ဗိုလ်ချုပ် အောင်ဆန်း

ထကြွမှုတွေကို စစ်တပ်နှင့် နှိမ်တန်လျှင် နှိမ်မယ်

၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ရက်နေ့၊ ပျဉ်းမနားမြို့၊ ဦးဝိသုဒ္ဓကျောင်းအတွင်း၊ တရားပွဲ၌ ဟောပြောချက်။

အရင် ကွန်မြူနစ်တွေ ထုတ်ပစ်တဲ့ ကိစ္စ ရှင်းလင်းပွဲတုန်းက တခေါက်၊ ယခုမဲကိစ္စအတွက် တခေါက်၊ ပျဉ်းမနားသို့ ရောက်သည်မှာ နှစ်ခါ ရှိပြီ။ ယခု ပျဉ်းမနား ကွန်မြုနစ်တွေကို ကြောက်နေရတယ်လို့ ပြောတယ်။ ကြောက်လို့ ခင်ဗျားတို့ အားပေးယင် ကျွန်သက်ရှည်မှာဘဲ။ ကျွန်ဘဝက ဘယ်တော့မှ တက်မှာ မဟုတ်ဘူး။

သူတို့တတွေဟာ ကိုယ့်ဗမာအချင်းချင်း သတ်ဖြတ် လုယက်၊ သူပုန်ထ၊ မီးနဲ့ရှို့၊ ဒီလိုလုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါ တော်လှန်ရေးတဲ့လား၊ နယ်ချဲ့သမားအကြိုက်ကို လုပ်နေတာဘဲ။

ယခု ပျဉ်းမနားမှာ ဆူပူသောင်းကျန်းပြီး သူပုန်ထနေတာဟာ အရင်ရောက်ရှိနှင့်တဲ့ အရာရှိများ ဝတ်တရားကို မကျေပွန်လို့ ဒီလို ဖြစ်နေတာဘဲ။ အဲဒါကို ကျုပ်တို့ ငြိမ်းအောင် နှိမ်ပြမယ်။ အောင်ဆန်း-အက်တလီ စာချုပ် မကောင်းဘူး ဆိုပြီး ကွန်မြူနစ်က ဘာဖြစ်လို့ အမတ်အရွေးခံသလဲ။ ဘာဖြစ်လို့ တဦးနှင့်တဦး စေ့စပ်နေသလဲ။ ဘာကြောင့် ညီညွတ်ကြလို့ ပြောနေတာလဲ။

ဖ-ဆ-ပ-လ နာမည်ပျက်အောင်

ဖ-ဆ-ပ-လ အစိုးရ နာမည်ပျက်အောင် ကွန်မြူနစ်တွေက သူပုန်ထ၊ ဓားပြတိုက် လုပ်နေကြတယ်။ အဲဒီလို ထကြွမှုတွေကို ငြိမ်သွားအောင် စစ်တပ်နှင့် နှိမ်တန်လျှင် နှိမ်မယ်။ ။

 

Google