ဗိုလ်ချုပ် အောင်ဆန်း

ရွေးကောက်ပွဲ သတိပေးချက်*

၁၉၄၇ ခုနှစ်၊ မတ်လ၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲအပေး မမှားကြရန် နှိုးဆော်သော အသံလွှင့်မိန့်ခွန်း။

ယနေ့ည ကျွန်တော် ပြောချင်တဲ့ အကြောင်းတွေကတော့ ဧပြီလ ၉ ရက်နေ့ ကျင်းပမည့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအကြောင်းနှင့် အခြား သက်ဆိုင်ရာ အကြောင်းတွေပါဘဲ။

လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဖျက်လိုဖျက်ဆီး လုပ်ကြမယ်ဆိုတဲ့လူတွေ ပေါ်ယင်တော့ အဲဒီလူတွေဟာ တိုင်းပြည် ရန်သူ နံပါတ် ၁ တွေဘဲ။ လွတ်လပ်ရေး ဆုံးဖြတ်ရမည့် တိုင်းပြုပြည်ပြုလွှတ်တော် မလိုချင်ဘူးဆိုတဲ့လူတွေကို အားပေးမည်ဆိုတဲ့လူတွေဟာလဲ တိုင်းပြည် ရန်သူတွေဘဲ။ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ လူတွေဟာ ရှေ့ရှောက် သူတို့ မင်းသားကြီး မလုပ်နိုင်ကြမည့် အရေး မြင်လို့ ဗမာပြည် ဘာဖြစ်ဖြစ်ဆိုပြီး လုပ်ချင်တဲ့ လူတွေဘဲ။

ယခု တိုင်းပြုပြည်ပြု လွှတ်တော်ကို ဧပြီလမှာ ရွေးပြီး၊ ဇွန်လလောက်မှာ ကျင်းပယင် သုံး၊လေး၊ ငါးလလောက် အတွင်း လွတ်လပ်တဲ့ ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲ ဆုံးဖြတ်နိုင်မည်။ အဲဒီအခါ ဘိလပ် ပါလီမန်လဲ အစည်းအဝေးရှိတဲ့ အချိန် ဖြစ်မယ်။ ကျုပ်တို့က ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲပြီးတာနဲ့ တပြိုင်နက်၊ ဘယ်နေ့ ဘယ်ရက်မှာ ကျုပ်တို့ လက်ကို အာဏာ လွှဲပါ ဆိုတာ သတ်မှတ်ပြီး၊ ဗြိတိသျှ အစိုးရနှင့် အရေးဆိုရမယ်။ ကျုပ်တို့ အရေး မဆိုရခင်ဘဲ ဗြိတိသျှ အစိုးရက အိန္ဒိယမှာလို ရက်ကန့်သတ် ပေးချင်လဲ ပေးမှာဘဲ။ ဒီကိစ္စဟာ ခက်မယ်လို့ ကျုပ် မထင်ဘူး။ သူတို့နှင့် စာချုပ် ချုပ်တဲ့ နေရာမှာသာ ခက်ချင် ခက်လိမ့်မယ်။ သူတို့က ကျုပ်တို့ ဆုံးဖြတ်ချက် ဥပဒေကိုတော့ ပြင်မှာ မဟုတ်ဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ လွတ်လပ်ရေးကို မူးတင်း ပဲတင်း ဖြစ်အောင် စာချုပ်ထဲမှာ ချုတ်ချယ်ချက်တွေ ကျုပ်တို့ သဘောမတူဘဲ ထည့်ချင်ထည့်မှာကိုသာ ကျုပ်တို့ တိုက်ဖျက်ရလိမ့်မယ် ထင်တယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ကို ရွေးပြီးတဲ့အခါ အဲဒီ လွှတ်တော်က လွတ်လပ်ရေး ဆုံးဖြတ်ပြီး လွတ်လပ်ရေး တိုက်ပွဲ လုပ်စရာ ရှိလို့ လုပ်ရတယ် ဆိုယင် ပိုပြီး ကျုပ်တို့ အရေးဟာ အားရှိမှာ အမှန်ဘဲ။ ယနေ့အထိ လွတ်လပ်ရေး လုပ်ငန်းကို အကောင်အထည်နှင့် မြင်အောင် လုပ်လာတာ ကျုပ်တို့သာ လုပ်နိုင်တာဘဲ။ ကျုပ်တို့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကလဲ လာမည့် ရွေးကောက်ပွဲမှာ ကျုပ်တို့ တင်တဲ့ အမတ်လောင်း အားလုံးကို ခင်ဗျားတို့ တိုင်းသူပြည်သားတွေကသာ ရွေးမယ်ဆိုယင် တနှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်လို့ အာမခံပြီးဘဲ။

