ဗိုလ်ချုပ် အောင်ဆန်း

တိုင်းပြုပြည်ပြုလွှတ်တော်

၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်း။ ဤ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း ဖြစ်သည်။

မူလတုန်းက အလုပ်ခိုင်းတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်တွေက ကိုယ့်နယ်ဆိုင်ရာ နယ်က ပရိသတ်ကို တိုင်းပြုပြည်ပြု လွှတ်တော်က လာတွေ လုပ်နေတယ်ဆိုတာ အစီရင်ခံဖို့ အလုပ် ခိုင်းတာပါဘဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိယင် အခြားနိုင်ငံတွေမှာတော့ လွှတ်တော်အမတ်တွေရယ်လို့ တိုင်းပြည်က တင်မြှောက်လိုက်တဲ့အခါမှာ အဲဒီလွှတ်တော်အမတ်တွေက လွှတ်တော်အစည်းအဝေး မရှိတဲ့အခါမျိုးမှာ မိမိတို့ အားလပ်ချိန် ရသမျှ အချိန်အတောအတွင်းမှာ မိမိတို့ကို ရွေးကောက် တင်မြှောက်လိုက်တဲ့နယ်ကို ပြန်သွားပြီးတော့ ဒီလွှတ်တော်မှာ ဘာဖြစ်နေတယ် ဘာလုပ်နေတယ်ဆိုတာ အစရှိတဲ့ အခြေအနေအရပ်ရပ်ကို ကိုယ့်နယ်ကို ပြန်ပြီး အစီရင်ခံတဲ့ ထုံးစံ ရှိပါတယ်။

အဲဒီထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲဘဲ ဒီထုံးစံ ဖြစ်စေချင်တဲ့အတွက် ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကို ရန်ကုန်မြို့မှာ ရှိတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေက မိမိတို့ကို တင်မြှောက်လိုက်တဲ့ နယ်အသီးသီးကို ပြန်ပြီး အစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ဖို့ ပြောလိုက်တဲ့အခါမှာ ဒီတိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေကနေပြီး ကိုယ့်နယ်ဆိုင်ရာတွေကို ပြန်အစီရင်ခံဖို့ အဓိပ္ပာယ် မပါတော့ဘဲ နိုင်ငံရေး ရှင်းတမ်း တရားပွဲဆိုပြီး ရပ်ကွက်တွေမှာ လုပ်လာတယ်။ အခုလိုဘဲ ယနေ့ တမြို့လုံးအတွက် နိုင်ငံရေးရှင်းတမ်းဆိုပြီးတော့ကာ နိုင်ငံရေးရှင်းတမ်းပွဲများ ဖြစ်လာတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့က နဂိုက ပြောခဲ့တဲ့အတိုင်းဘဲ၊ ယနေ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရှင်းတမ်းက ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေဖြင့်သာ မဟုတ်ဘဲနဲ့ ဒီရန်ကုန်မြို့နယ် တနယ်ကနေပြီးတော့ တင်မြှောက်လိုက်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်အနေနဲ့၊ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ဘာတွေလုပ်နေလို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာတွေကို နယ်သူနယ်သားတွေ ပြန်သိအောင် အစီရင်ခံဖို့ ရည်ရွယ်ချက်က အဓိက ရည်ရွယ်ချက်အဖြစ်နဲ့ ထားပြီးတော့ကာ ကျွန်တော် အခု စကားပြောဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာကလဲ ရှေးတုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့လူတွေဟာ အနည်းအကျဉ်း ကြားဖူးပေမဲ့ ဒီတခါမှဘဲ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကို တိုင်းပြည်က လူတွေက ရွေးကောက်တင်မြှောက်ရပြီးတဲ့နောက် အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာကိုလဲဘဲ အကောင်အထည်သဘောမျိုးနဲ့ မြင်ရတဲ့အခြေအနေမျိုး ဒီတခါမှဘဲ ရောက်လာကြတယ်။ အမှန်စင်စစ်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုပြီးတော့ တတိုင်းတပြည်လုံးမယ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွေ လုပ်ခဲ့ပေမဲ့ ကျွန်တော် ထင်တာ ပြောရမယ်ဆိုယင်တော့ တိုင်းပြည်မှာ ရှိတဲ့ လူအများဟာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာဟာ ရှေးတုန်းက လုပ်နေကျ ဥပဒေပြု လွှတ်တော်လိုဘဲလို့ ထင်နေကြတဲ့လူတွေ အမြောက်အများ ရှိကြဦးမှာဘဲ။

အဲဒီလိုဘဲ အခုတော့ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အကြောင်းကို အစီရင်ခံရမည်ဆိုယင် ပဌမ ရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဘာတွေ ဆိုတာကနေပြီးတော့ သေသေချာချာ ကျကျနန ကျွန်တော် ရှင်းလင်း ပြောပြလိုပါတယ်။ ယခု ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဘယ်နေ့က စပြီးတော့ ထင်ထင်ရှားရှား ပေါ်လာသလဲလို့ ဆိုယင် အမတ်တွေ စုံစုံညီညီ ဒီရန်ကုန်မြို့မှာ စုဝေးကြပြီးတဲ့နောက် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ နေ့က စပြီးတော့မှသာလျှင် တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ဖြစ်လာပါတယ်။ အဲဒီ အရင်တုန်းက ရွေးကောက်ပွဲ ပေးပင်ပေးငြားပေမဲ့ တိုင်းပြုပြည်ပြုလွှတ်တော်လို အဖွဲ့ကို မဖွဲ့စည်းနိုင်သေးပါဘူး။ သို့သော်လဲဘဲ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ဟာ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံရေး ရာဇဝင်မှာတော့ အင်မတန် ထူးဆန်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တမျိုး ဖြစ်နေပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ အခြားနိုင်ငံတွေမှာလဲဘဲ အသီးသီး ပေါ်ပေါက်ခဲ့ဘူးတယ်။ အဲဒီ ပေါ်ပေါက်ခဲ့တဲ့ တိုင်းပြည်တွေရဲ့ အခြေအနေအရ အမျိုးမျိုး ပေါ်ပေါက်ခဲ့တဲ့ သက်သေ သာဓကတွေ ရှိပါတယ်။ အဲဒီတော့ကာ သဘောတရားသက်သက်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုယင် တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာဟာ ဘာဖြစ်လို့ ပေါ်ပေါက်လာရသလဲ ဆိုယင် တိုင်းပြည်အသစ်တည်လို့ တိုင်းသစ်ပြည်သစ် နိုင်ငံသစ် တည်ထောင်ဖို့အတွက် ပေါ်ပေါက်လာရခြင်း ဖြစ်တယ်လို့ အဲဒီလို သဘောတရားမှာ ရှိတယ်။ ကျွန်တော်တို့လို ဗမာ့စာပေနယ်မှာ ကြည့်မယ်ဆိုယင် ကျွန်တော်တို့ ကမ္ဘာအစဆိုပြီး ဖွဲ့တဲ့အခါတုန်းက မဟာသမ္မတမင်း မြှောက်ကြတယ်ဆိုပြီး လူတွေ စုရုံးပြီး မြှောက်ကြတဲ့ အစည်းအဝေးမျိုးက ကမ္ဘာကြီးမှာ ပဌမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်လို့ဘဲ ဆိုရမှာဘဲ။

အဲဒီတော့ကာ အဲဒီ နိုင်ငံအသစ် တည်ထောင်စရာ ရှိတဲ့အခါမှာ တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ပေါ်လာစမြဲ ဖြစ်ပါတယ်။ နိုင်ငံအသစ် ဆိုတဲ့ သဘောကလဲ ကိုယ့်တိုင်းပြည်ကို အခြားနိုင်ငံကနေပြီးတော့ အုပ်စိုးလွှမ်းမိုးထားလို့ အဲဒီ လွှမ်းမိုး အုပ်စိုးခြင်းကို တွန်းလှန်ပယ်ဖျက်ပြီးတဲ့နောက် မိမိတို့ တိုင်းပြည် မိမိတို့ အစိုးရ၊ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော် လုပ်တာက တမျိုး၊ အဲဒီလို တိုင်းသစ် ပြည်သစ် နိုင်ငံသစ်အတွက် တမျိုး၊ နောက်တမျိုးက ကျွန်တော်တို့ အားလုံး သတင်းစာတွေမှာလဲဘဲ ခဏခဏ ဖတ်နေရမှာဘဲ။ ဆိုဗီယက် ယူနီယံ ခေါ်တဲ့ နိုင်ငံကြီးဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က တော်လှန်ရေး အကြီးအကျယ် ဖြစ်ခဲ့တယ်။ ဒီလို တော်လှန်ရေး အကြီးအကျယ် ဖြစ်ပြီးတဲ့နောက် သူလဲ နိုင်ငံသစ် ဖြစ်လာတယ်လို့ ပြောရမှာဘဲ။ ဘယ်လို နိုင်ငံသစ် ဖြစ်လာသလဲ ဆိုယင် ခေတ်ဟောင်း ခေတ်ဆွေးတွေကို မှီခိုနေတဲ့ ဇာဘုရင်စံနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဟောင်း၊ စံနစ်ဟောင်းကြီးကို တော်လှန် တွန်းလှန်ပစ်ပြီးတဲ့နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ကာ တိုင်းပြည်ကို စံနစ်တမျိုးနဲ့ တည်တဲ့အတွက်ကြောင့် အဲဒီနိုင်ငံသစ်က တမျိုး ဖြစ်နေတယ်။ ဒီနိုင်ငံသစ်ကတော့ အခြား လူမျိုးခြား အောက်မှာ ရောက်ပြီးတော့မှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုး မဟုတ်ဘဲနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဖြစ်တဲ့ လူတန်းစားအချင်းချင်းရဲ့ ချုတ်ချယ် အုပ်စိုးမှုမှ လွတ်မြောက်လာပြီးတဲ့နောက် နိုင်ငံသစ် ထူထောင်တဲ့ နည်း ဖြစ်တယ်။ အဲဒီတော့ နိုင်ငံသစ် ဆိုတာဟာ အကြမ်းအားဖြင့် ဆိုလို့ ရှိယင် အဓိပ္ပာယ် နှစ်မျိုး ရှိတယ်။ ကျွန်တော်တို့ ဗမာပြည်လို လက်အောက်ခံ နိုင်ငံတွေ အဖို့မှာတော့ နိုင်ငံသစ်ဆိုတဲ့ အဓိပ္ပာယ်ဟာ လူမျိုးခြားရဲ့ လက်အောက်က လွတ်မြောက်ပြီးတော့ ကိုယ့်ဘာသာ၊ ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်အစိုးရနဲ့ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ တည်ထောင်လာတဲ့ နိုင်ငံသစ်လို့ ဆိုရတယ်။ သို့သော်လဲ လွတ်လပ်နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ကိုယ့်လူမျိုးအချင်းချင်း အုပ်စိုးတဲ့ အဲဒီလို တိုင်းပြည်တွေမှာတော့ကာ ချည့်ချည့်နဲ့နဲ့ အစိုးရစံနစ် အဆောက်အအုံတခုလုံးကို ပြောင်းလဲ ဖျက်ဆီးပစ်ပြီးတဲ့နောက် အသစ်ကျပ်ချွတ် ပြန်ပြီးတော့ စံနစ်တမျိုးနဲ့ တိုင်းပြည်ဆိုတဲ့ နိုင်ငံသစ်၊ တိုင်းပြည်သစ် တခုကို ထူထောင်ဖို့က တမျိုး၊ အဲဒီလို နှစ်မျိုး ရှိပါတယ်။

အဲဒီလို နှစ်မျိုး ရှိတဲ့ အခါမယ် နှစ်မျိုးစလုံး ပေါ်ပေါက်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ထုံးစံအားဖြင့် ပေါ်လာစမြဲဖြစ်ပါတယ်။ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဘာဖြစ်လို့ ပေါ်လာစမြဲ ဖြစ်သလဲ ဆိုယင် အဲဒီ တိုင်းပြည်အသစ်၊ နိုင်ငံအသစ် ဖြစ်နေတော့ ပြန်ပြီးတော့ကာ ဥပဒေတွေ၊ စံနစ်တွေ အကုန်အသစ် ပြန်ပြီး ရေးဆွဲရမယ် ဖြစ်တော့ အခြေခံက စပြီးတော့ ပြန်ပြီးတော့၊ ဥပမာအားဖြင့် ရှိနေတဲ့ အိမ်ဟောင်းကို တည်ရုံ အလုပ် မဟုတ်ဘဲနဲ့၊ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီ ပျက်သွားတဲ့နေရာမှာ ထပ်ပြီး အိမ်သစ်ဆောက်တာနဲ့ တူပါတယ်။ အဲဒီလို အိမ်သစ်ဆောက်တဲ့အခါမှာလဲ ဒီနိုင်ငံသစ်ကို ဘယ်လို စံနစ်၊ ဘယ်လို စီမံကိန်းမျိုးနဲ့ တည်ဆောက်မယ် ဆိုပြီးတော့ကာ အင်ဂျင်နီယာတို့၊ ဗိသုကာအတတ်ဆရာတို့က ပဌမ ရှေးဦးစွာ အိမ်ပုံစံတွေ ရေးဆွဲပြီးတော့ကာ ဒီအိမ်ပုံစံအရ ငွေပေါင်း ဘယ်လောက် ကုန်မယ်၊ ဘာဖြစ်မယ် စသည်အားဖြင့် ဒါတွေကို တွက်ချက်ပြီးတဲ့နောက် သေသေချာချာ နေ့ကောင်းရက်သာ ရွေးပြီးတော့မှ အဲဒီလို အိမ်သစ်ဆောက်တာမျိုးဘဲ။ ယခုလဲဘဲ ကျွန်တော်တို့ နိုင်ငံသစ်ကို အဲဒီလို တည်ဆောက်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဒါတွေကို စီစဉ် ရေးဆွဲရပါလိမ့်မယ်။ စီမံကိန်း ချရပါလိမ့်မယ်။

