ဗိုလ်ချုပ် အောင်ဆန်း

မြေစံနစ်ကို ပြုပြင် ပြောင်းလဲချင်တယ်

၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ တောင်သူလယ်သမားညီလာခံတွင် ပြောကြားသော မိန့်ခွန်း။

ကျွန်တော်တို့ဟာ မကြာခင်က ဘိလပ်ကို သွားပြီး ဗမာပြည်ရဲ့ လွတ်လပ်ရေး ရရာရကြောင်းကို နည်းလမ်းရှာတဲ့ သဘောနဲ့ သွားခဲ့တယ်။ ရွေးကောက်ပွဲကိုလဲ လာမည့် ဧပြီလမှာ လုပ်ဖို့ ရှိတယ်။ ဒီရွေးကောက်ပွဲဟာ အမတ်ရွေးကောက်ပွဲ မဟုတ်ဘဲ၊ ဗမာပြည်ရဲ့ လွတ်လပ်ရေး ကံကြမ္မာကို ဖန်တီးမည့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ဖြစ်တယ်။ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဗမာရဲ့ အနာဂတ် အုပ်ချုပ်ရေး ဥပဒေများကို ရေးဆွဲကြရမယ်။ လွှတ်တော်မှာ ပါတဲ့ ကိုယ်စားလှယ်တွေ ကစဉ့်ကရဲ ဖြစ်လျှင် ဗမာပြည် နစ်နာဖို့ဘဲ၊ တိုင်းပြည် လွတ်လပ်ရေး ထိခိုက်ဖို့ ရှိတဲ့အတွက် အင်မတန် အရေးကြီးတယ်။

လွယ်သော အလုပ်များ

ကျုပ်တို့က ဘိလပ်က ပြန်လာတဲ့နောက် ရှမ်း၊ ဂျင်းဖော၊ ချင်း စတဲ့ တောင်တန်းနယ်သားများနှင့် ညီညွတ်ဖို့ လုပ်ခဲ့ရတယ်။ အဲသည်က ပြန်လာတဲ့အခါ သပိတ်အရေးများကို ဖြေရှင်းရတယ်။ သပိတ်တွေအတွက် ကျုပ်တို့ လုပ်ငန်းတွေ နှောင့်နှေးပြီး လုပ်စရာတွေကို သိပ်ပြီး ဂရုမစိုက်နိုင်ဘူး။ အရေးကြီးတဲ့ ကိစ္စတွေ ဆောင်ရွက်ချင်သလောက် မဆောင်ရွက်နိုင်ဘူး။

လွတ်လပ်ရေး ရသောအခါ

တောင်သူ လယ်သမားတွေဟာ ဗမာပြည်မှာ လူအများစု ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ပါလာမယ်။ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေး မပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ် မရှိဘူးလို့ ယူဆတယ်။

ငွေရေး ကြေးရေး လိုတယ်

အင်္ဂလိပ်အစိုးရက ကျုပ်တို့ လက်ထဲကို အာဏာ ပေးသင့်သလောက် ပေးထားသော်လဲ အချို့ မလုပ်နိုင်တဲ့ ကိစ္စတွေလဲ ရှိတယ်၊ လုပ်နိုင်တာလဲ ရှိတယ်၊ တိုင်းပြည် အုပ်ချုပ်တယ် ဆိုတာ ငွေရေးကြေးရေး လိုတယ်။ ဒီ ငွေရေးကြေးရေးဟာ ခင်ဗျားတို့ တိုင်းသူပြည်သားများထံမှ ကောက်ခံတဲ့ အခွန်တော်တွေဘဲ။ ဒီ အခွန်တွေ ကောက်တာဟာ မှန်သလား၊ မှားသလား မစဉ်းစားသေးတော့ ဒီအတိုင်း ဖြစ်နေတယ်။

ဝင်ငွေထွက်ငွေ မမျှတ

အစိုးရရဲ့ ရံပုံငွေဟာ ကုဋေ ၂၀ သာ ရှိပြီး အသုံးစရိတ်က ကုဋေ ၄၀ ဖြစ်နေတယ်။ စစ် မဖြစ်မီတုန်းကလို ဝင်ငွေနှင့် ထွက်ငွေဟာ မမျှတသေးဘဲ၊ ခင်ဗျားတို့ကို အမတော်ကြေးငွေ များများပေးချင်ပေမဲ့ ငွေမရှိလို့ မပေးနိုင်ခဲ့ဘူး။ အမတော်ကြေး လျှော်ဖို့ ပြောတယ်။ လျှော်လိုက်ရင် ခင်ဗျားတို့ကို ထိခိုက်မှာဘဲ၊ သို့သော် သက်သာဖို့ လမ်းကို ရှာနေတာဘဲ။