ဒါဖြင့် လာမဲ့ ရွေးကောက်ပွဲ ဖျက်ချင်တဲ့လူတွေက ဘာပြုလို့ ဖျက်ချင်တာလဲ။ အခြားကြောင့်တော့ မဟုတ်ဘူး။ လွတ်လပ်တဲ့ ဗမာပြည်မှာ သူတို့တတွေဟာ တသက်လုံး မြုပ်တော့မဲ့ အရေးကို တွေးတွေး မြင်တိုင်း သူတို့ဟာ မစားရတဲ့အမဲ သဲနှင့် ပက်ချင်လို့ဘဲ။ ကနေ့ည ကျွန်တော် ဗေဒင် ဟောထားနှင့်မယ်၊ မှန် ၊မမှန် ရှေ့ဖြစ်တဲ့ အဖြစ်အပျက်တွေက သက်သေခံပါလိမ့်မယ်။ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာ တိုင်းပြည်က လက်ဝဲဂိုဏ်းအများ ပါဝင်ပြီး၊ တိုင်းပြည်အတွက် တကယ် လုပ်ခဲ့တဲ့ လူငယ်အများ ပါဝင်တဲ့ ဖ၊ဆ၊ပ၊လ အမတ်လောင်းတွေကိုသာ ရွေးလိုက်တယ်ဆိုယင်၊ ရှေ့ရှောက်ပြီး ရှေးက ဗမာပြည်မှာ လူညွန့် ခူးစားနေတဲ့ နိုင်ငံရေး စားဖားကြီးတွေ တသက်လုံး မထနိုင်တော့ဘူးလို့ ဗေဒင် ဟောထားချင်တယ်။

သို့သော် တခုတော့ ပြောချင်တယ်။ လူငယ် နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တဦးနှင့်တဦး ညီညီညွတ်ညွတ် လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမှ မဟုတ်ယင် လွတ်လပ်တဲ့ ဗမာပြည်ဟာ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ ဖျက်မယ်ဆိုတဲ့ လူတွေကိုတော့ ကျုပ်တို့ အစိုးရကလဲ ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာဘဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင် ရွေးကောက်တဲ့ နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တို့ အစိုးရက နှောင့်ရှက်မှာ မဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီး လုပ်တဲ့လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာဘဲ ဆိုတာ ရှင်းရှင်းကြီး သတိပေးထားပါရစေ။