ဘယ်လို တိုင်းပြည်ရဲ့ နိုင်ငံသစ်ရဲ့ ပုံစံဟာ ဘယ်လို ရှိသင့်တယ်ဆိုတာကို တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ အဲဒီလို ဆိုတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ တာဝန်ဟာ ဘာလဲ ဆိုယင် နိုင်ငံသစ် ထူထောင်ဖို့ တာဝန် ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသစ် ထူထောင်ဖို့ဟာ သာမန်အားဖြင့် ပြောရမယ်ဆိုယင် ဘယ်တိုင်းပြုပြည်ပြု လွှတ်တော်မဆို အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် နိုင်ငံသစ် တည်ထောင်ရအောင် ဆိုလို့ရှိယင် အဲဒီနိုင်ငံသစ်ကို တည်ထောင်ဖို့အတွက် ပေါ်ပေါက်လာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲ အချုပ်အချာ အာဏာ ရှိဖို့ လိုပါလိမ့်မယ်။ အဲဒီလို အချုပ်အချာ အာဏာနဲ့ မပြည့်စုံလျှင်လဲ ကိုယ်လိုချင်တဲ့ နိုင်ငံသစ်ကို တည်နိုင်တဲ့ အခြေအနေ ရှိမှာ မဟုတ်ပါဘူး။

ဒီတော့ကာ ယခုပြောတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ ကမ္ဘာ့နိုင်ငံရေး ရာဇဝင်မှာ အတော်လေး ထူးဆန်းတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဖြစ်တယ်လို့ ဘာဖြစ်လို့ ပြောခဲ့သလဲ ဆိုလို့ ရှိယင်၊ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာတဲ့ အခြေအနေနဲ့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အခြေအနေနဲ့ ကွာခြားနေတဲ့ အချက် တွေ့ရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာလဲ ထူးထူးခြားခြား ဖြစ်တဲ့အကြောင်းတွေ ရှိနေတယ်။ အခြားတိုင်းပြည်တွေမှာ ဥပမာ ယခင်ခေတ်တွေက ဟိုးရှေးတုန်းက တော်လှန်ရေး ဖြစ်ပြီးတဲ့နောက် တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာမျိုး ပေါ်လာခဲ့ဘူးပါတယ်။ အဲဒီလို ပေါ်လာတဲ့အခါမှာလဲ ဒီတိုင်းပြုပြည်ပြုလွှတ်တော်ဟာ အာဏာရပြီးသား လွှတ်တော် ဖြစ်နေတယ်။ ယခုအခါ ဒီစစ်ကြီး ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စစ်ကြီး အတောအတွင်းမှာ ပြင်သစ်ပြည်တို့ ယူဂိုဆလေးဗီးယားတို့ဟာ ဂျာမန်တွေရဲ့ လက်အောက်ကို ရောက်ခဲ့တယ်။ အဲဒီလို ဂျာမန်တွေရဲ့ လက်အောက်ကို ရောက်ပြီးတဲ့နောက် ပြန်ပြီးတော့ ဂျာမန်တွေကို တွန်းလှန် မောင်းထုတ်ပြီးတဲ့နောက် ကိုယ့်တိုင်းပြည်မယ် ပြန်ပြီးတော့ ဂျင်နရယ် တီတိုး အစရှိသည်အားဖြင့် ပြန်ရောက်လာကြတော့ကာ ပြန်ပြီးတော့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ်ကို ဖော်ရတယ်။ အဲဒီလို ဖော်ဖို့အတွက် တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ တခါ ထပ်ပြီးတော့ လုပ်ရသေးတယ်။ အဲဒီလို လုပ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုးကတော့ အာဏာရပြီးသား တိုင်းပြုပြည်ပြုလွှတ်တော် ဖြစ်နေတယ်။ အာဏာရပြီးသား တိုင်းပြုပြည်ပြု လွှတ်တော်ဟာ မိမိတိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကိစ္စမှန်သမျှကို ချက်ချင်း ဥပဒေအတည် ဖြစ်စေပြီးတော့ တတိုင်းတပြည်လုံးရဲ့ အာဏာစက် တည်အောင် လုပ်နိုင်တယ်။ ချက်ချင်း လုပ်လိုက်တယ်။ အဲဒီတော့ကာ အဲဒါမျိုး ဖြစ်ပါတယ်။ နောက် အမေရိကန်ပြည်မှာ ဆိုလို့ရှိယင်လဲ ပဌမရှေးဦးစွာ အင်္ဂလိပ်များလက်အောက်မှာ လူတမျိုးတည်း အဖြစ် နေကြပြီးတဲ့နောက်၊ အင်္ဂလိပ်ပြည်က ရှိတဲ့ အင်္ဂလိပ်အစိုးရကို မကျေနပ်လို့ တော်လှန်ပြီးတော့ကာ လွတ်လပ်ရေး တိုက်ပွဲတွေ၊ စစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် နိုင်တဲ့အခါကျတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ ကျင်းပခဲ့တယ်။ နာမည်တော့ အမျိုးမျိုး ခေါ်ခဲ့တယ်။ သို့ပေမဲ့ သဘောကတော့ တိုင်းပြုပြည်ပြု လွှတ်တော်ပါဘဲ။ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော် ကျင်းပတဲ့အခါတုန်းကလဲဘဲ သူတို့ဟာ အာဏာ ရပြီးတဲ့ အခြေအနေမှာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ကျင်းပတယ်။

သို့သော်လဲဘဲ ကျွန်တော်တို့ တိုင်းပြည်ကတော့ ယခု တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပနေတဲ့အချိန်အခါမှာ ကျွန်တော်တို့ တိုင်းပြည်က အာဏာ ရပြီးတဲ့ အခြေအနေ မရောက်သေးပါဘူး။ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် အခြေအနေဟာ ဘာနဲ့တူသလဲဆိုယင် တောင်ပိုင်း အိုင်ယာလန်မှာ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂၇ နှစ်လောက်တုန်းက ဖြစ်တဲ့ အခြေအနေမျိုးနဲ့ တူပါတယ်။ အဲဒီ အိုင်ယာလန်မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးက ဘယ်လို ဖြစ်သလဲဆိုယင် ပဌမ အင်္ဂလိပ် အစိုးရကို ကမ္ဘာစစ်ကြီး အတောအတွင်း ဆူပူတော်လှန်တာတွေ ဖြစ်ပြီးတော့ နောက်ဆုံးစစ် ပြီးတဲ့အခါမှာ ဒီသူပုန်ကိစ္စတွေဟာလဲ ရပ်သွားတယ်။ အဲဒီလို ရပ်သွားပြီးတဲ့နောက်မှာ တခါ ဒီအင်္ဂလိပ် အစိုးရနဲ့ အိုင်ယာလန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ကာ စာချုပ် ချုပ်ကြတယ်။ စာချုပ် ချုပ်ကြပြီးတဲ့နောက် သူတို့ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ လုပ်တယ်။ လုပ်တဲ့အခါမှာ အိုင်ယာလန်ဟာ အာဏာ မရသေးပါဘူး။ သို့သော်လဲဘဲ ယခု ကျွန်တော်တို့ ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အဲဒီ အိုင်ယာလန် လွှတ်တော် လုပ်တဲ့ အခြေအနေတုန်းကထက် သာတဲ့ အခြေအနေတွေလဲ ရှိတယ်။ ဘယ်လို သာနေတဲ့ အခြေအနေတွေ ရှိသလဲ ဆိုယင် ဟိုအခါတုန်းက အိုင်ယာလန်ပြည်မှာ တိုင်းပြုပြည်ပြု လွှတ်တော် လုပ်ရတဲ့ အချိန်အခါတုန်းက ဆိုယင် အဲဒီ ပဌမကမ္ဘာစစ်ကြီး ပြီးတဲ့အခါမှာ ဗြိတိသျှနယ်ချဲ့သမားဟာ အင်အား ဘာမှ လျော့ပါးသွားတာ မရှိပါဘူး၊ ဒီအတောအတွင်းတုန်းက ဗြိတိသျှ နယ်ချဲ့သမားတွေဟာ အမှန်စင်စစ် စစ်နိုင်ပြီး အတော်ဘဲ တောင့်တောင့်တင်းတင်း နိုင်ငံကြီးတနိုင်ငံ ဖြစ်တယ်။

ယခု ဒီကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ဗြိတိသျှ နယ်ချဲ့ စံနစ်ရဲ့ အခြေအနေကတော့ အင်မတန်မှဘဲ အားနည်းသွားတဲ့ အခြေအနေရောက်တယ်။ ဘယ်လောက်ထိအောင် အားနည်းသွားသလဲဆိုယင် ဘိလပ်ကို ရောက်တဲ့လူတွေဆိုယင် ပိုပြီး သိမယ်။ ဟိုမှာ ကြာကြာနေလို့ ရှိယင် တွေ့ရမယ်။ အဲဒီလို ဗြိတိသျှ နယ်ချဲ့စံနစ်ဟာ အင်မတန် အင်အားနည်းလာတဲ့ အခြေအနေမျိုးမှာ ဒီတိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ပေါက်လာရတဲ့ အခါဖြစ်တဲ့အတွက် ဟိုအိုင်ယာလန်ပြည်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မျိုးကတော့ အမှန်စင်စစ် ဒိုမီနီယံ အဆင့်အတန်း ဖြစ်တဲ့ အုပ်ချုပ်ရေးမျိုးကိုသာ ရေးဆွဲဖို့ ဆိုတဲ့ သဘောမျိုးလောက်သာ ဖြစ်ပါတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ အခု ရထားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကတော့ကာ ကိုယ်ကြိုက်ရာ ဆုံးဖြတ်ပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ဟာကို အင်္ဂလိပ် အစိုးရက သဘောတူပြီးသား ဖြစ်တဲ့အတိုင်း ဒီနေရာမှာတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်က အိုင်ယာလန်ပြည်က ဟိုအခါတုန်းက ရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ထက် တပန်းသာနေတာကို တွေ့ရပါတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဒီလို အခြေအနေမျိုးမှာ ပေါ်လာပြီး၊ အဲဒီလို ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။ တခါ အိန္ဒိယပြည်မှာ ရှိတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို နှိုင်းယှဉ်ကြည့်ဖို့ လိုပါသေးတယ်။ အိန္ဒိယပြည်မှာ ဖြစ်ပေါ်လာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်လာတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ အဆင်တူတဲ့ အချက်တွေလဲ ရှိတယ်။ မတူတဲ့ အချက်တွေလဲ ရှိတယ်။ တူတဲ့အချက်တွေဆိုတာကတော့၊ အခုတင်က အိုင်ယာလန်ပြည်မှာ ဖြစ်တာမျိုးနဲ့ သိပ်ပြီးတော့ မခြားပါဘူး။ အဲဒီသဘောမျိုးအတိုင်းဘဲ။ တိုင်းပြည်က အာဏာ မရခင် ရှေးဦးစွာ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ သို့သော်လဲဘဲ အိန္ဒိယပြည်မှာ ရှိတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို လုပ်တဲ့အခါတုန်းက ဘယ်ကနေပြီး လုပ်လိုက်သလဲ ဆိုယင် ပြည်နယ်မှာ ရှိတဲ့ ဥပဒေပြု လွှတ်တော်တွေကနေပြီး ရွေးကောက်တင်မြှောက် လိုက်ပါတယ်။ အဲဒီလို ရွေးကောက် တင်မြှောက်လိုက်တဲ့အခါမှာလဲ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်သလို သေသေချာချာကြီး၊ ဥပမာ နိုင်ငံခြားသားတွေ မပါရဘူး။ ဘာ၊ ညာ စသည်ဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ နားလည်မှုနဲ့ နေပြီး၊ ဥရောပတိုက်သားတွေက မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးတာထဲမှာ မပါပါဘူးဆိုတဲ့ ဖယ်နေတဲ့ သဘောမျိုးသာ ဖြစ်တယ်။ ဒါတောင်မှ ပြည်နယ်တနယ်မှာ သူတို့ ဖယ်မနေကြပါဘူး၊ မဲပေးတဲ့ နေရာမှာ ဝင်ပါကြတယ်။ သို့သော်လဲ အကုန် ခြုံကြည့်လိုက်မယ်ဆိုယင်ဖြင့် သူတို့ဟာ သူတို့တိုင်းပြုပြည်ပြုလွှတ်တော်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခြေအနေမျိုးတော့ ရောက်သင့်သလောက် ရောက်ပါတယ်။ ရောက်ပြီးတဲ့နောက် အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်မှာ “မူဆလင် လိ(ခ်)”ခေါ်တဲ့ မူဆလင် အဖွဲ့ချုပ်ကြီးက ကိုယ်စားလှယ်တွေ အမြောက်အများလဲ ပါလာပါတယ်။ အဲဒီလို ကိုယ်စားလှယ် အမြောက်အမြား ပါလာတဲ့အခါမှာ မူဆလင်လိ(ခ်)က ကိုယ်စားလှယ် အမြောက်အများနဲ့ ကွန်ဂရက် ကိုယ်စားလှယ် အမြောက်အမြား အားလုံး စုပေါင်းပြီး ဖွဲ့စည်းပြီးတော့ လုပ်ကြမယ်ဆိုယင်တော့၊ အင်မတန် အင်အားကောင်းတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကြီး ဖြစ်သွားမှာဘဲ။ သို့သော်လဲဘဲ မူဆလင် အစည်းအရုံးကြီးကနေပြီး ဟိုဒင်း မကျေနပ်နိုင်ဘူး။ ဒီဒင်း မကျေနပ်နိုင်ဘူး။ ဘာလုပ်ပေးရမယ်၊ ညာလုပ်ပေးရမယ် စသဖြင့် စည်းကမ်းချက်တွေ အမျိုးမျိုးနဲ့ တောင်းဆိုပြီး အဲဒါမျိုးတွေ လုပ်ပါတယ်။

