ဗိုလ်ချုပ် အောင်ဆန်း

လွတ်လပ်ရေးကို အလျင်လုပ်ရမည်

၁၉၄၆ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အစည်းအဝေး တွင် ပြောကြားသော မိန့်ခွန်း။

ငါတို့ ပြည်သူ့ရဲဘော် တပ်ဖွဲ့အစည်းအဝေးကို ယခုလို ရုတ်တရက် ချက်ချင်း ခေါ်ရခြင်းဟာ ကွန်မြူနစ်ပါတီ သံယောဇဉ် မကင်းတဲ့ ရဲဘော်များ တပ်ဖွဲ့မှ ထွက်ခွါသွားခြင်းကို ရဲဘော်အပေါင်း ရှင်းလင်း သိရှိဖို့ ခေါ်ရခြင်း ဖြစ်တယ်။ ကွန်မြူနစ်ပါတီ သံယောဇဉ်မကင်းဘဲ တပ်ဖွဲ့မှ ထွက်သွားတဲ့ ရဲဘော်များအတွက် အချို့ အချောင်သမား စားဖား သတင်းစာ တစောင်နဲ့ နောက် ကွန်မြူနစ် ပါတီဝင်အချို့နှင့် မကင်းဘဲ ပုဂ္ဂိုလ်ချင်း ခင်လို့မင်လို့ အားနာတဲ့ သတင်းစာတစောင် နှစ်စောင်က ပြည်သူ့ရဲဘော်တပ်ဖွဲ့ နှစ်ခြမ်းကွဲသွားပြီလို့ ရေးသားကြတယ်။

ငါတို့ဆီမှာ စာတွေ

သူတို့ ဘာကြောင့် ထွက်သွားရသလဲဆိုတဲ့ အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ဆီမှာ စာတွေ ရှိတယ်။ အဲဒီ စာတွေထဲမှာတော့ စာလေးငါး ခြောက်ကြောင်းလောက်နှင့် လူသုံးယောက် လက်မှတ် ထိုးထားတယ်။ သို့သော်လဲ သူတို့ သတင်းစာထဲ ထည့်တဲ့ ကြေညာချက်မှာ အကျယ်တဝင့် ဘာကြောင့် ထွက်ရတယ်လို့ ရေးထားတယ်။ အဲဒီလို ရေးတဲ့ အကြောင်းနှင့် ပတ်သက်ပြီး တပိုဒ်စီ ရှင်းပြမယ်။ ရရှိထားတဲ့ အတွင်းစာတစောင်ကိုတော့ ငါ မပြောတော့ဘူး။ ရှည်လဲရှည် ပါဠိလေနှင့် ရေးထားတော့ နားလည်မှာလဲ မဟုတ်ဘူး။

အိန္ဒိယနောက် လိုက်နေတယ်

တိုင်းပြည် ကြေညာချက်နှင့် ပတ်သက်လို့ ရှင်းရမယ်ဆိုလျင် ဒီကိစ္စနှင့် ပတ်သက်၍ သူတို့ ရေးနေကြတာကို ကြည့်ရတာ အိန္ဒိယပြည်မှ ကွန်မြူနစ်ခေါင်းဆောင်ကြီးများ၏ ညွှန်ကြားချက်အရနှင့် တူတယ်။ အိန္ဒိယပြည် ကွန်မြူနစ်တွေ လုပ်တဲ့ ကိစ္စနှင့် ပတ်သက်၍ ပြောရလျှင် ဆိုဗီယက်ယူနီယံကတောင် မကြိုက်ဘူး ဆိုသေးတယ်ဆိုတာကို အတွင်းကျကျ သိရတယ်။