ပြီးတော့ ဖ၊ဆ၊ပ၊လ အမတ်လောင်း စာရင်းနှင့် ပတ်သက်ပြီး ကျွန်တော် ပြောပြချင်တယ်။ ဖ၊ဆ၊ပ၊လ အမတ်လောင်းတွေကို ရွေးတုန်းက ပဌမ သူတို့ကို ဟင်္သာတ ဦးမြ၊ ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ ဦးဗဆွေ၊ ဗိုလ်မှူးအောင် တို့ ပါတဲ့အဖွဲ့က ရွေးချယ်တယ်။ ပြီးတော့ သခင်နု၊ မြန်မာ့အလင်း ဦးတင်နှင့် ကျွန်တော် ပါတဲ့အဖွဲ့က ဆုံးဖြတ်တယ်။ ရှင်းရှင်းဘဲ ကျွန်တော် ပြောပြမယ်။ လူပေါင်း ၂,၀၀၀ ကျော် စာရင်း သွင်းထားတဲ့အနက် ၂၀၀ လောက်သာ ရွေးရမှာ ဆိုတော့ ၁,၈၀၀ ကျော် လူစုထဲက မကျေနပ်တဲ့လူတွေ အများ ရှိမယ် ဆိုတာ ကျုပ်တို့ မြင်ပြီးဘဲ။ ပြီးတော့ အချောင်သမား စားဖားတွေ၊ သာယာစီးတွေကလဲ ဖ၊ဆ၊ပ၊လ ထဲမှာ ခလောက်ဆန်ဖို့ ပြည်သူ့ရဲဘော်နှင့် လက်ဝဲဂိုဏ်းသားအချင်းချင်း တိုက်ပေးဖို့ လုပ်မှာဘဲ ဆိုတာလဲ ကျုပ်တို့ မြင်ပြီးဘဲ။ သို့ပေမဲ့ ကျုပ်တို့ဟာ ခေါင်းဆောင်တွေပီပီ ကောင်းတယ်၊ မှန်တယ် ထင်တာကို ရဲရဲကြီး ဆုံးဖြတ်လိုက်တာဘဲ။ ကျုပ်တို့ ရွေးတဲ့လူတွေထဲမှာ အရည်အချင်းရှိတယ်ဆိုတဲ့ လူတွေ ခြောက်ဆယ်လောက် ပါတယ်။ အဲဒီအထဲက တချို့ကိုတော့ဖြင့် ကျုပ်တို့ စိတ်ချလို့ ရွေးတာ မဟုတ်ဘူး။ စိတ်မချပေမဲ့ သူတို့ဟာ လူနဲစုဘဲ၊ သူတို့ကို သုံးရမဲ့ နေရာတွေလဲ ရှိသေးတယ်။ ကျန်တဲ့ လူတွေကိုတော့ အလုပ်လုပ်တဲ့ လူတွေ၊ စိတ်ချရတဲ့လူတွေ၊ နယ်က တင်တဲ့လူတွေ ၊ ဖြစ်နိုင်သမျှ ဖြစ်အောင် ရွေးတာဘဲ။ နယ်က တင်တဲ့ လူတွေထဲက ကျုပ်တို့ သေသေချာချာ မသိတဲ့ လူတွေကျတော့ မရွေးဘူး။ သေချာတဲ့ လူတွေကိုမှဘဲ ရွေးတယ်။ နယ်ကို ပြန် မေးနေဖို့ အချိန်လဲ မရဘူး။ ဒါလဲ နယ်တွေက မူလတုန်းက စာရင်းကောင်းကောင်း မပေးကြဘူး။ ပေးပြန်တော့ ကပ်ပြီးမှ ပေးကြတယ်။ ဒါဟာ နယ်တွေရဲ့ အပြစ်လဲ ပါသလောက် ပါတယ်။ ကျုပ်တို့ ရွေးတဲ့ စာရင်းမှာ စားဖားကြီးတွေ အတော် များများ ဖြုတ်ပစ်ခဲ့တယ်။ သူတို့ မကျေနပ်ကြဘူး။ ဒါပေမဲ့ လူငယ်ပိုင်း လက်ဝဲသမားတွေကို မြှောက်ပေးရုံက လွဲပြီး သူတို့ ခေါင်းမထောင်ရဲဘူး။ လူငယ်တွေက အကင်း ပါးဖို့ လိုတယ်။ ဖ၊ဆ၊ပ၊လ ထဲမှာ ရှိတဲ့ လူငယ်တွေကသာ တောင့်ပြီး အလုပ်လုပ်ကြပါ။ ယခု ကျုပ်တို့ ရွေးလိုက်တဲ့ အမတ်လောင်းတွေကို တခဲနက် အားပေးပြီး၊ တင်သမျှ အမတ်လောင်း အားလုံး အရွေးခံရအောင်သာ ကြိုးစား ဆောင်ရွက်ကြပါ။ အိန္ဒိယပြည်မှာ တင်သမျှ အမတ်တွေ အားလုံး အရွေးခံရအောင် လုပ်နိုင်ယင် ၊ ငါတို့ ပြည်မှာကော ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့ အမတ် အားလုံး အရွေးခံရယင် အဲဒီအထဲမှာ နဲနဲပါးပါး အချောင်သမားတွေ ရှိတောင် အရေး မကြီးပါဘူး။