နောက် ကွန်ဂရက် အဖွဲ့ဖက်က ခေါင်းဆောင်တွေကလဲ ဒီအခါတုန်းက မူဆလင် အစည်းအရုံးကြီးကို အင်မတန်ဘဲ သူတို့က မထေမဲ့မြင် လုပ်တာ ရှိပါတယ်။ အဲဒီလို နှစ်ဦးနှစ်ဖက် တဦးနဲ့တဦး အစေးမကပ်ဘဲ ဖြစ်တော့ မူဆလင် အစည်းအရုံးကြီးက တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေဟာ တော်တော် များတယ်။ အဲဒီလူတွေဟာ တိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ ဒို့ မပါဘူးဆိုပြီးတော့ ဖယ်နေကြတယ်၊ ရှောင်နေကြတယ်။ အဲဒီလို ရှောင်နေတဲ့အတွက် ကွန်ဂရက်အဖွဲ့ဝင်တွေ ဖြစ်တဲ့ အမတ်များလောက်သာ အဲဒီတိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ရှိပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဆက်ပြီး အလုပ်လုပ်တယ်။ ဒါပေမဲ့ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ဟာ တော်တော်ကလေး ပျက်ပြယ်ပြယ် ဖြစ်သွားပါတယ်။ အဲဒီလို ဖြစ်သွားပြီးတဲ့နောက် ယခု နောက်ဆုံးကျတော့ မူဆလင် အစည်းအရုံးနဲ့ ကွန်ဂရက် အဖွဲ့နှစ်ဖွဲ့ဟာ စေ့စပ်လို့ မရနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတော့ အင်္ဂလိပ်အစိုးရကနေပြီး ကြားဖြန်ပေးတဲ့အတွက် ယခု နောက်ဆုံးအခြေအနေကတော့ ချက်ချင်း လက်ငင်း ယခု သြဂုတ်လမှာ ကွန်ဂရက်ပိုင်တဲ့ ပြည်နယ်တွေကိုလဲ ဒိုမီနီယံတခု သတ်သတ် လုပ်ပေးမယ်။ နောက်ပြီးတော့ မူဆလင်တွေ ပိုင်တဲ့ ပြည်နယ်တွေကို ပါကစ္စတန် ခေါ်ပြီးတော့ ဒိုမီနီယံတခု သတ်သတ် လုပ်ပေးမယ်ဆိုပြီး အဲဒီလို နောက်ဆုံးကျတော့ နှစ်ဖက် သဘောတူကြတဲ့ အခြေအနေမျိုး ရောက်တယ်။ ရောက်ပြီးတဲ့နောက် အဲဒီ ပါကစ္စတန်ဆိုတဲ့ ဒိုမီနီယံမှာလဲ တိုင်းပြုပြည်ပြု လွှတ်တော်တခု သတ်သတ် ပေါ်မယ်။ နောက်ပြီးတော့ အိန္ဒိယလို့ ခေါ်မည့် (ဟိန္ဒူစတန် မခေါ်ဘူး) ကွန်ဂရက် ပိုင်တဲ့ ပြည်နယ်တွေကိုတော့ အိန္ဒိယလို့ ခေါ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ကလဲ တခု သတ်သတ် ရှိရဦးမယ်။ အဲဒီလို နှစ်ခု ရှိပြီးတော့ မဟာရာဂျာတွေ ပိုင်တဲ့ ပြည်နယ်တွေလဲ အိန္ဒိယမှာ အမြောက်အမြား ရှိပါသေးတယ်။

အဲဒီ မဟာရာဂျာတွေ ပိုင်တဲ့ နယ်တွေဟာ ဘယ်လောက် ကြီးသလဲ ဆိုယင် မဟာရာဂျာ တယောက် ပိုင်တဲ့ နယ်တချို့တလေဟာ ကျွန်တော်တို့ ဗမာပြည်နီးပါးလောက် ကြီးတဲ့ နယ်တွေ ဖြစ်ပါတယ်။ မဟာရာဂျာတွေ ပိုင်တဲ့ နယ်တွေထဲမှာ ဆိုယင် ဗမာပြည်လောက် ကြီးတဲ့ နယ်တွေ တော်တော်များများလောက် ရှိတယ်။ အဲဒီတော့ကာ အဲဒီ မဟာရာဂျာတွေ ပိုင်တဲ့ နယ်တွေလဲဘဲ တဖက်ဖက် ပါဖို့ ကောင်းတယ်လို့ အင်္ဂလိပ်အစိုးရက ဆိုပေမဲ့ ဒီလူတွေက ဒို့မပါဘူး။ ဒို့ဖာသာဒို့ သီးသန့်နေမယ်ဆိုယင် နေနိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒီလောက် အိန္ဒိယရဲ့ နိုင်ငံရေး အခြေအနေကတော့ အင်မတန်ကိုဘဲ ရှေ့ကို ရှုပ်ထွေးဦးမယ်ဆိုတာ ကျွန်တော်တို့က မြင်နေပါတယ်။

ဒီတော့ကာ အင်္ဂလိပ်အစိုးရက ဒိုမီနီယံ ပေးထားတာက ဘယ်လို ပေးလိုက်သလဲဆိုတော့ မင်းတို့ ဒိုမီနီယံ ယခု ယူထားပါ။ နောက်ပြီးတော့ကာ မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော် အသီးသီးကနေပြီးတော့ လုံးဝ လွတ်လပ်ရေး လိုချင်တယ်ဆိုယင် မင်းတို့ ဆုံးဖြတ်ယူ၊ သဘောရှိ အတိုင်းဘဲ။ သို့သော်လဲ အခုချက်ချင်း လက်ငင်းအားဖြင့် ဒိုမီနီယံဘဲ ယူထား၊ ယူထားပြီးတဲ့နောက် မင်းတို့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီးတော့ကာ လွတ်လပ်ရေးကို ဒို့ အင်္ဂလိပ် (Commonwealth) က နေပြီးတော့ ထွက်သွားချင်တယ်ဆိုယင် မင်းတို့ ထွက်သွားနိုင်တယ်ဆိုပြီးတော့ ပြောထားတယ်။ ပြောထားပေမဲ့ တကယ်လက်တွေ့မှာတော့ အင်မတန်ဘဲ သူတို့မှာ အင်္ဂလိပ် (Commonwealth) က နေပြီးတော့ ထွက်ဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဘာပြုလို့လဲ ဆိုလို့ ရှိယင် အင်္ဂလိပ် အစိုးရက မပေးမှာမို့လို့ မဟုတ်ဘူး။ အချင်းချင်း ဂွကျနေလို့ အခက်အခဲ အမျိုးမျိုး ရှိနေလို့ အင်္ဂလိပ် (Commonwealth) က မထွက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ချင်ဖြစ်နိုင်တယ်။ နောက်ဆုံးတနေ့မှာ အင်္ဂလိပ် (Commonwealth) က ထွက်လာတဲ့ အခြေအနေမျိုး ရောက်လာသည့်တိုင်အောင် ချက်ချင်း မရောက်နိုင်သေးဘူး။ တော်တော်ကလေး ကြာမှ အင်္ဂလိပ် (Commonwealth)က ထွက်နိုင်တဲ့ အခြေအနေမျိုး ရောက်လာတယ်။ အဲဒီ အခြေအနေက ဘာပြုလို့လဲ ဆိုယင် အခု ပါကစ္စတန်နဲ့ အိန္ဒိယပြည်ဆိုပြီးတော့ နှစ်ခု ခွဲပြီးတော့ ခွဲထွက်လိုက်မယ်ဆိုလို့ ရှိယင် နယ်တွေကိုလဲ ခွဲရအုံးမယ်။

ဥပမာ ဘင်္ဂလားပြည် ဆိုလို့ရှိယင် မူဆလင်တွေများတဲ့ အပိုင်း ရှိတယ်။ ဟိန္ဒူတွေ များတဲ့ အပိုင်း ရှိတယ်။ အဲဒီတော့ကာ အဲဒီအပိုင်းတွေလဲ ခွဲရအုံးမယ်။ အာသံပြည်မှာ အချို့နယ်တွေမှာ လူတွေရဲ့ ဆန္ဒကို မေးရဦးမယ်။ မင်းတို့ဟာ ပါကစ္စတန်ဖက် ဝင်ချင်သလား၊ အိန္ဒိယဖက် နေချင်သလား စသည်ဖြင့် ဒါတွေ မေးရမယ်။ နောက်ပြီးတော့ တခါ ပန်ဂျပ်ပြည်မှာလဲ အဲဒါတွေ လုပ်ရဦးမယ်။ (North-West Frontier Province) ဟာ မူဆလင်တွေ နေတဲ့ နယ် ဖြစ်ပေမဲ့ ကွန်ဂရက်ကို ထောက်ခံတဲ့ လူတွေက အစိုးရ ဖြစ်နေတဲ့ နယ် ဖြစ်တယ်။ အဲဒီနယ်ကို အခု ပြန်ပြီးတော့ကာ ရွေးကောက်ပွဲ လုပ်ပြီးတော့ကာ မင်းတို့ဟာ ပါကစ္စတန်ဖက် ပါချင်သလား၊ အိန္ဒိယဖက် ပါချင်သလား ဆိုတာ မေးရဦးမယ်။ အဲဒီတော့ အဲဒါမျိုးတွေ လုပ်တဲ့အခါမှာလဲ အေးအေးလူလူနဲ့ ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုလိမ့်မယ်။ တော်တော့်ကို ရှုပ်ရှုပ်ပွေပွေ ဖြစ်နိုင်စရာ အကြောင်းတွေ ရှိတယ်။ သူတို့ဆီမှာ အခုနေအခါမှာ ဆိုယင် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတာတွေ ရှိတယ်။ သို့ပေမဲ့ ဒီတခါကျတော့ကာ ဒီတခါမှာ ကွန်ဂရက်နှင့် မွတ်ဆလင်လိ(ခ်)တို့ သဘောမတူဘူးဆိုယင် လူမျိုးရေး အဖြစ်မျိုး မဟုတ်ဘဲနဲ့ တကယ့် ပြည်တွင်းစစ်သဘောကို ရောက်ချင် ရောက်သွားနိုင်တယ်။ အဲဒါ တမျိုး ရှိတယ်၊ နောက်ပြီးတော့ တခါ စစ်တပ် (အိန္ဒိယ စစ်တပ်) ဖွဲ့ရမယ်။ အိန္ဒိယ စစ်တပ်ကို မူဆလင် လူမျိုးတွေ ဖြစ်တဲ့ လူတွေကို မူဆလင်ဖက်၊ ပါကစ္စတန်ဖက် ပါချင်တဲ့လူတွေကို ပါကစ္စတန်ဖက်ကို ခွဲရမယ်။ အိန္ဒိယအစိုးရဖက်မှာ နေချင်တဲ့ လူတွေကို အိန္ဒိယအစိုးရဖက် ခွဲရမယ်။ အဲဒီလို ဟာမျိုးတွေက လုပ်ရမှာ အမြောက်အမြား ရှိတယ်။ အဲဒီလို လုပ်ရမည့် အလုပ်တွေက အများကြီး ရှိနေတော့ အဲဒီလို လုပ်နေတဲ့ အချိန်အခါ အတောအတွင်းမှာဆိုယင် အိန္ဒိယပြည်ဟာ ပါကစ္စတန်ရော၊ အိန္ဒိယရော နှစ်ခုစလုံး ဒိုမီနီယံ အဖြစ်နဲ့ နေရမှာဘဲ။ ဘာဖြစ်လို့လဲဆိုယင် အင်္ဂလိပ် ကွန်မွန်ဝဲ(လ်) (Commonwealth) က နေပြီး တိုးထွက်နိုင်တဲ့ အခြေအနေကို ဖြစ်ကို မဖြစ်နိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုယင် ကိုယ့်မှာ စစ်တပ်က ကျကျနန မရှိသေးဘူး။ နယ်ကျကျနန သတ်မှတ်လို့ မပြီးသေးဘူး။ စကား များနေတုန်း၊ တယောက်နဲ့တယောက် အဲဒါမျိုးတွေ ဖြစ်နေတယ်။