အိန္ဒိယ လက်ျာသမားများ

အိန္ဒိယပြည်မှာ လက်ျာသမားများ ကြီးစိုးတဲ့ ကွန်ဂရက်အဖွဲ့ကြီးကို တတိုင်းလုံးတပြည်လုံး ယုံကြည်အားကိုးတယ်ဆိုတာ ဘယ်မှာ ထင်ရှားသလဲဆိုလျှင် ရွေးကောက်ပွဲမှာ ထင်ရှားတယ်။ ကွန်ဂရက်မှာ နောက်လိုက် လူထုရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ယနေ့အထိ ဒီလူထုကို ထိန်းသိမ်းထားလို့ရတာဟာ လူမျိုးရေးတရားနှင့် ကြည့်လျှင် လူမျိုးရေးအဖွဲ့အစည်း ဖြစ်တယ်။ သို့သော်လဲ လက်ျာသမားများ လွှမ်းမိုးတဲ့ အဖွဲ့ ဖြစ်တာမှန်တယ်။ အဲဒီ ကွန်ဂရက် အဖွဲ့ကြီးမှာ လူထု နောက်လိုက် ရှိတယ်ဆိုတာ ဘာကြောင့်လဲဆိုလျှင် ကွန်ဂရက်အဖွဲ့ကို ခေါင်းဆောင်တဲ့ ဂန္ဒီ၊ နေရူးတို့ဟာ လူထုလုပ်ငန်းကို သစ္စာမဖောက်ဘဲ လုပ်တယ်။ သူတို့မှာလဲ အယူအဆသဘောကွဲလွဲမှု ရှိကြတယ်။ သို့သော် ဒီကွန်ဂရက်အဖွဲ့ကြီးကို တမျိုးပေါင်း၍ အမျိုးသားတပ်ပေါင်းစုအဖြစ် ဝင်လုပ် နေကြခြင်းဘဲ။

အိန္ဒိယမှာ ထုတ်ပစ်တယ်

ဒီစစ်ကြီးအတွင်း အင်္ဂလိပ်အစိုးရနှင့် ပူးပေါင်းရေးကိစ္စဆို၍ နယ်ချဲ့စစ်ကြီးမှ ပြည်သူ့စစ်ကြီးအထိ ပြောင်းလဲသည်ဆိုပြီး စွပ်စွဲကြတာ ရှိတယ်။ အဲဒါ ငါတို့နှင့် မဆိုင်ဘူး။ နောက်ဆုံး ကွန်ဂရက်အဖွဲ့ကြီးမှာ ဆူပူသောင်းကျန်းလာတော့ ကွန်မြူနစ်တွေအကုန် ထုတ်ခံရတာဘဲ။ ငါတို့ဆီမှာလဲ စတင် လုပ်ကိုင်တုန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဗမာ့တပ်မတော်တို့ ပူးပေါင်းခဲ့ကြတယ်။ နောက်မှ ပါဝင်လာသည့် လူကြီးတွေက သိပ်များတာ မဟုတ်ဘူး၊ အင်အားလဲ မတောင့်ဘူး။

သစ္စာဖောက်နေကြတယ်

ယခု ကွန်မြူနစ် လက်ျာသမားများက လက်ဝဲသမားများအား ဖျက်ဆီးဖို့ လုပ်နေတယ်။ အဲဒီလို အခါမှာ အိန္ဒိယပြည် အခြေမျိုးကို သူတို့က ပြောဆိုတယ်။ သူတို့က အိန္ဒိယပြည်လို မထူးတဲ့ အခြေအနေကို ဗမာပြည်က ယူ၍ အိန္ဒိယပြည် ကွန်မြူနစ်၊ ပီ၊ စီ၊ ဂျိုရှီ လမ်းညွှန်မှုကို လိုက်နေတယ်။ မရှိတဲ့အားကို ရှိလေဟန် ပြောဆို လုပ်ကိုင်နေတယ်။ သူတို့ဟာ တိုင်းပြည်အရေးတော်ပုံ၊ လွတ်လပ်ရေး အရေးတော်ပုံတွေမှာ ကာယကံမြောက်အားဖြင့် သစ္စာဖောက်နေတယ်။ သူတို့ စကားတွေနဲ့ ပြောရယင် အိန္ဒိယ အခြေအနေကို ဗမာပြည် ယူလာပြီး လုပ်နေတဲ့ဟာ ဗမာပြည်မှာ ရှိတဲ့ ဘဝနှင့် ကင်းကွာပြီး ဗမာပြည်ရဲ့ ဘဝ အသိဥာဏ်နှင့် မလုပ်ကြတဲ့သဘောဘဲ၊ အဲဒါ သူတို့ ကွန်မြူနစ်တွေရဲ့ စကားနှင့် အပြောဘဲ။

