့ခိုင်ခိုင် ထောက်ခံ အားပေးမည်ဆိုလျှင် တနှစ်အတွင်း ဗမာနိုင်ငံသည် လွတ်လပ်ရမည်ဟု ကျွန်တော် အာမခံဝံ့သည်။

ကျွန်တော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ် မရိုက်ခဲ့သည်ကို လူထု ကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။

ဖက်ဆစ် ဂျပန်လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံးသင့်သည့်အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်း မရှောင်ခဲ့ပါ။ ကျွန်တော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန်ခဲ့သည်။

ကျွန်တော့်အတွက်မှာ ဆိုလျှင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာမျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။

လူထု လွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့်အခါမှာ ကျွန်တော်၏ အသက်ကို စွန့်ရမှာ ကြောက်ပြီး၊ လူထုကို လမ်းလွဲ မပြခဲ့သလို၊ လူထု လွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါမှာလည်း ပါးစပ်တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှူးထိုးသမားများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ကြောက်လန့် တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။

လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း လူထုလွတ်လပ်ရေးအတွက် အတိအကျ သုံးရန် သင့်သည့်အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ် ရိုက်မနေဘဲ တော်ဖြောင့် မှန်ကန်စွာ အသုံးပြုသွားမည်ကို စိတ်ချယုံကြည်ကြပါ။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလဆန်းလောက်သို့ ရောက်သည့်တိုင်အောင် ဗမာ့လွတ်လပ်ရေးကို လမ်းမမြင် ကမ်းမမြင် ဖြစ်ခဲ့ရာမှ လွတ်လပ်ရေး စည်းမျဉ်း ရေးဆွဲနိုင်သည့် လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပေးရသည်အထိ ဗြိတိသျှ အစိုးရတို့က လျှော့ပေးခဲ့ရသည်မှာလည်း အခြားကြောင့် မဟုတ်။ ဖ၊ဆ၊ပ၊လ သည် လွတ်လပ်ရေးနှင့် ပတ်သက်လာလျှင် လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း ငဲ့ကွက် တွန့်တိုခြင်း မရှိဘဲ တော်ဖြောင့်မှန်ကန်စွာ အသုံးပြုနိုင်သည့် အစွမ်းရှိသည်ကို ဗြိတိသျှအစိုးရတို့က ကောင်းစွာ သဘောပေါက်လျက် ရှိသောကြောင့်ပင် ဖြစ်သည်။

အမှန်စင်စစ် ယခုအချိန်အထိ လူထုကြီး၏ ရှေ့တွင် ကျွန်တော် မားမားမတ်မတ် ရပ်နေနိုင်ခြင်းမှာလည်း ကျွန်တော် တော်လှ၍ မဟုတ်ပါ။ လူထုလွတ်လပ်ရေးအတွက် လမ်းမှန် ပေါ်ပေါက်လာသည့် အခါတိုင်းတွင် အသက်စွန့်ရမည်ကိုလည်း မကြောက်၊ ကဲ့ရဲ့ ရှုတ်ချ ခံရမည်ကိုလည်း မတုန်လှုပ်ဘဲ ဟုတ်တိုင်းမှန်ရာကို ကျွန်တော်ကိုယ်တိုင် ရွပ်ရွပ်ချွံချွံ ခေါင်းဆောင်၍ လုပ်ပြခဲ့သောကြောင့်ပင် ဖြစ်ကြောင်းကို တိုင်းပြည်လူထု အသိပင် ဖြစ်သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ သေရေးရှင်ရေး ဖြစ်နေသော လမ်းနှစ်ခွသို့ ဗမာလူထုကြီးသည် ရောက်ရှိနေသည့်အခါတွင် ကျွန်တော် ခေါင်းဆောင်သော ဖ၊ဆ၊ပ၊လ လမ်းသို့ပင် ဗမာလူထုကြီးသည် မမှိတ်မသုံ ယုံယုံကြည်ကြည်နှင့် လိုက်ကြရန် ကျွန်တော်ကိုယ်တိုင် ထပ်မံ၍ ညွှန်ကြားလိုက်ပါသည်။

ဖ၊ဆ၊ပ၊လ အမတ်လောင်းများထဲမှ အချို့တို့သည် လူထုက ကြိုက်နှစ်သက်သော အမတ်လောင်းများ ဟုတ်ချင်မှ ဟုတ်မည်။ တကယ်တမ်း အရွေးခံထိုက်သော ပုဂ္ဂိုလ်များလည်း ဖ၊ဆ၊ပ၊လ အမတ်လောင်းစာရင်းထဲမှ ပြုတ်ကျန်ကောင်း ပြုတ်ကျန်ခဲ့ပေလိမ့်မည်။

ကျွန်တော်တို့၌ ရရှိသော အလွန်တိုတောင်းသည့် အချိန်ကလေးအတွင်း အပြေးအလွှား စီစဉ်လိုက်ရသောကြောင့် အထက်ပါ ချွတ်ယွင်းချက်များ ပါသွားခဲ့လျှင်လည်း ဗမာ့လွတ်လပ်ရေးကြီးနှင့် ဖ၊ဆ၊ပ၊လ ၏ မျက်နှာကို ထောက်ထားကြပြီးလျှင် သည်းခံကြရန်ကို ဗမာလူထုကြီးအား ကျွန်တော် အထူး မေတ္တာ ရပ်ခံလိုက်ပါသည်။

သို့ရာတွင် မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော်တို့ ရရှိသော အလွန်တိုတောင်းသည့် အချိန်ကလေးအတွင်း၌ပင်လျှင် ကျွန်တော်တို့သည် ဗမာလူထု၏ သစ္စာကို မဖောက်ဖျက်မည့် လူများကို များများ ရနိုင်သမျှ ရအောင် အထူးကြိုးစားခဲ့ကြောင်း ကျွန်တော် အာမခံပါသည်။

ကျားနှင့် ရင်ဆိုင် တွေ့နေရသည့် အခါမျိုးတွင် တဦးကိုတဦး စိတ်ကောက်ပြီး ထိုင်နေ၍ မဖြစ်သကဲ့သို့၊ ဗမာ့ သေရေး ၊ ရှင်ရေးကြီးနှင့် ရင်ဆိုင် တွေ့နေသည့် အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲကလေးတွေကို ရိုးမယ် ဖွဲ့၍ မနေကြနှင့်။

ယခု အရေးသည် တချက် အမှားမခံသော အရေးကြီး ဖြစ်သဖြင့် လူထုကြီးသည် မိမိတို့၏ မျိုးချစ်စိတ်ဓာတ်ကို အခြားအချိန်များထက် ဤအချိန်ကြီးတွင် ထူးထူးကဲကဲ ပြသကြရန် ကျွန်တော် တိုက်တွန်းလိုက်သည်။

ယခု ကျွန်တော်၏ ညွှန်ကြားချက်များအတိုင်း လူထုကြီးသည် ဖ၊ဆ၊ပ၊လ ကို ရှေးအခါများက ကဲ့သို့ ဆက်လက် ထောက်ခံကြမည်ဆိုလျှင် လူထု၏ လွတ်လပ်ရေးသည် တနှစ်အတွင်း ရမည်မှာ မလွဲတော့ပေ။ ။

 

Google