အဲဒီတော့ အိန္ဒိယပြည်မှာ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်နေတယ်၊ ဖြစ်ပေမဲ့ တခု ထူးခြားသွားတာကတော့ ဘာထူးခြားသွားသလဲ ဆိုယင် ခုတင်က ပါကစ္စတန်တို့၊ အိန္ဒိယပြည်တို့မှာ ပေါ်ပေါက်လာတဲ့ ယခု သီးခြား ပေါ်ပေါက်ကြမယ့် တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ ယခုတော့ တခုဘဲ ရှိတယ်။ ဒီတခုကလဲဘဲ မူဆလင် လိ(ခ်) မပါဘူး။ မူဆလင် လိ(ခ်)က အမတ်တွေက ပါကစ္စတန် ဒိုမီနီယံဖက်မှာ လုပ်ချင်တာက တိုင်းပြုပြည်ပြု လွှတ်တော် လုပ်မယ်နဲ့ တူတယ်။ ဒီတော့ အဲဒီလို လုပ်ပြီး တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်တဲ့အခါမှာ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော် နှစ်ခုစလုံးဟာ အချုပ်အချာ အာဏာ ပိုင်တဲ့ လွှတ်တော် အဖြစ် ချက်ချင်း ရောက်သွားမယ်။ ဘာဖြစ်လို့ ချက်ချင်း ရောက်သွားမလဲ ဆိုယင် ဒိုမီနီယံဆိုတဲ့ အဓိပ္ပာယ်ဟာ ဥပဒေသဘောအားဖြင့် ပြောရမယ်ဆိုယင် (Semi-sovereign state) အချုပ်အချာ အာဏာ ရှိသင့်သလောက် ရှိတယ်။ သို့သော်လဲဘဲ ရုပ်ပြအားဖြင့် မရှိဘူး။ (Formal sovereignty) မရှိဘူး။ (Formal sovereignty) ဆိုတဲ့ အဓိပ္ပာယ်က ရုပ်ပြ အချုပ်အချာ အာဏာပိုင် မရှိဘူး။ ဘယ်လို ရုပ်ပြ အချုပ်အချာ အာဏာ မရှိဘူးလဲ ဆိုယင် ဒီအင်္ဂလိပ် ရှင်ဘုရင်ရဲ့ သစ္စာကို စောင့်သိ ရိုသေရမယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ အဲဒီ သဘောမျိုး ရှိနေတဲ့အတွက် ရုပ်ပြ အချုပ်အချာ အာဏာ မရှိဘူးလို့ ဆိုရမယ်။ အဲဒါတောင်မှ ဥပမာ အိုင်ယာလန်ပြည်မှာလို့ဆိုယင် အတော် ထူးခြားတဲ့ အခြေအနေ ရောက်နေတယ်။ အိုင်ယာလန်ပြည်ဟာ အင်္ဂလိပ် ရှင်ဘုရင်ကို သစ္စာ စောင့်ရမယ်ဆိုတဲ့ အပိုဒ်ကို ဖျက်လိုက်တယ်။ နောက်ပြီးတော့၊ ဘယ်ရှင်ဘုရင်မှ မထားတော့ဘူး။ သို့သော်လဲ နိုင်ငံခြား ဆက်သွယ်တဲ့ နေရာမှာ တခါ၊ အင်္ဂလိပ် ရှင်ဘုရင်ကို အသုံးချတယ်။ အသုံးချရုံဘဲ ချတယ်။ သို့သော်လဲ သူတို့ သစ္စာတော့ မဆိုဘူး။ နောက်ပြီးတော့ သူတို့တိုင်းပြည်မှာလဲ သမ္မတလို သဘောထားမျိုးရှိတယ်။ နန်းရင်းဝန်လို့ ခေါ်တဲ့ ဝန်ကြီးချုပ်အပြင် သမ္မတဆိုတဲ့ လူစားမျိုးလဲ အိုင်ယာလန်မှာ ရှိတယ်။ သို့သော်လဲဘဲ၊ သူတို့တိုင်းပြည်ကို အိုင်ယာလန်လို့ ခေါ်တယ်။ ဘာအဓိပ္ပာယ်လဲ ဆိုတာ ကျွန်တော်လဲ မပြောတတ်ဘူး။

အဲဒီမယ် အိုင်ယာလန်လို့ ခေါ်တဲ့အတွက် သူတို့ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်ကြည့်တဲ့အခါကျတော့ သူတို့ ဆိုသွားတာတွေကတော့ (It is an independent, democratic sovereign state) လုံးဝ လွတ်လပ်တဲ့ ဒီမိုကရေစီ စံနစ်အရ အချုပ်အချာ အာဏာနှင့် ပြည့်စုံတဲ့ နိုင်ငံတော် ဖြစ်တယ်လို့ အဲဒီလိုလဲ သာမန် ဆိုထားတယ်။ သမ္မတ နိုင်ငံရယ်လို့တော့ သေသေချာချာ တိတိလင်းလင်း ဆိုမထားပါဘူး။ အဲဒီလို သမ္မတနိုင်ငံလို့ တိတိလင်းလင်း ဆိုမထားတဲ့အတွက် အိုင်ယာလန် ပြည်မှာတောင်မှ အချို့သူတွေဟာ အငြင်းထွက်နေကြတယ်။ ဥပဒေသဘောအရ သမ္မတနိုင်ငံ မဟုတ်ဘူး။ ဥပဒေသဘောအရဆိုလို့ ရှိယင် အင်္ဂလိပ် ပြည်ထောင်စု အတောအတွင်းမှာ ရှိတယ် ဘာ၊ညာ အစရှိသဖြင့် အငြင်းထွက်နေကြတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သူတို့အခြေအနေကတော့ အတော်ဘဲ ထူးဆန်းတယ်။ အဲဒီတော့ကာ နိုင်ငံရေးဆရာတဦးက နေပြီးတော့ အိုင်ယာလန် ပြည်နဲ့ ပတ်သတ်ပြီးတော့ ဘယ်လို ပြောဖူးသလဲဆိုယင်၊ ကျွန်တော် မှတ်မိသလောက် ပြောရမယ်ဆိုယင် (Eire is in the Commonwealth but not of it.) အဲတာ (Commonwealth) အတွင်းမှာလို့ ပြောချင် ပြောနိုင်ပေမဲ့ (Commonwealth) ရဲ့ နိုင်ငံလဲ မဟုတ်ဘူးတဲ့၊ နောက်ပြီးတော့ကာ တခါ ဒီဗလီရာက တခါတုန်းက ပြောဖူးတဲ့ စကား ရှိတယ်။ သူက ဘယ်နှယ့် ပြောသလဲ ဆိုယင် အင်္ဂလိပ် အစိုးရက ဒို့အိုင်ယာလန် တိုင်းပြည်ဟာ အင်္ဂလိပ် (Commonwealth) ထဲမှာ ပါတယ်လို့ သူတို့ဖာသာ သူတို့ ထင်လို့ ရှိယင် ထင်ချင်တာ ထင်စေပေါ့တဲ့၊ ဒို့လိုဘဲ ဒို့လုပ်ချင်တာ လုပ်ပေါ့တဲ့၊ အဲဒီလို ဒီဗလီရာက ပြောတယ်။ အဲဒီတုန်းက အိုင်ယာလန်ရဲ့ အခြေအနေဟာ အင်မတန်ဘဲ ထူးဆန်းတယ်။ သို့ပေမဲ့ ကျွန်တော်တို့ သိနေကြတာက သူ့ကို ဒိုမီနီယံလို့ဘဲ သိနေတယ်။

အိုင်ယာလန်လို ထူးခြားတဲ့ ဒိုမီနီယံကို အပထားလို့ရှိယင် အခြား ဒိုမီနီယံတွေကတော့ အင်္ဂလိပ် ဘုရင်တွေကိုဘဲ သူတို့ ဘုရင်တွေ အဖြစ်နဲ့ ထားတယ်။ ဘာပြုလို့လဲဆိုယင် အိန္ဒိယပြည်အတွက်တော့ ကျွန်တော် မပြောလိုဘူး။ ကနေဒါတို့၊ သြစတြေလီယားတို့၊ တောင်အာဖရိကတို့ ဆိုတဲ့ ဒိုမီနီယံတွေကတော့ သွေးတူသားတူ ဥရောပတိုက်သားတွေက နေပြီးတော့ ဆင်းလာတဲ့ လူတမျိုးထဲလို လူစားတွေ ဖြစ်တော့ အကုန်လုံး မျက်နှာဖြူ လူမျိုးတွေချည်းဘဲ၊ ဥရောပတိုက် လူမျိုးတွေချည်းဘဲ၊ အဲဒီလို ဖြစ်နေတော့ သူတို့အဖို့မှာ အင်္ဂလိပ် ရှင်ဘုရင်ကို ကိုယ့်ရှင်ဘုရင်လို့ ဆိုပြီး ယူဆဖို့ မခဲယဉ်းဘူး။ မခဲယဉ်းတဲ့အတိုင်း သူတို့ကိုယ်တိုင်က ကြည်ဖြူပြီးတော့ အင်္ဂလိပ် ရှင်ဘုရင်ကို ကျုပ်တို့ ရှင်ဘုရင်အဖြစ် ထားပါဆိုပြီးတော့ သူတို့က ကြည်ဖြူလို့ ထားကြတယ်။ အဲဒီတော့ ဒိုမီနီယံဆိုတဲ့ သဘောကတော့ အင်္ဂလိပ် ရှင်ဘုရင်ကို ထားချင် ထားပြီးတော့ကာ အင်္ဂလိပ်နဲ့ တသဘောတည်း၊ အင်္ဂလိပ်နဲ့ တအိမ်ထောင်တည်း သဘောမျိုးနဲ့ နေကြတာဘဲ။ သို့သော်လဲဘဲ ဒီဥပဒေ သဘောအားဖြင့်ဆိုယင် သူ့တိုင်းပြည်သူ အုပ်ချုပ်တဲ့ နေရာမှာ သူ့ဖာသာသူ အုပ်ချုပ်တာဘဲ။ ဘယ်ဒိုမီနီယံမဆို သူ့ဟာသူ အုပ်ချုပ်တာ၊ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ အဲဒီလို တိုင်းပြည်မှာ ရှိတဲ့၊ လွှတ်တော်ဟာလဲဘဲ အာဏာရှိတဲ့ လွှတ်တော် ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာတော့ အခု ကျွန်တော်တို့ ရထားတဲ့ အစိုးရဆိုတာက လက်တွေ့အားဖြင့် ကျွန်တော်တို့ လုပ်နေတဲ့နေရာမှာတော့ လုပ်နိုင်ပါတယ်။ သို့သော်လဲဘဲ (Status) ဆိုတဲ့ အဆင့်အတန်းမှာတော့ ကျွန်တော်တို့က အာဏာရှိတဲ့ အဆင့်အတန်း မဟုတ်ဘူး။ ဒီတော့ နိုင်ငံခြားတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို တခြားနိုင်ငံတွေက မေးတဲ့အခါမှာ မင်းတို့ နိုင်ငံဟာ သမ္မတနိုင်ငံလား၊ လွတ်လပ်တဲ့ နိုင်ငံလား၊ ဒါမှမဟုတ် ဒိုမီနီယံ နိုင်ငံလားဆိုယင် ကျွန်တော်တို့က ဘယ်လို ဖြေရမလဲဆိုယင် ကျုပ်တို့တော့ မသိဘူး။ လုပ်တော့ လုပ်နိုင်တယ်။ ကျုပ်တို့ တိုင်းပြည်ကို တော်တော်လေး အုပ်ချုပ်လို့ ရတာဘဲ။ ရပေမဲ့ ဘယ်လို ခေါ်ရမယ်လို့တော့ ကျုပ်တို့လဲ မသိသေးဘူးလို့ အဲဒီလိုဘဲ ပြန်ဖြေရမယ်။ ဒါဟာ ကျွန်တော်တို့ အခုအစိုးရရဲ့ အခြေအနေ ဖြစ်တယ်။

ကျွန်တော်တို့ အစိုးရရဲ့ အခြေအနေ ဖြစ်နေတော့ အိန္ဒိယပြည်မှာတော့ အခု သြဂုတ်လမှာဆိုယင် ဒိုမီနီယံအစိုးရ ဖြစ်သွားကြတဲ့အခါမှာ သူတို့ရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်အတန်းထက် မြင့်သွားမယ်။ မြင့်သွားပြီးတော့ အဲဒီဟာထက် ပိုပြီး အရေးကြီးတာက ဘာအရေးကြီးသလဲ ဆိုယင် သူတို့ရဲ့ နယ်တွေမှာ ပေါ်မဲ့ တိုင်းပြုပြည်ပြုလွှတ်တော်တွေဟာ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားမယ်။ ဘယ်လို အချုပ်အချာ အာဏာတွေနဲ့ ပြည်စုံတဲ့ လွှတ်တော်တွေ ဖြစ်သွားမလဲဆိုယင် အဲဒီလွှတ်တော်က ဆွဲတဲ့ ဥပဒေကို ချက်ချင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ထက် အိန္ဒိယပြည်က တပန်းသာသွားတာလဲ ရှိတယ်။ ကျွန်တော်တို့ထက် လျော့နေတာလဲ ရှိတယ်။ ကျွန်တော်တို့က အဲဒီနေရာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က အချုပ်အချာ အာဏာ မရသေးဘူး။ မရသေးဘူးဆိုတာက ရအောင် လုပ်တဲ့နည်းတွေကတော့ အမျိုးမျိုး ရှိတာပေါ့လေ။ နောက် ကျွန်တော်ပြောပြမယ်။ ဒီဥပဒေသဘော ပြောရမယ်ဆိုယင်၊ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အဖွဲ့ရဲ့ အဆင့်အတန်းသာ ရသေးတယ်။ (Status) အဆင့်အတန်းကသာလျှင် ကျွန်တော်တို့ အချုပ်အချာ လွှတ်တော်ရဲ့ အဆင့်အတန်းသာ ရတယ်။ သဘောကတော့ ယခု ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် လုပ်ကြတယ်ဆိုယင် ဒီ လွှတ်တော်ကို ဘုရင်ခံ လာပြီးတော့ ရိုးရိုး ဥပဒေပြု လွှတ်တော် လာသလို လာပြီးတော့ စကား မပြောနိုင်ဘူး။ သူ လာပြီးတော့ကာ တိုင်းပြုပြည်ပြု လွှတ်တော်ကို နားထောင်ချင်တယ် ဆိုယင် ဧည့်သည်အဖြစ်နဲ့ လာနားထောင်နိုင်တယ်။ ဘုရင်ခံ အဖြစ်နဲ့ လာပြီး ကျွန်တော်တို့ကို ဘာလုပ်ပါ၊ ဘာလုပ်ပါလို့ မပြောနိုင်ဘူး။ ဒီတော့ ရိုးရိုး ဥပဒေပြု လွှတ်တော် ဆိုယင် အဲဒီ ဥပဒေပြု လွှတ်တော်ကို လာပြီး စကားပြောနိုင်တယ်။ အဲဒါမျိုးတွေ ဖြစ်တယ်။