ဖ၊ဆ၊ပ၊လ အကြောင်း

ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးဟာ နယ်ချဲ့သမားကို အပြုတ်တိုက်ရေးမှာ စေ့စပ်ရေးလမ်း လိုက်တယ်ဆိုပြီး ပြောနေတယ်။ သို့သော်လဲ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးဟာ မိမိ မူလ ရည်ရွယ်ချက်အတိုင်း မဖျက်ဘဲ ဆောင်ရွက်နေတဲ့အတွက် လူထု ယခုတိုင် ရှိသေးတယ်ဆိုတာ အထင်အရှားဘဲ။ နယ်ချဲ့သမားကို ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က မတိုက်ဘူးဆိုတာ မဟုတ်ဘူး။ စေ့စပ်ရေးလမ်းကို လိုက်ယင် ကွန်မြူနစ်တွေက ဘာကြောင့် မတိုက်သလဲ။ ဒီစေ့စပ်ရေးနည်းလမ်းကို ဖ၊ဆ၊ပ၊လ က လိုက်သလား၊ မလိုက်ဘူးလား ခင်ဗျားတို့ ကြည့်ပါ။ စီတန်းလမ်းလျှောက်ဖို့အတွက် အစိုးရထံ အမိန့်တောင်းခံတာဟာ ကွန်မြူနစ်ရဲ့ အကြံပေးချက်ဘဲ။ ဒီလို စီတန်းလမ်းလျှောက်ရုံနဲ့ နယ်ချဲ့ တိုက်ဖျက်ရေးလို့ မယူဆနိုင်ဘူး။ အဖွဲ့ချုပ်ကြီးက အစိုးရအဖွဲ့ထဲ ပါဝင်ခြင်းသည် စေ့စပ်တယ်လို့ ခေါ်မလား။ ကွန်မြူနစ်ပါတီ အထုတ်ခံရခြင်းကို ဘာကြောင့် မကန့်ကွက်သလဲ။ အဘယ်ကြောင့် ရာထူးနှစ်နေရာ တောင်းသလဲ မေးယင် ဘယ်လို ဖြေမလဲ။ ဘုရင်ခံ ထွက်ခိုင်းလို့ ထွက်ရတာကို ကျုပ်ထွက်လို၍ ထွက်တယ်ဆိုခြင်းဟာ ဘာသဘောလဲ။

အပြစ်တခု ဖော်ခြင်း

မိမိတို့ လိုလားချက်များကို ဆောင်ရွက်သွားရာ၌ ရည်ရွယ်ချက်အားဖြင့် လမ်းလွဲ လုပ်ခြင်းသည် လုပ်နည်းတမျိုးသာ ဖြစ်တယ်။ တဦးနှင့်တဦး အေးချမ်းသာယာစွာ လုပ်ကိုင်ခြင်းသာ စေ့စပ်ရေး ဖြစ်တယ်။ ၎င်းလမ်းကို ကွန်မြူနစ်တို့သာ လိုက်နေခြင်း ဖြစ်တယ်။ တရံရောအခါက ‘ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး’ကို ကွန်မြူနစ် ခေါင်းဆောင်များက ‘ပြည်သူ့လွတ်လပ်ရေး’ စကားလုံးကို မတော်ဟု ဆို၍ အဖြုတ်ခိုင်းခြင်း မဟုတ်ပါလော။