မပေးဘဲ နေလို့ ရတယ်

စစ်အစိုးရ လက်ထက် ဂျပန် စက္ကူတွေ တန်ဖိုး မရှိ လို့ အင်္ဂလိပ်က ကြေညာစဉ်က ထုတ်ချေးခဲ့တဲ့ အမတော်ကြေးတွေ လျှော်ပစ်ဖို့ ကျုပ်တို့ အရေး ဆိုထားတယ်။ ရစရာ လမ်းရှိတယ်။ မရလို့ ရှိယင်လဲ ခင်ဗျားတို့ မပေးဘဲ နေလို့ရပါတယ်။ မတတ်နိုင်ပါဘူး (သြဘာသံများ)။

ကျုပ်တို့ လုပ်ချင်တာက အများကြီး၊ အချိန်လဲ မရှိ၊ ကျုပ်ဟာ ဗမာပြည်မှာ ခေါင်း အကြိမ်းဆုံးဘဲ။

တနှစ်အတွင်း မြင်တယ်

သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည် ကိစ္စတွေနဲ့ ဟိုပြေး ဒီလွှားနဲ့ အင်မတန် ခေါင်းကြိမ်းတယ်။ တိုင်းပြည် ခေါင်းဆောင် လုပ်တာ ခင်ဗျားတို့က သိပ်ပြီး စည်းစိမ်ရှိတယ် ထင်တယ်။ ကျုပ်အဖို့ ကျားမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။ သို့သော် လွတ်လပ်ရေး ရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေး ရပြီးတဲ့နောက် အနားယူရမလား မပြောတတ်သေးဘူး။ တနှစ်အတွင်း လွတ်လပ်ရေး ရဖို့ အကြောင်း မြင်တယ်။ အိန္ဒိယပြည်ကိုယ်တွေ့၊ ၁၉၄၈ ခုနှစ်၊ ဇွန်လမှာ အာဏာလွှဲဖို့ အင်္ဂလိပ်အစိုးရက ကြေညာတယ်။

လွတ်လပ်ရေး သတ်မှတ်ရန်

ကျုပ်တို့ ဗမာပြည်မှာလဲ တိုင်းပြုပြည်ပြု လွှတ်တော် ပြီးတဲ့နောက် မေလမှာ ဖ၊ဆ၊ပ၊လ အဖွဲ့ ညီလာခံကို ကျင်းပဖြစ်မယ် ထင်တယ်။ တိုင်းပြုပြည်ပြုလွှတ်တော် နောက် သုံးလေးလကြာမှာ လွတ်လပ်ရေး သတ်မှတ်နိုင်ဖို့ အကြောင်း ရှိတယ်။ အဲသည်လို တနှစ်အတွင်း လွတ်လပ်ရေး ရခဲ့လို့ရှိလျှင် ခင်ဗျားတို့ရဲ့ အခြေအနေကို ဒီထက်ကောင်းအောင် လုပ်ပေးနိုင်မယ်။

အခြေအနေကို ပြုပြင်ပြောင်းလဲချင်တယ်

ခုအခါမှာတော့ ဆင့်ပါးစပ်-နှမ်းပက်သလို ဖြစ်နေတယ်။ လုပ်ချင်သလို မလုပ်နိုင်ဘူး။ ခင်ဗျားတို့ လိုချင်ကြသလို မြေစံနစ်ကို ပြုပြင်ပြောင်းလဲချင်တယ်။ လယ်ပိုင်ရှင် စံနစ်ကို ဖြုတ်ပစ်နိုင်ဖို့ဘဲ။ အဲသည်လို လုပ်ချင်ပေတဲ့ မဖြစ်နိုင်သေးဘူး။ ဇော်ဂျီ၊ ဝိဇ္ဇာတွေလို ခင်ဗျားတို့ လိုချင်တာ တမုဟုတ်ခြင်း လုပ် မပေးနိုင်ဘူး။ ခင်ဗျားတို့ အရေးကို ကျုပ်ထက် ဆောင်ရွက်နိုင်တဲ့လူ ရှိယင် ကျုပ် ဖယ်ပေးဖို့ အသင့်ဘဲ။ ခင်ဗျားတို့ အရေးတွေကို ပြောချင်လျှင် ဆိုင်ရာ အဖွဲ့က တဆင့် ကျုပ်တို့ အစိုးရ အဖွဲ့ကို ပြောလျှင် တတ်နိုင်သလို ဆောင်ရွက်ပေးဖို့ မခဲယဉ်းပါဘူး။

နောက်ဆုံး ပြောလိုတာက၊ ခုလာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ တကယ် ဆောင်ရွက်မဲ့ လူတွေကို ဖ-ဆ-ပ-လ မှ ရွေးချယ်ပေးမယ်။ အဲဒီ အမတ်တွေကို ခင်ဗျားတို့က ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ ခရီးပန်းတာကို ဂရုမစိုက်ဘဲ အခက်အခဲများကို သည်းခံပြီး ဖ-ဆ-ပ-လ ရဲ့ အမတ်လောင်းများကိုဘဲ မဲပေးကြမယ်ဆိုယင်၊ ဗမာပြည်ကြီးဟာ တနှစ်အတွင်း လွတ်လပ်ရေး ရမှာဘဲ။ (တခဲနက် သြဘာသံများ)။ ။

 

Google