အဲဒီတော့ ယခု အချုပ်အချာ အာဏာ သဘောမျိုး အဆင့်အတန်းဆိုပါတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် သူ့ဟာသူ လုပ်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် (Status) အဆင့်အတန်းမှာတော့ကာ အချုပ်အချာ အာဏာအဖွဲ့သဘောမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ဥပဒေသဘောနဲ့ ပြောမယ်ဆိုယင် အာဏာတော့ မရှိသေးဘူး။ အာဏာ ရအောင် လုပ်တဲ့နည်းကတော့ အခုတင်က အစီရင်ခံခဲ့တဲ့အတိုင်း ဖြစ်နေတော့ အိန္ဒိယပြည်က တိုင်းပြုပြည်ပြု လွှတ်တော်ဟာလဲဘဲ လွန်ခဲ့တဲ့ အခြေအနေတုန်းကတော့ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ထပ် ဒီလိုဘဲ မခြားနားတဲ့အခြေအနေမျိုး ရှိတယ်။

ယခုတော့ကာ အိန္ဒိယပြည်မယ် ရှိတဲ့ ပေါ်ပေါက်လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တွေဟာ ကျွန်တော်တို့ထက် ပိုပြီးတော့ကာ တဆင့်သာ သွားတယ်။ ဘယ်လို သာသွားသလဲ ဆိုလို့ ရှိယင် အချုပ်အချာ အာဏာလို အဆင့်အတန်းတွင် မကဘဲနဲ့ အာဏာများပါ ရတဲ့ အခြေအနေမျိုး ရောက်သွားတယ်။ အဲဒီတော့ကာ အဲဒီလို သာတဲ့ ဖက်ကလဲ သာတယ်။ သို့သော် သူတို့ ရှော်တဲ့ဖက်ကလဲ ဘယ်လို ရှော်သလဲဆိုတော့ သူတို့ကို အင်္ဂလိပ် အစိုးရက ဒိုမီနီယံ ပေးလိုက်တဲ့အခါမှာလဲ အဲဒီ ဒိုမီနိယံ အဖြစ်နဲ့ ဘယ်လောက် ကြာကြာ နေရသလဲ ဆိုယင် ဟိန္ဒူနဲ့ မူဆလင် စေ့စပ်တဲ့နေရာမှာ ကြာလျှင်ကြာသလောက် နေရပါတယ်။ ဘာဖြစ်လို့လဲ ဆိုယင် အင်္ဂလိပ် အစိုးရက နေစေချင်လို့ မဟုတ်ဘူး။ သူတို့ အချင်းချင်း မတဲ့လို့ နေရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ဒီလွတ်လပ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်နဝါရီလမှ ကျင်းပခဲ့တဲ့ ပဌမ ဖ၊ဆ၊ပ၊လ ဗမာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ် ညီလာခံကြီးက ဗမာပြည်ဟာ လုံးဝ လွတ်လပ်ရေးကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယံ စတိတ်ကိုမှ မလိုချင်ဘူး ဆိုပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက် အဖြစ်နဲ့ အတိအလင်း ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာခဲ့တဲ့အတိုင်းဘဲ ကျွန်တော်တို့ လွန်ခဲ့တဲ့ မေလအတွင်းမှာ ကျင်းပကြတဲ့ ဖ၊ဆ၊ပ၊လ ပဏာမ ညီလာခံမှာလဲဘဲ ကျွန်တော်တို့ဟာ ဒီဗမာပြည်ကြီးကို လုံးဝ လွတ်လပ်ပြီးတော့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပြီးတော့လဲဘဲ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ကြီးမှာလဲ ကျွန်တော်ကိုယ်တိုင် တင်သွင်းခဲ့ပြီးတော့ကာ ဒီအချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံကို တည်ထောင်မယ် ဆိုပြီးတော့ကာ အဲဒီ ဆုံးဖြတ်ချက်ကို တင်သွင်းလို့ ဆုံးဖြတ်လို့တောင် ပြီးပြီ။

ဒီတော့ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ် လုပ်တဲ့ အလုပ်ဟာ အင်မတန် ရှင်းပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီ လုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝ လွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့ လုပ်နေလျက်ပါဘဲ။ တနှစ်လဲဘဲ မပြည့်သေးပါဘူး။ တနှစ်စေ့လာတဲ့ အနေမျိုး၊ သို့သော်လဲဘဲ စေ့တယ်၊ ပြည့်တယ်ဆိုတဲ့ သဘောမျိုးကတော့ အလျော့အပေါ့ နဲနဲပါးပါး ပါချင်ပါမယ်။ သို့သော်လဲဘဲ ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီလို ဖြစ်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရအောင် မလုပ်နိုင်သေးဘူးလို့ ဆိုလို့ရှိယင် ကျွန်တော်တို့ ဟိုအခါမျိုးမှာ ကတိပျက်တယ်လို့ ပြောချင် ပြောမယ်။ သို့သော်လဲဘဲ အဲဒီ အချိန်အခါကလဲ မရောက်သေးဘူး။ ကျွန်တော်တို့ကလဲဘဲ အဲဒီအချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရနိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒီလို ကြိုးစားမယ်ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေတယ်။ ဒီလို လုပ်နေတဲ့အတိုင်း ကျွန်တော်တို့ လုပ်တဲ့ လုပ်ငန်းဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ အခုနေအခါ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုယင် အချိန်တွေ လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့ တနေ့ ခင်ဗျားတို့ မြင်လာတဲ့ တနေ့မှာ ကျွန်တော်တို့ လုပ်ငန်းတွေဟာ အောင်သလား၊ မအောင်ဘူးလားဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာဘဲ။

အဲဒီလို မြင်လာတဲ့အခါမှာ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့ နေရာမျိုးမှာ ဘယ်လို ထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျွန်တော် ဘာမှ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေဖို့ မလိုပါဘူး။ အဲဒီတော့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဘာမှ သွေဖီပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေး ရအောင် ဆိုပြီး လုပ်နေတာဘဲ။ သို့သော်လဲဘဲ အဲဒီလို လွတ်လပ်ရေး ရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံး နည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာ အပြစ်ပြောစရာ ခင်ဗျားတို့ ရှိသလဲ၊ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံး နည်းတွေနဲ့ ကျွန်တော်တို့ လွတ်လပ်ရေးကို ရအောင် ရှာတဲ့ နေရာမယ် ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ၊ အဲဒီတော့ကာ အဲဒီလို လုပ်တဲ့ နေရာမယ် ဒါတွေကို ရှင်းပြနေတဲ့ အထဲကနေပြီးတော့ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က ဒိုမီနီယံဘဲ လက်ခံတော့ မလိုလို ဘာလိုလို အစရှိသည်အားဖြင့် တချို့ကနေပြီးတော့ ဟိုရေး၊ ဒီရေး၊ ဟိုပြော၊ ဒီပြော ပြောတယ်။

ကျုပ်တို့ ဂရု မစိုက်ပါဘူး။ ခင်ဗျားတို့ တိုင်းပြည်က အဲဒီလို လူတွေ ပြောဒါတွေကို ယုံချင်တယ်ဆိုယင် ခင်ဗျားတို့ ယုံနိုင်တယ် (လက်ခုပ်တီးသံနှင့် သြဘာသံများ) ။ အဲဒီတော့ ဒီဒိုမီနီယံ ကိစ္စနှင့် ပတ်သက်ပြီး ဒိုမီနီယံ ပြောနေကြတဲ့ လူတွေကလဲ နားလည်လို့ ပြောနေကြတာ မဟုတ်ဘူး။ အမှန်စင်စစ်တော့ ကျွန်တော်တို့ ဗမာနိုင်ငံရေးမှာ ကျွန်တော် နဲနဲ (brutal truth) ဆိုမှာပေါ့။ တော်တော်ကလေးကိုဘဲ ရက်ရက်စက်စက် မှန်တယ်။ သခင်နုကတော့ ကျွန်တော့်ကို ခဏခဏ ပြောတယ်။ ခင်ဗျား (painful truth) သိပ်မပြောပါနဲ့လို့။ (painful truth) ဆိုတာ ဘာလဲ ဆိုယင် မှန်တော့ မှန်တယ်။ သို့သော် မှန်လွန်းအားကြီးလို့ မခံနိုင်ဘူး၊ အဲဒီလိုဖြစ်တယ်။ သို့ပေမဲ့ ဒီတခါလဲ ကျွန်တော် ပြောရအုံးမယ်။ ဘာပြောမလဲဆိုယင် ယခု ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ သတင်းစာ ဆရာတွေ လုပ်နေကြတယ်။ သူတို့ ရေးနေတာ သူတို့၊ သူတို့ ပြောနေတာ သူတို့ နားမလည်တဲ့ သူတွေ အများကြီးဘဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ် (လက်ခုပ်တီးသံနှင့် သြဘာသံများ)။ ခံချင်မှာတော့ မဟုတ်ဘူး။ ဘာပြုလို့လဲ ဆိုယင် နားမလည်ဘူး ပြောလိုက်တာကိုး၊ ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့၊ သို့သော်လဲဘဲ (It is painful truth) အဲဒါ တခါတည်းကို သွေးထွက်အောင် မခံချင်လောက်အောင် မှန်တယ်၊ မှန်တယ်ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်။ (လက်ခုပ်တီးသံနှင့် သြဘာသံများ)။

အဲဒီတော့ ကိုယ်ပြောနေတာ၊ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်း မသိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာ ဆရာတွေက တော်တော်ကလေး များတယ်။ အဲဒီလို ဖြစ်နေတော့ ကျွန်တော်လဲ နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားကအစ ကျွန်တော် တခါတည်း တိုင်းပြည်ကို နောင် အခွင့်သင့်လို့ရှိယင် အပတ်စဉ် အပတ်စဉ် ဖြစ်စေ၊ တခါတည်း ရက်ဆက် သဘောမျိုး ဖြစ်စေ၊ တခါတည်း အဲဒီလို ရှင်းလင်း ပြသွားချင်ပါသေးတယ်။ အဲဒီအခါကျယင် နိုင်ငံရေးဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေး ဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ ဒီဟာက ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းပြချင်တယ်။ ခေါင်းဆောင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းချင်တယ်။ သို့ပေမဲ့ ဝမ်းထဲမှာတော့ အများကြီးဘဲ၊ ပုံနေတာဘဲ၊ သို့သော်လဲဘဲ ကျွန်တော့်မှာ အချိန်က မရတော့ မရှင်းနိုင်အားဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ ပြောချင်တာပြော၊ ကြည့်နေရတာဘဲ။ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာ ကြားပြီး၊ ထင်ချင်တာ ထင်နေတာဘဲ ဆိုတာလဲ ကျွန်တော် သိပါတယ်။ (လက်ခုပ်တီးသံနှင့် သြဘာသံများ)။

အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားကြည့်စေချင်တာက ဒီ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်လဲ ဆိုတာ ရာဇဝင်နှင့် ပြန်ကြည့်စေချင်တယ်။ လူတွေကိုလဲ ရာဇဝင်နှင့် ပြန် ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်ခဲ့တဲ့ နိုင်ငံရေး အဖွဲ့တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ စဉ်ပြီး၊ မာတိကာ စဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ၊ ဘယ်လို အဖွဲ့လဲ ဆိုတာ၊ အဲဒီအခါမှာ အဖြေ ထွက်လာမယ်။ ယခုအခါမှာ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ သို့သော်လဲဘဲ ကျွန်တော်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုယင် အတိုက်အခံ ဆိုတာ ရှိစမြဲပါဘဲ။

ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိယင်၊ ကျုပ်တို့လဲ မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့် မကင်းတဲ့အပြင် တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလို တပ်ပျက်ဗိုလ် လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အမြား ရှိတယ် ဆိုတာ ကျုပ်တို့ ကိုယ်တိုင် သိတယ်။ ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက် မရှိတဲ့ အစိုးရ မရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာ ရှင်းရှင်း ထားပြီးတော့ တဆင့်ထက် တဆင့် ကျွန်တော်တို့ လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။ (သြဘာသံများ)။ ရက်မကြာခင်လောက်ဆိုယင် သခင်နုတို့လဲ ပြန်လာမယ်။ နောက် တော်တော်လေး ကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုး လုပ်လာနိုင်ပါဦးမယ်။ အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည် ပြန်လည် ထူထောင်ရေးမယ် လုပ်တဲ့ လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခု လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး တဆင့် တက်လာတာကိုသော်၎င်း၊ အဲဒီလို တက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံ မကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်က ရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိပါဘူးဆိုတာ ကျုပ် ပြောရဲတယ်။ (သြဘာသံများ)။

