ဗိုလ်ချုပ် အောင်ဆန်း

ဒါတွေ လွတ်လပ်ရေးတိုက်ပွဲလား

၁၉၄၇ ခု၊ ဧပြီလ ၂ ရက်နေ့၊ ည ၈ နာရီ၊ ရခိုင်ပြည်နယ် မြေပုံမြို့ တွင် အလံနီ ကွန်မြူနစ် ဆရာတော် ဦးစိန္တာ ကြီးမှူး ကျင်းပသော လူထုအစည်းအဝေး ၌ ပြောကြားသော မိန့်ခွန်း အကျဉ်းချုပ်။

ယခု ကျွန်တော် လာရတာဟာ ဦးစိန္တာက ဖိတ်လို့ လာတာ ဖြစ်တယ်။ ဒီ ညီလာခံမှာ ကွဲနေကြတာကို စေ့စပ် ညီညွတ်အောင် လုပ်ဖို့ ဆိုပြီ ဖိတ်တဲ့အတွက် တခြား အရေးကြီးတာတွေကို ရွှေ့ဆိုင်းပြီး လာခဲ့ရတယ်။ ဒီကျတော့မှ တရား ဟောရုံလောက် ရှိတယ်ဆိုတာ သိရတယ်၊ လွတ်လပ်ရေးအတွက်တော့ အရင်ကလဲ တိုက်ခဲ့တယ်၊ နောက်လည်း တိုက်မှာဘဲ၊ ဒီလာတာဟာ ညီညွတ်အောင် လုပ်ဖို့ လာတာ၊ မညီညွတ်ယင် အလကားဘဲ၊ မညီယင် လွတ်လပ်ရေး မရနိုင်ဘူး။ လွတ်လပ်ရေး အဓိပ္ပာယ်ကိုလဲ နားလယ်ဖို့ လိုတယ်။ လွတ်လပ်ရေးကို တောင်းယူလို့ မရ၊ တိုက်ယူမှ ရမယ်ဆိုတာ သဘောတူတယ်၊ ဒါပေမဲ့ လွတ်လပ်အောင် လုပ်နည်း လိုတယ်။ လွတ်လပ်ရေးဆိုတာ ညီညီညွတ်ညွတ်နဲ့ အင်အားရှိမှ ရနိုင်တယ်။

သူပုန် သူပုန် ထထ အော်နေရုံနဲ့ လွတ်လပ်ရေး မရနိုင်ဘူး။ အလုပ်လုပ်တဲ့နေရာမှာ နားလည်ဖို့ လိုတယ်၊ တကယ် နားလယ်ပြီး လုပ်ယင် ၊ လုပ်တတ်ယင်၊ တနှစ်အတွင်း လွတ်လပ်ရေး ရနိုင်တယ်။ ယခုတော့ နယ်ချဲ့သမားကို ညီညွတ်စွာ ပေါင်းပြီး တိုက်ရမဲ့အစား ဗမာအချင်းချင်း တိုက်နေကြတာက ခက်တယ်။ အချို့လူတွေက ပြည်သူ့ရဲဘော်တပ်ဖွဲ့ ခေါင်းဆောင်ကို သတ်၊ ဖ၊ဆ၊ပ၊လ အဖွဲ့ ခေါင်းဆောင်ကို သတ်၊ မီးရထားကို မှောက်အောင်လုပ်၊ ဒီလို လုပ်နေတာဟာ လွတ်လပ်ရေးတိုက်ပွဲ ထင်နေတယ်။ လုပ်ပုံ မဟုတ်သေးဘူး။ သေတော့ ဘယ်သူတွေ သေသလဲ။ ဗမာတွေ သေတာဘဲ မဟုတ်လား၊ နယ်ချဲ့သမားကတော့ လက်ပိုက်ပြီး ကြည့်ရယ်နေတာဘဲ။ ဒီလို ဆိုယင် ဘယ်တော့မှ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ ။

 

Google