နယ်မှာ တွေ့မည့် အခက်အခဲက နှစ်ရပ် ရှိတယ်။ နယ်က မသိတဲ့အမတ်လောင်းနှင့် နယ်က တယ်မလေးစားတဲ့ အမတ်လောင်းကိစ္စ နှစ်ရပ်ဘဲ။ နယ်က မသိတဲ့ အမတ်လောင်းကိစ္စကိုတော့ နယ်သိတဲ့ အမတ်လောင်းချည်း ဖြစ်ဖို့မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ သို့သော် ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်များ၊ ပုဂ္ဂိုလ်များက သိအောင် လုပ်ပေးရမယ်။ နယ်က တယ် မလေးစားတဲ့ လူတချို့ကိုတော့ ဘုရားလက်ထက်က ဥပမာအတိုင်း အားပေးကြရလိမ့်မယ်။ ဘုရားလက်ထက် မဟာဒုတ် ဆွမ်းကျွေးတဲ့အခါ အလဇ္ဇီရဟန်းတပါးကို သူဌေးကြီးတဦးက မဲ ကောက်မိလျက်သား ဖြစ်နေတယ်။ သို့ပေမဲ့ သံဃာကို ကြည်ညိုသောအားဖြင့် အဲဒီရဟန်းကို ကောင်းကောင်း ပင့်လာပြီး ကောင်းကောင်းဘဲ ဆွမ်းကျွေး လွှတ်လိုက်တယ်။ အဲဒီအခါ အလဇ္ဇီရဟန်းက ငါတော့ဖြင့် အမဲဖမ်းမိပြီလို့ ထင်သွားပြီး၊ နောက်တခါ သူဌေးကြီးဆီ လာပြီး တူရွင်း လာငှားတယ်။ အဲဒီအခါ သူဌေးကြီးက ခြေထောက်နဲ့ ညှပ်ပြီး ရော့ ဆိုပြီး တူရွင်းကို ပစ်ပေးလိုက်တယ်။ ဒီအခြင်းအရာကို သူဌေးကြီး မိတ်ဆွေက မြင်တော့၊ ခင်ဗျား အရင်တခါတုန်းကတော့ ဒီရဟန်းကို ခြေဆုပ်လက်နယ် ပြုပြီး အသွားအပြန် အိမ်ပေါက်ဝထိ သပိတ် ထမ်းပို့တယ်။ ဒီတခါတော့ ခင်ဗျားလုပ်ပုံဟာ ဆန့်ကျင်လှချေလား မေးတော့၊ သူဌေးကြီးက ဘယ်လို ပြန်ပြောသလဲဆိုယင် ဒီရဟန်းဟာ အလဇ္ဇီရဟန်းဆိုတာ ငါသိတယ်။ အရင်တခါတုန်းက ငါပင့်လာတာ ပုဂ္ဂိလ်အနေနဲ့ ပင့်လာတာ မဟုတ်ဘူး၊ သံဃာရဲ့ ကိုယ်စားလှယ်တဦးအနေနှင့် မဟာဒုတ် မဲရလာလို့ သံဃာကို ကြည်ညိုတဲ့အနေနဲ့ ဆွမ်းလုပ်ကျွေးလိုက်တာဘဲ။ ဒီတခါ သူလာတာဟာ သူ့သဘောနဲ့သူ လာတာဘဲ။ သံဃာနှင့် မဆိုင်ဘူး။ ဒါကြောင့် ငါ မကြည်ညိုယင် မကြည်ညိုဘဲ နေနိုင်တယ်လို့ ဘုရားဟောအတိုင်း လုပ်တာဘဲ လို့ ပြန်ပြောတယ်။ အဲဒီအတိုင်းဘဲ ဖ၊ဆ၊ပ၊လ အမတ်လောင်းအဖြစ်နဲ့ အရွေးခံရတဲ့ အချောင်သမား တယောက်တလေကို ဖ၊ဆ၊ပ၊လ ရဲ့ စည်းကမ်းကို ရိုသေသောအားဖြင့်၎င်း၊ ဖ၊ဆ၊ပ၊လ က တနှစ်အတွင်း လွတ်လပ်ရေး ရအောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်စေလိုသော အားဖြင့်၎င်း ကူညီဆောင်ရွက် ပေးရမယ်။ ဖ၊ဆ၊ပ၊လ အပြင်ဖက် ရောက်သွားတဲ့လူကိုတော့ ဘယ်သူ့ကိုမဆို နယ်ကလူတွေ ကြိုက်ရာ လုပ် ကြပေတော့။ အဲဒါဘဲ အမတ်လောင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တယ်။

ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ် ဆုံးဖြတ်ချက် မနာခံနိုင်ဘူးဆိုတဲ့ အဖွဲ့နှင့် ပုဂ္ဂိုလ်မှန်သမျှကိုတော့ ကျုပ်တို့ ထုတ်လဲပစ်ရမယ်။ လူထုကိုလဲ ဖွင့်ချရမှာဘဲ။ ဗိုလ်ချုပ်ကိုတော့ ကြည်ညိုပါတယ်၊ ဖ၊ဆ၊ပ၊လ ကိုတော့ ကြည်ညိုပါတယ်၊ လူမသိလို့ပါ၊ လူမကြိုက်လို့ပါ ဆိုတဲ့ ဆင်ခြေမျိုးကိုတော့ ကျုပ်တို့ မလိုချင်ဘူး။ ဒါပြောနေကျ စကားတွေဘဲ။ ဖ၊ဆ၊ပ၊လ ကို ကြည်ညိုယင် ဖ၊ဆ၊ပ၊လ အဆုံးအဖြတ်ကို လိုက်နာမှ ကြည်ညိုရာ ရောက်တယ်။ အရွေးခံရတဲ့အခါ ဖ၊ဆ၊ပ၊လ ဖက်မှ နေပါ့မယ်ဆိုတဲ့ စကားမျိုးတွေဟာ ရိုးနေပြီ။ ကျုပ်တို့ မယုံဘူး၊ ရှင်းရှင်းဘဲ။ အာဏာရှင်ဆံတယ်၊ ဘာတယ် ပြောမနေနှင့်၊ အမတ်လောင်း ရွေးချယ်တဲ့ ကိစ္စမှာ စည်းကမ်း ရှိအောင် မလုပ်နိုင်ယင် ငါးပွင့်ဆိုင် ဖြစ်သွားမယ်။ သတိထားကြ။ လူထုက မကြိုက်ဘူး။ ဘာဘူး ပြောမနေကြနှင့်။ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင်တွေဘဲ။ လူထုကို နားလည်အောင် ပြောဖို့ဟာ ကျုပ်တို့ ဝတ်တရားဘဲ။ စစ်မရောက်ခင်က မြှားကုန်တဲ့စကားမျိုး ပြောတဲ့လူတွေဟာ တော်လှန်ရေးသမားတွေ မဟုတ်ဘူး။ ဘယ်လို ခက်ခက်ခဲခဲ မလျှော့တမ်း ကျုပ်တို့ နိုင်အောင် တိုက်ရမယ်။ လူမိုက် လုပ်မည် ကြံတဲ့ ရန်သူတွေကို လူမိုက်နည်းနဲ့ဘဲ တုံ့ပြန်ရလိမ့်မယ်။ လူလိမ်မာ လုပ်ပြီး လိမ်မဲ့ ရန်သူတွေကို လူလိမ်မာနည်းတွေနဲ့ဘဲ ပြန် တိုက်ရမယ်။ နိုင်ငံရေးဟာ နိုင်ငံရေးဘဲ။ နိဗ္ဗာန်ရောက်အောင် လုပ်နေကြတာ မဟုတ်ဘူး။ သို့သော် ငါတို့က စပြီး မညစ်ပတ်ပါနှင့်။ မမိုက်ကြပါနှင့်။ မမှုလောက်တဲ့ နေရာမှာလဲ အရေး မစိုက်နှင့်၊ လျစ်လျူရှုထားကြဖို့ လိုတယ်။

နောက်ဆုံး ပြောချင်တဲ့အချက်တွေကတော့ တိုင်းပြည် လူထုနှင့် တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား အားလုံးကို ပြောပြချင်တယ်။ တိုင်းပြည်လူထုဟာ ဖ၊ဆ၊ပ၊လ အမတ်လောင်းများ အကြောင်းကို ဖြစ်ဖြစ်၊ ဖ၊ဆ၊ပ၊လ အကြောင်း ဖြစ်ဖြစ်၊ ဘယ်သူ ဘယ်လို လာပြီး လှည့်ဖြားပြောပြော မယုံကြနှင့်၊ ခင်ဗျားတို့အပေါ် သစ္စာရှိရှိ၊ ခင်ဗျားတို့အတွက် ဒီလောက် လုပ်လာတာ ဒီ ဖ၊ဆ၊ပ၊လ က လွဲလို့ ဒိပြင် ဘယ်အဖွဲ့ ရှိလို့လဲ။ ဒီတခါ မဲထည့်မမှားကြနှင့်။ ပေးသမျှယူ၊ ကျွေးသမျှစား၊ မော်တော်ကားနှင့် ခေါ်ယင် တက်စီး၊ ပြီးတော့ ဖ၊ဆ၊ပ၊လ မဲပုံးတွေထဲသာ မဲထည့်ကြ၊ မဲ ဘယ်လို ထည့်ရမလဲဆိုတာလဲ သေသေချာချာ မေးထားကြဦး၊ မဲ အထည့်မမှားကြစေနှင့်။