အရင် အစိုးရတွေတုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ ပါတီ ပြန် အာဏာရအောင် ခြေထိုးကြတဲ့ ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့ လူတွေဟာ စေတနာ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ ရန်သူ နံပတ် ၁ တွေ ဖြစ်တယ်။ (သြဘာသံများ)။ အဲဒီ ရန်သူ နံပတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုယင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာဘဲ၊ (သြဘာသံများ)။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည် လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့ အစိုးရ ဖြစ်နေတာ၊ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့ သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လို လူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမဲ့ လူစားမျိုးတွေလား၊ ရာဇဝင်မှာ အဆဲခံမဲ့ လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူးဆိုတာကို ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိယင်၊ စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲဆိုလို့ ရှိယင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်း၊ ညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များကြတယ်။ တချို့ကလဲဘဲဟာ- လွတ်လပ်ရေး ရပြီဆိုတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တခါကတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး၊ ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းက ဆိုလို့ရှိယင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော် တွေ့ခဲ့တယ်။ ဘာတွေ့သလဲ ဆိုယင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းတယ်။ အဲဒီတော့ လမ်းသွား လမ်းလာ လုပ်တဲ့လူတွေ အတော် ဂွကျတယ်။ အဲတာဟာ လွတ်လပ်ရေး မဟုတ်ဘူး။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တဦးတယောက် ကောင်းစားဖို့ ဖြစ်စေ၊ တမျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတဦးတယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့် တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးဘဲ။

ဥပမာ ခင်ဗျား စီးပွားရေး ဖြစ်ထွန်းအောင် လုပ်တဲ့ နေရာမှာ အနှောင့်အရှက် မရှိစေရဘူး။ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်လို့ ရှိယင် အနှောင့်အရှက် မရှိစေရဘူး။ တိုင်းပြည်တပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခြေအနေ ရှိရမယ်။ သို့သော်လဲ အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ရှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။ အဲတာက ဘာလဲ ဆိုယင် (Licence) ခေါ်တယ်။ ဒါဟာ ရမ်းကားမှုသာ ဖြစ်တယ်။

ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောမျိုး သာ ဖြစ်တယ်။ စည်းနဲ့ ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေး ဆိုတာ ဖြစ်နိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့ အခါမှာလဲ နားလည်ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့ လိုတယ်။ ငါတို့ တိုင်းပြည်ဟာ လွတ်လပ်ရေး ရအောင်လဲဘဲ စည်းကမ်း ရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလို အားဖြင့် စည်းကမ်း သဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ် လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ် ရမယ်။

နောက်ပြီးတော့ လွတ်လပ်ရေး ရတဲ့အခါမှာ လွတ်လပ်ရေး အခွင့်အရေးတွေ ရတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေးတွေ ပိုရတာလဲ ရှိတယ်။ အခွင့်အရေးတွေ ပိုရသလိုဘဲ တာဝန်တွေလဲ ပိုလာလိမ့်မယ်။ ဘယ်လို တာဝန်တွေ ပိုလာမလဲဆိုလျှင် ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီဗမာပြည်ကို ကာကွယ်ဖို့ တာဝန်ဟာ အင်္ဂလိပ်ရဲ့ တာဝန်သာ ဖြစ်တယ်။ သို့သော်လဲ ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့ ဗမာတွေကသာလျှင် ဗမာပြည်ကို ကာကွယ်ရမဲ့ တာဝန်ဟာ အဓိက ဖြစ်တယ်။ ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေးဆေးဆေး နေလို့ မဖြစ်နိုင်တော့ဘူး။ ကျုပ်တို့ တိုင်းပြည် အစိုးရ လုပ်တဲ့ လူတွေက တိုင်းပြည် ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းနေတယ်လို့ ဆိုလို့ရှိယင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက်တဲ့လူ မှန်သမျှ ကျန်းမာတဲ့လူ မှန်သမျှ စစ်မှု မထမ်းမနေရ ဆိုပြီးတော့ အတင်း ဥပဒေနဲ့ စစ်ထဲကို ထည့်ရလိမ့်မည်။ အဲတာမျိုးတွေ လုပ်တန် လုပ်ရလိမ့်မည်။ နှစ်နှစ် တန်သည်၊ သုံးနှစ် တန်သည် စစ်ထဲ ဝင်ရမယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့ အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင် တိုက်ချင်၊ မတိုက်ချင် မတိုက်ချင် ဝင်တိုက်ရမှာဘဲ။ အဲတာကလဲ တာဝန်ဘဲ။ ဒါဟာ လွတ်လပ်ရေး ရတဲ့အခါမှာ ဖြစ်ရမဲ့ တာဝန်မျိုးဘဲ။ လွတ်လပ်ရေး ရတဲ့အခါမှာ ဖြစ်ရမဲ့ တာဝန်တွေဘဲ။

အဲဒီအတိုင်းဘဲ ကျွန်တော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့ အခါမှာလဲ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ် အမေရိကန်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက် ယူနီယံလို ဖြစ်ချင်သလား။ ဖြစ်ချင်တာတွေ အပေါ်မှာ မှီပြီးတော့ ခင်ဗျားတို့ အလုပ် မလုပ်ဘဲနဲ့တော့ ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောပြချင်တယ်။ အလုပ် မလုပ်ဘဲနဲ့တော့ မဖြစ်ဘူး။

အဲဒီတော့ကာ ဘိလပ်မှာ အခု ဒီစစ်ကြီး ပြီးတဲ့အခါမှာ အင်မတန်ဘဲ မွဲနေတယ်။ အရင်တုန်းကတော့ သူတို့ တိုင်းပြည်က ထွက်တဲ့ ကုန်က သူ့တိုင်းပြည်ကို သွင်းတဲ့ကုန်ထက် အဆပေါင်းများစွာ ပိုတယ်။ ပိုတဲ့အတွက်လဲဘဲ သူတို့ တိုင်းပြည်မှာ ဝင်ငွေတွေ တော်တော်များများ ရပြီးတော့ သူတို့ တိုင်းသူပြည်သားတွေကို တော်တော်ကလေး ချောင်ချောင်ချိချိ ဖြစ်အောင် သူတို့ ထားနိုင်တယ်။ သို့သော်လဲ ဒီစစ်ကြီး ပြီးတဲ့နောက် အင်္ဂလိပ်အစိုးရအဖို့မှာ ဆိုယင် ဒီနိုင်ငံခြားမှာ သူတို့ ရှိနေတဲ့ ငွေပင်ငွေရင်း စိုက်ထားတဲ့ လုပ်ငန်းတွေဟာ အမေရိကန်ကို ရောင်းပစ်လိုက်ရတာလောက် ချည်းပဲ ဖြစ်တယ်။ နောက်ပြီး ကြွေးလဲဘဲ တော်တော်များများကို တင်တယ်။ ကုဋေ ၁၅၀၀ လောက်ကို တင်တယ်။ ရွှေဒင်္ဂါး ကုဋေသန်းပေါင်း ၁၅၀၀ လောက် တင်တယ်ခင်ဗျာ့။ အဲဒါမျိုးအပြင် နောက်ပြီးတော့ သူ့တိုင်းပြည်မှာ ရှိတဲ့ ပစ္စည်းတွေဟာလဲဘဲ အတော်ကလေး ဆုံးသွားတယ်။ ဆုံးရုံတွင် မကဘူး။ နိုင်ငံခြားကို ကုန်ကူးတဲ့ နေရာမှာ ထွက်ကုန်က ဝင်ကုန်ထက် အများကြီး နည်းနေတယ်။ အဲဒီတော့ကာ အခု ဒီစစ်ပြီးတဲ့အခါမှာ ရှေးက နဂိုအနေကို အမြန်ဆုံး ပြန်ရအောင် ဆိုပြီးတော့ အမြန်ဆုံး ပြန်ရအောင် ဆိုပေမဲ့ တနှစ်တည်းနဲ့ မရဘူး၊ နှစ်နှစ်တည်းနှင့် မရဘူး၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနှစ်နှစ်၊ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ် အဲဒီလို သူတို့ လုပ်ယူရမယ်။

အဲဒီအထဲမှာ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုတာမျိုးလို သူတို့ တိုင်းပြည်မှာ တလောတုန်းက ရာသီဥတု ဆိုးဝါးပြီးတော့ကာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေကလဲ အကြီးအကျယ် ပျက်စီးသွားတယ်။ နောက် ကျောက်မီးသွေး လုပ်ငန်းတွေလဲဘဲ အတော် အကြီးအကျယ် ထိခိုက်သွားတယ်။ အဲဒီ အကြောင်းတွေကြောင့် သူတို့ အတော့်ကိုဘဲ ကြီးပွါးရေး လုပ်ငန်းတွေ ထိခိုက်နေတော့ကာ နဂိုအခြေအနေကို ၄၊၅၊ ၁၉ နှစ် ဆိုသလိုနဲ့ အမြန်ဆုံး ပြန်ရောက်အောင် ဆိုပြီးတော့ သူတို့ ဘာကြိုးစားနေသလဲ။ အင်္ဂလိပ်ပြည်မှ ထွက်တဲ့ ပစ္စည်း၊ အင်္ဂလိပ်ပြည်မှ လုပ်တဲ့ ပစ္စည်းတွေကို အင်္ဂလိပ်တွေ မဝယ်နိုင်ဘူး။ ဘာပြုလို့လဲ။ ဥပမာ အဝတ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်တယ်။ အဲဒီတော့ လုပ်တဲ့ အဝတ်အထည်ကို အင်္ဂလိပ်ပြည်က လုပ်ပေမဲ့ အင်္ဂလိပ်လူမျိုးတွေကို တနှစ်ကို နှစ်ထည်၊ သုံးထည် အစရှိသည်အားဖြင့် လိုသလောက်ထက် ပိုပြီး မဝတ်ရအောင်၊ ကူပွန်ဆိုတာတွေ ပေးပြီးတော့ ဆိုင်တွေမယ် ရောင်းတယ်။ အဲဒီ ကူပွန်ရမှ ဝယ်နိုင်တယ်။ အဲဒီတော့ ဒီလို ဝယ်နိုင်တော့ကာ အဲဒီလို ပေးပြီးတော့ ရောင်းတဲ့၊ အဝယ်ခိုင်းတဲ့ ပိုတာတွေ မှန်သမျှကို ဘာလုပ်သလဲဆိုယင် နိုင်ငံခြားကို ထုတ်ပြီးရောင်းတယ်။ နိုင်ငံခြားက တခါ ဘိလပ်ကို သွင်းတဲ့ ပစ္စည်းတွေ ကျတော့လဲဘဲ အရင်ကလိုအတိုင်း မသွင်းဘဲနဲ့ လျှော့လျှော့ပေါ့ပေါ့ တင်သွင်းပြီးနောက် အဲဒီ နိုင်ငံခြားက သွင်းတဲ့ အချို့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ချွေချွေတာတာ အရင်ကထက် အများကြီး လျှော့ပေါ့ပြီး အသုံးခိုင်းတယ်။ သူတို့ဆီမှာ ဆိုယင် ရှေးက စားရတဲ့ ပေါင်မုန့်နဲ့ အခု စားရတဲ့ ပေါင်မုန့်နဲ့ ဆိုယင် အခုအခါမှာ အင်မတန်ကို လျှော့ပြီး စားရတဲ့ အချိန်အခါမျိုး စားရတယ်။ ဒီလို ချွေတာပြီး အခုနေအခါမယ် လုပ်မှ နောက် လေး၊ ငါး၊ ခြောက်နှစ်၊ ခုနှစ်နှစ်၊ ဆယ်နှစ် အစရှိသဖြင့် အဲဒီလို ရှိလာတဲ့အခါကျမှ အင်္ဂလိပ်ပြည်ဟာ အရင် နဂို အခြေအနေကို ပြန်ရောက်နိုင်မည့် အကြောင်းရှိတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နေမယ်ဆိုယင်တော့ သူတို့ မရနိုင်ဘူး။