သခင်စိုး ဘယ်လမ်းလဲ

ယခုအခါမှာ အချုပ်အချာ အာဏာပိုင် နိုင်ငံကလေးများ မရှိဘူး ဆိုတာကို ကွန်မြူနစ်တွေ ရေးပြီး သခင်စိုး ဝေဘန်ထားတာ ရှိတယ်။ ဒီလူတွေ ဒီလိုလမ်းမှားတွေ လိုက်နေတာဘဲ။ ကျုပ်တို့ဖက်မှာ တယောက်မှ မရှိဘူး။ သူတို့ဘဲ လမ်းလွဲတွေ လိုက်နေတယ်။ အေးချမ်းသာယာစွာ လွတ်လပ်ရေး ရယူဖို့ကို မမှိတ်မသုန် ယုံကြည်တယ်ဆိုတာလဲ သူတို့ဘဲ။ ဖ၊ဆ၊ပ၊လ၊ အဖွဲ့ချုပ်ဟာ လုံးဝ လွတ်လပ်ရေးကို လုပ်နေတယ်။ လမ်းလွဲကို မလိုက်။ ကွန်မြူနစ်သာ နယ်ချဲ့သမားနှင့် ပေါင်းသင်း၍ ဖ၊ဆ၊ပ၊လ ကို ဆန့်ကျင်ပြီး လုပ်ကိုင်နေတယ်။

လက်ကိုင်တုတ် မလုပ်နှင့်

ငါတို့ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးအား လမ်းမှန်လိုက်၍ ယုံကြည်စွာ အားပေး ထောက်ခံခြင်း ဖြစ်တယ်။ ကွန်မြူနစ်ပါတီကောင်းစားရေးအတွက် လက်ကိုင်တုတ် လုပ်ခြင်းကို ဒို့မထောက်ခံနိုင်။ ငါတို့သည် လူထုတိုက်ပွဲများ၌ ပါဝင်ခဲ့တယ်။ ရှေ့တွင်လည်း ဆက်လက် ပါဝင်ရန် ဖြစ်တယ်။ ပါတီတခု နာမည်ရဖို့ ငါတို့ အားမပေး၊ ယခုလည်း အားမပေး၊ နောက်လည်း အားမပေး။

အာဏာရှင် စွပ်စွဲတာ

ရဲဘော် တပ်ဖွဲ့ ညွှန်ကြားချက်တွေကို လာပြတာဘဲ ရှိတယ်။ ထုတ်တဲ့အမိန့် ညွှန်ကြားချက်ဟာ အမှုဆောင်နှင့် ဗိုလ်မှူးအောင်တို့ဘဲ ရှိတယ်။ ထုတ်တဲ့အခါမယ်၊ ကွန်မြူနစ်က လူတွေနဲ့ဘဲ တိုင်ပင်ပြီး ထုတ်တယ်။ အချို့ ညွှန်ကြားချက်တွေကို ကွန်မြူနစ်တွေက ဗဟိုကို အကြောင်းမကြားဘဲ ထုတ်လို့ နယ်ကိုယ်စားလှယ်တွေနှင့် စကားများကြတယ်။ အဲဒီအတွက် နောက်ညွှန်ကြားချက် ထုတ်လျှင် ငါ့အား လာပြရမယ်ဆိုတာ အာဏာရှင်လို့ စွပ်စွဲနာ မင်းတို့ဘဲ စဉ်းစားကြ။