ဗမာပြည်ရှိ တိုင်းရင်းသားတွေကိုလဲဘဲ ပြောချင်တယ်။ တိုင်းရင်းသား လူနဲစုတွေအပေါ် ကျုပ်တို့ ဖ၊ဆ၊ပ၊လ ဟာ လက်တွေ့အားဖြင့် သဘောထား ဘယ်လိုကြီးတယ်ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် မြင်တယ် မဟုတ်လား။ တာနဲ့ သည့်ပြင်လူတွေနဲ့ ပေါင်းချင်တယ် ဆိုယင် ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ ကံဘဲ။ ကျုပ်တို့ကတော့ တိုင်းရင်းသားတွေအပေါ် မေတ္တာ မပျက်၊ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေး မှန်သမျှ ရအောင် တိုင်းပြုပြည်ပြု လွှတ်တော်မှာ ကူတိုက်ပေးမှာဘဲ။

တိုင်းရင်းသားတွေဆိုလို့ ဗမာပြည် တိုင်းရင်းသား သွေး မပါပေမဲ့ ဖ၊ဆ၊ပ၊လ လုပ်ချင်ကြတဲ့ တရုပ်နဲ့ အိန္ဒိယ အမျိုးသားများကိုလဲ တိတိလင်းလင်း ပြောချင်တယ်။ ဗမာဖြစ်ချင်ယင် ဗမာလို လုပ်ပါ။ ဗမာလို လုပ်ယင် ဗမာလို ခံစားရမယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်ဖို့ များသလဲဆိုတာ ခင်ဗျားတို့ သိမှာဘဲ။ ဒီအထဲက ခင်ဗျားတို့ ပေါင်းချင်ရာ ပေါင်းကြယင် ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ ကံဘဲ။ သို့ပေမဲ့ ကျုပ်တို့ ခခယယ၊ ကညဝတ္တတော့ ဘယ်သူ့ကိုမှ မလုပ်နိုင်ဘူး။

ဒီပွဲမှာ ကျုပ်တို့ဟာ ဘယ်သူ့ကိုမှ ရန်မစ၊ ဘယ်သူ့ကိုမှ မငြိုငြင်၊ ဘယ်သူ့ကိုမှလဲ မမြှောက်၊ ဘယ်သူ့ကိုမှလဲ မချောက်ဘူး။ ဘယ်သူ့ကိုမှလဲ မချော့ဘူး။ ဘယ်အခက်အခဲ ဘယ်ဘေးဒဏ်ကိုမှလဲ မမှုဘူး။ ငွေလဲ များများ မရှိလို့ မဖြုန်းနိုင်ဘူး။ တိုင်းပြည်က ကောက်ခံရတဲ့ ငွေနှင့် ကျုပ်တို့ စရိတ် သုံးရမှာဘဲ။ ပိုက်ဆံတတ်နိုင်တဲ့ အမတ်လောင်းတွေကတော့ သူတို့ကဘဲ အကုန်အကျ ခံရလိမ့်မယ်။ မတတ်နိုင်မှန်း သိတဲ့လူတွေကို ဆိုင်ရာ နယ် ဖ၊ဆ၊ပ၊လ တွေက ကူညီရမယ်။ အဲဒီအတိုင်း ကျုပ်တို့ ရွေးကောက်ပွဲ ဝင်မယ်။ ရီးတီးရားတား လုပ်တဲ့ လူတွေ မှန်သမျှ အတွင်းမှာရော၊ အပြင်မှာရော ရီးတီးရားတား ပြန် အလုပ်ခံရမှာဘဲဆိုတာ ခင်ဗျားတို့ ရိပ်မိအောင် တဲ့တဲ့ဘဲ ပြောလိုက်မယ်။ ။

* ဤမိန့်ခွန်းကို မတ်လ ၁၃ ရက်နေ့တွင် အသံလွှင့်ရုံမှ “နိုင်ငံရေး စားဖားကြီးတွေ” ခေါင်းစဉ်ဖြင့် ထပ်မံ အသံလွှင့်ပေးခဲ့သေးသည်။

 

Google