အဲဒီတော့ကာ ဒီလို တိုင်းပြည် ကျကျနန ဖြစ်အောင်၊ ထူထောင်နိုင်အောင် ဆိုယင် အင်္ဂလိပ်တွေဟာလဲ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်ပင်ဖြစ်ငြားသော်လည်း အလုပ် လုပ်ရတယ်ဆိုတာကို ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီအတိုင်းဘဲ ဆိုဗီယက် ယူနီယံဆိုတဲ့ တိုင်းပြည်ကြီးဟာ တော်လှန်ရေးတွေ ဖြစ်ပြီးတဲ့နောက်၊ ပဌမ ရှေးဦးစွာ စစ်အတောအတွင်းမှာတော့ ဝါးကွန်မြူနစ်ဇင် (War Communism) ဆိုတာ ဒီအတောအတွင်းမှာ လုပ်တဲ့ ကွန်မြူနစ်စံနစ်ဆိုပြီးတော့ လုပ်တယ်။ အဲဒီပြီးတဲ့နောက် စစ်ပြီးတဲ့ အခါမှာလဲ (New Economic Policy) ခေါ်တဲ့ စီးပွားရေးစံနစ် သဘောမျိုးဘဲ လုပ်ရတယ်။ အဲဒီလို လုပ်ပြီးတဲ့ နောက်မှ တခါ ငါးနှစ် စီမံကိန်းတွေ ဆိုပြီးတော့ ငါးနှစ် စီမံကိန်းတွေ ဆိုဗီယက် ယူနီယံမှာ လုပ်ခဲ့တယ်။ အဲဒီလို ငါးနှစ် စီမံကိန်းတွေ လုပ်စဉ်အခါတုန်းက ဒီတနိုင်ငံလုံးရဲ့ အခြေအနေ အားလုံးကို ခြုံကြည့်ပြီးတော့ တတိုင်းတပြည်လုံး ကောင်းဖို့၊ အမြဲတမ်း ကောင်းဖို့ကို ရှေ့ရှုကြည့်ပြီးတော့ လုပ်ရတဲ့အခါ ဖြစ်တဲ့အတွက် လူတွေဟာ စားချင်းတိုင်း ပဌမ မစားရဘူး။ ဝတ်ချင်တိုင်း မဝတ်ရဘူး။ နေချင်တိုင်း မနေရဘူး။ အဲဒီလို ဖြစ်ရတယ်။ ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြမယ်ဆိုလို့ရှိယင်လဲ (National Planning) ခေါ်တဲ့ အဲဒီ စီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေက ပေါက်လာမှာ မဟုတ်ပါဘူး။

ပဒေသာပင် ပေါက်အောင်ဆိုယင်၊ ကျွန်တော်တို့ အလုပ် လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း၊ လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုယင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာဘဲ ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။

ဒီတော့ အဲဒီ လွတ်လပ်ရေး ရတဲ့အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် ၂၀ လောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်း ပြောရယင်၊ စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာ စကား ခပ်ရိုင်းရိုင်း ပြောမှ လူတွေက မှတ်မိတယ်။ စကားခပ်ရိုင်းရိုင်း ဆိုယင် အတော့ကို ပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ အဲဒါ အတော့်ကို ကုန်းလုပ်နိုင်မှ၊ ရုန်း လုပ်နိုင်မှ၊ အနှစ် ၂၀ လောက် ရှိတဲ့အခါမှာ တော်ကာ ကျမယ်။ အဲဒီလို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ် မလုပ်ဘဲ နေမယ်ဆိုလို့ ရှိယင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင် မှီမှာ မဟုတ်ပါဘူး။ ယိုးဒယားပြည်ဆိုလို့ ရှိယင် လွတ်လပ်တဲ့ နိုင်ငံထဲမှာ ညံ့ညံ့ဘဲ။ ညံ့ညံ့ပင် ဖြစ်ပေမဲ့ ကျွန်တော်တို့ ဗမာပြည်နဲ့ စာလိုက်ယင်တော့ ကျွန်တော်တို့ ဗမာပြည် လွတ်လပ်ယင် လွတ်လပ်ချင်းဘဲ၊ ယိုးဒယားပြည်က ကျွန်တော်တို့ထက်တော့ သာတာဘဲ။ ဘယ်လို သာမလဲ ဆိုယင် စစ်တပ်တွေ ဆိုလို့ ရှိယင်လဲ ကောင်းကောင်း ရှိတယ်။ ရေတပ်တွေလဲ ရှိတယ်။ လေတပ်တွေလဲ ရှိတယ်။ အခြား စစ်တပ်တွေလဲ တော်တော်များများ ရှိတယ်။ အဲဒီလို အားဖြင့် ယိုးဒယားက ရှိတာ ရှိတယ်။ ကျွန်တော်တို့မှာ အဲဒီလို မရှိသေးပါဘူး။

ဒီတော့ ကျွန်တော်တို့က တကယ်ဘဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာဆိုတော့ အခြား နိုင်ငံတွေက ခြေလှမ်း တလှမ်း လှမ်းယင်၊ တခြား လွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တလှမ်း လှမ်းယင် ကျွန်တော်တို့က ခြေလှမ်း ၄၊၅၊၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူ ညီမျှ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမဲ့ ဟိုလူ့ မြင်တဲ့အခါမှာ မျက်နှာချို သွေးရ၊ ဒီလူ့ မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ ဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်။ (သြဘာသံများ)။ အားမှ မရှိသေးတော့ အဲဒီလိုဘဲ ဖြစ်နေမှာဘဲ။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တခါထဲ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့လူတွေ စည်းစည်းရုံးရုံးနဲ့ ရှိပါမှ ဖာသယ်သဘောမျိုး ၊ နိုင်ငံမျိုး မဖြစ်ဘဲ နေမှာ။

အဲဒီတော့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လဲ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာဘဲလို့ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။

ဒီတော့ ယခု ဖြစ်နေတဲ့ အခြေအနေမှာ ဆိုယင် ၊ လွတ်လပ်ရေး ကိစ္စနဲ့ ကျွန်တော်တို့ မြင်တာပြောရမယ်ဆိုယင်၊ လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ကလေး များပါတယ် ဆိုတာ ကျွန်တော် ပြောချင်တယ်။ သို့ပေမဲ့လဲ ကျွန်တော်တို့ ဗမာစကားလဲ ရှိတယ်။ အင်္ဂလိပ်စကားလဲ ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don’t halloo till you are out of wood. အရင် တခါလဲ ကျွန်တော် ပြောပြီးသွားပါပြီ။ စစ်ပွဲကြီးအတွင်းက တောကြီးမျက်မဲ အတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီးလို့ မအော်ပါနဲ့ ဆိုတဲ့သဘောမျိုးဘဲ။ အဲဒီ အတိုင်းဘဲ။ ကျွန်တော်က တခါ ခြင်္သေ့မင်း ဥပမာကို ပြောရမယ်ဆိုယင် ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာ ငယ်တာ ပဓာန မထားဘဲနဲ့၊ ကြီးကြီးငယ်ငယ် လုံ့လ စိုက်တဲ့နေရာမှာ အဲဒီအတိုင်းဘဲ လုံ့လ စိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းဘဲ ကျွန်တော်တို့က ပန်းတိုင် ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့ မဖြစ်နိုင်ဘူး။ လုံ့လ ဝိရိယကို လျှော့လို့ မဖြစ်နိုင်ဘူး။ ဆထက် ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။

ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တခု ရှိတယ်။ ဘာစောက်ကျင့် တခုရှိသလဲဆိုယင်၊ ဒါကလဲဘဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေပြိုင်ပွဲ တခု ရှိတယ်။ လှေပြိုင်ပွဲ လုပ်ခဲ့တယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမှာ ဘာဖြစ်သလဲ ဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့ အစင်းက ပန်းတိုင်မရောက်သေးဘူး၊ ရှေ့ကို နဲနဲ ရောက်တယ်ဆိုယင်ဘဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ… ရှုံးတဲ့ နောက်က နေတဲ့လှေကလဲဘဲ ပန်းတိုင် မရောက်သေးဘူး၊ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါပဲကွာ ဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုယင် တကယ့်တိုင်းပြည် ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့စိတ်ဓာတ်မျိုး မဟုတ်ဘူး။ အဲဒီ စိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်မဲ့ စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန်ဖြစ်နေမှာဘဲ။ လွတ်လပ်ရေး ရယင်လဲ မြန်မြန် ပြန်ကျွန်ဖြစ်မှာပါဘဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင် ကျွန်မဖြစ်တဲ့ တိုင်အောင် ခုနကလို ဖာသယ် လွတ်လပ်ရေး ဖြစ်နေမှာဘဲ။ ဘယ်လိုလဲ ဆိုယင် အကျင့်က အဲဒီလို နဲနဲလေး နိုင်လာတယ်။ ရှေ့က သာလာတယ်ဆိုယင် တက်ထောင်ချင်တဲ့ အကျင့် ရှိတယ်။ လှေတစင်းဟာ အဲဒီလို ရှေ့က သာလာလို့ တက်ထောင်မိတာနဲ့ ပွဲတပွဲမှာ ရှုံးကိုသွားတယ်။ အဲဒီလို ဖြစ်တယ်။

ပြီးတော့ ဘောလုံးပွဲကိုကြည့်။ ကျွန်တော်တို့ ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုယင် ကိုယ်က ပဌမ စဂိုးသွင်းရတယ် ဆိုယင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့၊ ကန်တာနဲ့၊ ပြုတာနဲ့ နောက်တခါ အဲဒီလို ဖြစ်တဲ့အခါမှာ တော်တော်လေး ဂိုးလေးများလာတယ်ဆိုယင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါ နိုင်မှာဘဲ ဆိုပြီး အဲဒါနဲ့ နေပြီး တဖက်ကနေပြီး နောက်ဆုံး အပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်၊ ရှုံးတာဖြစ်ဖြစ်၊ ဖြစ်သွားတာမျိုးလဲ ကျွန်တော်တို့ ဘောလုံးပွဲ ရာဇဝင်မှာ ခင်ဗျားတို့ ပြန်စဉ်းစားယင်တော့ တွေ့မှာဘဲ။ ဒါတင် မကသေးဘူး။ ဒီ ရှုံးသွားတဲ့ လူကလဲ ဘောလုံးကန်လို့ရှိယင် ပဌမအပိုင်းမှာ နာရီဝက်မှာ ရှုံးသွားယင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယ နာရီဝက်မှာ ကန်လို့ ၁၀ မိနစ်လောက် ကြာတော့ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ဘူးဆိုယင် အဲဒီအခါကျယင် လူကို ချတယ်။ ဒါ ကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲ အကျင့်ဘဲ။ အဲဒါ sporting spirit မရှိဘူး။ ဒါ ဘာလဲဆိုလို့ ရှိယင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် ထက်တယ် ဘာညာနဲ့ တလွဲဆံပင် ကောင်းနေတယ် ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေး ရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည် ပြန်လည် ထူထောင်ရေး လုပ်တဲ့ နေရာမျိုးမှာ အသုံး မချတတ်ဘူး။ ဗမာ ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်၊ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုး မရှိဘူး။ ဒီ တိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ယင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။

အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီစိတ်ဓာတ်မျိုးကို လုံးဝ ဖျောက်ပစ်ဖို့ လိုတယ်။ ကျွန်တော်တို့ဟာ ဘာအလုပ်ဘဲ လုပ်လုပ်၊ နောက်ဆုံးတနေ့ပြီးတဲ့ အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ် ထင်တယ် ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့ လုပ်သွားရတယ်။ စစ်တိုက်တဲ့ နေရာမှာလဲ အဲဒီအတိုင်း သွားရမယ်။

အင်္ဂလိပ်တွေကို ကြည့်။ အဂ်လိပ်တွေဟာ ကျွန်တော်တို့အပေါ်မှာ အုပ်ချုပ်နေလို့ ကျွန်တော်တို့က မုန်းပေမဲ့ အင်္ဂလိပ်တွေမှာ ချီးမွမ်းစရာတွေ အများကြီး ရှိတယ်။ ခု ပြီးခဲ့တဲ့ စစ်ကြီးမှာ သူတို့ ဘယ်လောက် အကျဉ်းအကျပ် ရောက်သလဲ၊ အဲဒီ အကျဉ်းအကျပ်ထဲက နေပြီးတော့ကာ တခါတည်းကို လွတ်မြောက်လာအောင်၊ ဘယ်လောက် တခါတည်းကို အံကြိတ်ပြီးတော့၊ ခါးတောင်းကျိုက်ပြီးတော့ ကြိုးစားလာသလဲ။ ဒီ မူတွေကို ကြည့်ပါ။ အခုလဲဘဲ သူတို့ တိုင်းပြည်မှာ နေတာတွေကိုကြည့်။ သူတို့တိုင်းပြည်လဲဘဲ အခုလို ကျပ်ကျပ်တည်းတည်း နေရတာ လူတွေ မညည်းဘူးလားဆိုတော့ ပုထုဇဉ်ဘဝ ညည်းတော့ ညည်းကြမှာပါဘဲ၊ ညည်းကြတယ်၊ ညည်းပင် ညည်းငြားသော်လဲဘဲ စည်းနဲ့ကမ်းနဲ့ ညည်းကြတယ်။ စည်းနဲ့ကမ်းနဲ့ အလုပ် လုပ်ကြတယ်။ အဲဒီလို လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့၊ စည်းကမ်းကို ယခုအခါမှာ မရှိဘဲ ဖြစ်နေတယ်။ စည်းကမ်း မရှိတော့ကာ ယခု နိုင်ငံရေး လုပ်တဲ့နေရာတွေမှာ ယခုအခါမှာ၊ နယ်ချဲ့သမား သဘောကျမဲ့ အလုပ်မျိုးကို လုပ်နေတယ်။ ယခု ကျွန်တော် တိတိလင်းလင်း ပြောထားစမ်းမယ်။ ဗမာပြည်မှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ ရှိယင်၊ နောက်ပြီးတော့ကာ လက်ဝဲသမားဆိုတဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ယင် အဲဒီ အင်အားဟာကြီး ကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။ အဲဒီ အင်အားဟာငယ် ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ် ဆိုပေမဲ့ နည်းနေမယ်။ အခွင့်အရေး နည်းနေမယ်။ နောက်တခါ အဲဒီလို နေရာမှာ နိုင်ငံရေးသမားတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြယင်တော့ဖြင့်ယင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ အဲဒါ အင်္ဂလိပ်က ပေးချင်တာ မဟုတ်ဘဲနဲ့၊ အိန္ဒိယမှာဆိုယင် မယူမဖြစ်တဲ့ အခြေအနေမျိုးကို ရောက်ပါလိမ့်မယ်။ အဲဒီတော့ အဲဒါမျိုးတွေကိုလဲ သတိထားဖို့ ရှိပါတယ်။