လောင်းရိပ်မိနေလို့

ယခု ထွက်ခွါသွားတဲ့ ရဲဘော်တွေဟာ ကွန်မြူနစ် ခေါင်းဆောင်တွေရဲ့ လောင်းရိပ်မိနေတယ်။ ငါတို့က ပြည်သူ့လွတ်လပ်ရေးကို အဓိက ထား၍ ဆောင်ရွက်ခြင်းမှာ သူတို့ ဆွဲခေါ်ရာ မပါလို့ ထွက်သွားခြင်းသာ ဖြစ်တယ်။ ပြည်သူ့ရဲဘော် နှစ်ခြမ်းကွဲခြင်း မဟုတ်။ သူတို့က ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖောက်ထွင်းဖို့ လုပ်နေတာ၊ ငါ့ထက် ရဲဘော်များ ပိုသိပါတယ်။ အဲဒီလို ဖြစ်တာကို အချောင်သမား စားဖားကြီး သတင်းစာနဲ့ ကွန်မြူနစ် အနံ့မကင်းတဲ့ သတင်းစာများ ရေးတာကို ရဲဘော်များ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုတယ်။ အခု ခွဲထွက်သွားတဲ့ ရဲဘော်ထဲက အချို့ တော်တဲ့ ရဲဘော်များကို နှမြောပါတယ်။ သို့သော် မတတ်နိုင်ဘူး။ ရှေ့ကို ဆက်လက် ဆောင်ရွက်ဖို့ အနယ်နယ်အရပ်ရပ် တပ်ဖွဲ့များမှ ကွန်မြူနစ် သံယောဇဉ် မကင်းသူများကို ဖယ်ရှား၍ ငါတို့ လုပ်စရာ ရှိတာကို ဆက်လက် လုပ်ကိုင်ရမယ်။ မကြာခင် ပြန်လည် ညွှန်ကြားချက်တရပ် ထုတ်ဖို့ကို စီစဉ်မယ်။ ကွန်မြူနစ် ကြေညာချက်တွေထဲ အကုန်လုံး ရှင်းပြီး၊ ကွန်မြူနစ်တွေက တမူးဖိုး လုပ်ပြီး သုံးမတ်ဖိုးလောက် အသားယူချင်တာ။

ကွန်မြူနစ်ကို ငါလုပ်တယ်

ပြောစရာတွေကလဲ အများကြီး၊ ကုန်မှာ မဟုတ်ဘူး၊ မှတ်ထားကြ၊ ဒီကွန်မြူနစ်ပါတီ ကြီးပွားအောင် ငါလုပ်ပေးတာပါ။ နောက်ဆုံး သူတို့ကိုယ်သူတို့ သွေးနထင်ရောက်ပြီး ထင်ရာ လုပ်နေတယ်။ တော်လှန်ရေးကိစ္စမှာလဲ စီစဉ်ချက်တွေကို ထိရောက်အောင် မလုပ်ဘဲ အနုပဋိလောမ သဘောအရ၊ ဘာအရနှင့် ပြောနေတယ်။ ဟိုတုန်းကသာ ကျကျနန ထိထိရောက်ရောက် လုပ်ကိုင်လျင် အခု ဒို့ဗမာပြည်ဟာ အင်ဒိုနီးရှားထက် သာမယ် မှတ်ထား။

သူတို့ နှောင့်ရှက်လို့

သူတို့ နှောင့်ရှက်မှုကြောင့် လွတ်လပ်ရေး နှောင့်နှေးပြီး လာတယ်။ သူတို့ ပါတီအရေး ပဌမ၊ တိုင်းပြည်နှင့် လွတ်လပ်ရေး ဒုတိယ လုပ်နေတယ်။ ဒို့က ဒါကို မကြည့်နိုင်ဘူး။ တိုင်းပြည်နှင့် လွတ်လပ်ရေးကို အလျင် လုပ်ရမယ်။ ဟိန်းဟောက်နေလို့လဲ အလကားဘဲ။ စီတန်းလမ်းလျှောက်ရုံနှင့် မပြီးဘူး။ လူထု သွေးစည်းမှု လုပ်ငန်းများနှင့်တကွ ဗဟိုဦးစီးအဖွဲ့ ကြေညာချက်အတိုင်း အစစအရာရာ စီစဉ်ဆောင်ရွက်ရမယ်။ ဗမာပြည်ဖွား တိုင်းရင်းသားများ စုပေါင်းမိအောင် လုပ်ရမယ်။ လွတ်လပ်ရေး တိုက်ပွဲ လုပ်ငန်းဟာ လွယ်လွယ်နှင့် မရသေးဘူး။ တိုင်းရင်းသားများ ပါဝင်လာအောင် ဆောင်ရွက်ရမယ်။ အဲဒီအတွက် ငါတို့၏ ပြည်သူ့ရဲဘော် ယာဉ်ရထားကြီးကို ခရီးဆုံးတိုင် မောင်းနှင်၍ ဗမာပြည် လွတ်လပ်သည်အထိ ဆောင်ရွက်မယ်ဆိုတာ သစ္စာ အဓိဌာန်ပြုပြီး ဆက်လက် ချီတက်ကြစို့။ ။

 

Google