အဲဒါတွေကို အားလုံးကုန် သတိထားပြီး၊ ယခုတိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ပြောပြချင်ပါသေးတယ်။ ဒီတိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက်ပြီးတော့ကာ ယခု ကျွန်တော်တို့ ရှိနေကြတဲ့ အခြေအနေမှာ အင်မတန်ဘဲ ဆိုးနေတယ်၊ ကျွန်တော် ဗမာပြည်ဟာ ဒီစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေထဲမှာ မိအေး နှစ်ခါ နာ ဖြစ်တဲ့ ဗမာနိုင်ငံလို နိုင်ငံ မရှိသေးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဂျပန်ဝင်လာတုန်းကလဲ စစ်မြေပြင်ဘဲ။ အင်္ဂလိပ် ပြန်ဝင်လာတော့လဲ စစ်မြေပြင်ဘဲ။ အဲဒီလို မိအေးနှစ်ခါနာ ဖြစ်တဲ့ ဗမာပြည်ဟာ အင်မတန်ဘဲ စီးပွားရေးမှာ ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာလဲဘဲ စီးပွားရေး ပျက်စီးတယ်။ အင်္ဂလန်ပြည်မှာ စီးပွားရေး ပျက်စီးတော့ အင်္ဂလိပ် လူမျိုးတွေကတော့ စီမံကိန်းတွေ ဘာတွေနဲ့ သိပ်ပြီးတော့ ကျကျနနတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ စာရင် အင်မတန်ကို စံနစ်ပိုကောင်းတယ်။ အဲဒါတွေ လုပ်ပြီး၊ ချွေချွေတာတာနဲ့ နောင် ၄ - ၅ - ၁၉ နှစ် ကြတဲ့အခါကျလို့ ရှိယင် တကယ် ချောင်လည်လာအောင် ဆိုပြီး ကြိုးစားနေကြတယ်။ အဆင့်အတန်း မြင့်သထက် မြင့်အောင် ကြိုးစားနေကြတယ်။ ဆိုဗီယက် ယူနီယံမှာဆိုယင် စစ်ကြီး ပြီးယင် ပြီးချင်း ငါးနှစ် စီမံကိန်းဆိုတာ လုပ်ပြီးတော့ကာ တခါထဲ ယခု ခြိုးခြံမှုတွေ လုပ်နေတယ်။ ဆိုဗီယက် ယူနီယံမှာ ရှေးကလို စားရ၊ သောက်ရ၊ နေရ၊ ထိုင်ရတာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုယင် စစ်ကြောင့် အင်မတန်ဘဲ ပျက်စီးတဲ့အတွက်၊ ပြန်ပြီးတော့ ချွေတာရတဲ့အခြေအနေမျိုး ပြန်ရောက်လာတယ်။ အဲဒီလို ဖြစ်နေတယ်။

ကျွန်တော်တို့ ဗမာပြည်မှာတော့ ဒါ နိုင်ငံခြား ထွက်ကြည့်မှ ခင်ဗျားတို့ သိမယ်။ စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည် ရောက်ဘူးတယ်။ ဂျပန်ပြည် ရောက်ဘူးလို့ ဂျပန်ပြည်က လူတွေဟာ ကျွန်တော်တို့ ဗမာပြည်လို ဝဝလင်လင်၊ ပေါပေါများများ မစားရဘူး။ အဝတ်အထည်တွေမှာလဲ ပေါပေါများများ မဝတ်ရဘူး။ အစာ စားတဲ့နေရာမှာလဲ ၊ ဝဝလင်လင် မစားရဘူး။ နေရတဲ့ နေရာမှာတော့ သပ်သပ်ရပ်ရပ် နေရတယ်။ ဒါတော့ မှန်တယ်။ ဒါတော့ နှစ်ရှည်လများ လုပ်ထားတဲ့အတွက် သပ်သပ်ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ပြည်ကတော့ အဲသည်လို မဟုတ်ဘူး။ ပုံပေါလအော စားသောက် နေထိုင်နေကြတာဘဲ။ ကျပ်ကျပ်တည်းတည်း ဆိုတဲ့ အထဲကနေပြီးတော့ အဲဒီလို နေကြတာဘဲ။ ဟိုတုန်းက ဂျပန်ပြည်ဟာ စံနစ်မကောင်းလို့ ဒီလို ကျပ်တည်းနေရတယ် ထင်တယ်လို့ ကျွန်တော် စိတ်ထဲမှာ အောက်မေ့နေတယ်။ အခု ဒီစစ်ကြီး ပြီးတော့ ကျွန်တော် လိုက်ကြည့်တယ်။ စာထဲမှာလဲ ဖတ်ရတယ်။ ကိုယ်တိုင်လဲ မြင်ရတဲ့ နိုင်ငံတွေလဲ ရှိတယ်။ အိန္ဒိယပြည်ကို သွားကြည့်ပါ။ ဥပမာ ဟော်တယ်တွေ သွားယင် ကိုယ့်မိတ်ဆွေတွေ ခေါ်ပြီး ကျွေးချင်တိုင်း မကျွေးနိုင်ဘူး။ တခါကို ၂၄ ယောက်ထက် ပိုပြီး မကျွေးနိုင်ဘူး။ ပေါင်မုံ့ မရဘူး။ အာလူး တခုတည်း ရတယ်။ ထမင်း အလျှင်း မရဘူး။ နောက်ပြီးတော့ တခါတည်း ဟင်းလဲ တမယ်ထက် မပိုရ။ ကျွန်တော်တို့ ဆန်းကဖေးတို့ သွားစားတဲ့ လူတွေက ဟင်းတမယ် မကဘူး၊ နှစ်မယ် မကဘူး၊ သုံးမယ် မကဘူး။ လေးမယ် မကဘူး၊ စားချင်သလောက် စား၊ ဘာအကန့်အသတ်မှ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတယ်။ အင်္ဂလန်ပြည်မှာ အဲတာ မရဘူး။ ဟင်းတမယ် ထမင်း မရဘူး။ ဆန် မရဘူး။ ပေါင်မုန့် ဆိုယင် အရင်ကထက် လျှော့ရတယ်။ တခြားတိုင်းပြည်တွေမှာ အဲဒီလို ချွေချွေတာတာ ကြိုးပမ်းပြီးတော့ အခုနေအခါမယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်က ကျပ်ကျပ်တည်းတည်း နေရတဲ့အထဲက ဒီလို ပုံပေါလအော သုံးကြတုန်း စွဲကြတုန်းဘဲ။

အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ ပြောတယ်။ ဆီမရှိ မစားနိုင်တာကတော့ မှန်ပါတယ်။ သို့သော် ဒီ ဆီတွေဟာ ဘာအတွက် သုံးနေကြသလဲ။ ပုံပေါလအော သုံးသလား၊ မသုံးဘူးလား၊ စျေးတွေ သွားကြည့်စမ်း၊ အိမ်တွေ သွားကြည့်ပါ။ ပုံပေါလအော သုံးသလား၊ မသုံးဘူးလား၊ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကို ဒီလို ပုံပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား။ ခင်ဗျားတို့ ဆီတွေကို ပုံပေါလအော သုံးနေတာ၊ ခင်ဗျားတို့ စိတ်ထဲမှာ ဘာမှ အရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ပုံပေါလအော သုံးတဲ့အတွက် ကုလားပြည်ကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို နှစ်စဉ် နှစ်စဉ် ဆီတွေ အမြောက်အမြား သွင်းပြီး နေရတယ်။ အဲဒါကြောင့် ခင်ဗျားတို့ စျေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ပုံပေါလအော သုံးနေလို့ ဒီ ဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် စျေးကြီးတဲ့ နေရာမှာ အကြောင်းတရပ် ဖြစ်ပါတယ်။

ဥပမာ တခု၊ အကြောင်းတရပ်ကိုတော့ ကျွန်တော် ပြောပြမယ်။ ငရုတ်၊ ကြက်သွန် ကြည့်၊ ဗမာပြည်မှာ ငရုတ်၊ ကြက်သွန်က ကိုယ့်ဖာသာကိုယ် စိုက်ယင် မရနိုင်ဘူးလားလို့၊ ကိုယ့်ဖာသာကိုယ် စိုက်ယင် မရနိုင်ဘူးလား။ ကျွန်တော်တို့ ဆိုယင် ကျွန်တော့် အိမ်မှာ ကျွန်တော် စိုက်ထားတယ်။ အဲဒီ ကိုယ့်ဖာသာ ကိုယ် အိမ်ရာ ကွက်လပ် ရှိတဲ့လူတွေက ၊ စိုက်ကြပါလား။ မစိုက်ကြဘူး။ စျေးမှာ ကိုယ်တော်မြတ်တွေက ဝယ်စားချင်ကြတယ်။ စျေးမှာ ဝယ်စားတော့ အဲဒီ ငရုတ်၊ ကြက်သွန် ဘယ်က လာတယ် မှတ်သလဲ။ အိန္ဒိယပြည်က လာတယ်။ အိန္ဒိယပြည်က လာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံ ပေးနေရတယ်။ အဲဒီလို ပေးနေရတဲ့အတွက် ဒီတိုင်းပြည်မှာ ရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက ဝယ်နေရတဲ့အတွက် ခင်ဗျားတို့မှာ အခု စျေးကြီးတယ်၊ ကြီးတယ်ဆိုတာ ဒါတွေ ဖြစ်တာဘဲ။ အကြောင်း တရပ်က ဆန် စားတဲ့နေရာမှာ ကျွန်တော်တို့ ဆန်စားတဲ့ အနေနဲ့ ဒီ အာဟာရဓာတ်ကျမ်းတွေကို နားလည်တဲ့ လူတွေနဲ့ သေသေချာချာ ကြည့်မယ်ဆိုယင်၊ ကျွန်တော်တို့ တိုင်းပြည်မှာ စားရတဲ့ အာဟာရဟာ အကုန် ပျမ်းမျှခြင်း တွက်ကြည့်မယ် ဆိုယင်၊ တခြားနိုင်ငံတွေထက် ပိုနေတယ်။ ပိုနေတော့ အခု ကျွန်တော်တို့ ပြည်မှာ ဆန်ကတော့ လုံလောက်တယ်။ လုံလောက်ရုံတွင် မကဘူး။ ပိုနေတယ်။ နိုင်ငံခြား တင်ရတယ်။ တင်ရောင်းရတယ်။ နိုင်ငံခြား တင်ရောင်းရပေမဲ့ ကျွန်တော်တို့ စစ်မဖြစ်ခင်ကလောက် မပိုဘူး။ ပိုပိုလျှံလျှံ မရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ ကုန်တွေ စားတာကလဲ ရှေးကထက် လျှော့လဲ မစားဘူး။ အရင်ကလိုဘဲ ပုံပေါလအော စားတုန်းဘဲ။ အပိုတွေ အများကြီး ရှိတုန်းဘဲ။

အဲဒီတော့ကာ ယခုဖြစ်နေတာက စစ်မဖြစ်ခင်ကလောက် ဆန် မထွက်ဘူး။ ဆန်မထွက်တဲ့အထဲမှာ ကျွန်တော်တို့ လျှော့စားကြသလားဆိုတော့ လျှော့မစားဘဲ ပုံပေါလအော စားနေကြတုန်းဘဲ။ အဲဒီအထဲမှာ ဆန် လုတဲ့အတွက် ငွေတကဋေကျော်ဖိုးလဲ ဆုံးသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်က ဝင်ကုန်နဲ့ ထွက်ကုန်မယ်၊ ထွက်ကုန်မှာ အရင် စစ်မဖြစ်ခင်တုန်းက များတယ်။ အဲဒီများတဲ့ နေရာမှာလဲ ဆန်ကုန်ကူးတဲ့အတွက် အမြတ်အများဆုံး ရတယ်။ ယခု ဆန်ကိုသာလျှင် ကျွန်တော်တို့ အများဆုံး အားကိုးရတယ်။ အဲဒီလို ဗမာတွေရဲ့ အသက်သခင် ဖြစ်တဲ့ ကိစ္စမှာ စစ်ပြီးတော့ ပျက်စီးနေတဲ့အတွက် နွားတွေ လုသွား၊ နောက်ပြီးတော့ သူခိုး ဓားပြတွေ သောင်းကျန်းမှုတွေကြောင့် လယ်ယာတွေ ကောင်းကောင်း မလုပ်ရတဲ့အတွက်ကြောင့်၊ ရှေးကလောက်လဲ မထွက်ဘူး။ ရှေးကလောက်လဲ မလုပ်နိုင်ဘူး။ အဲဒီအထဲမှာ ခင်ဗျားတို့က ပုံပေါလအော စားတုန်းဘဲ။ အဲဒီထဲမှာ ဆန်လုတဲ့ လူက လုကြတယ်။ ငွေတကုဋေကျော်ဖိုး ဆုံးသွားတယ်။ အဲဒီလို ဖြစ်တော့ကာ ဒီလို ဖြစ်နေတာတွေ ခင်ဗျားတို့ ကျပ်တယ်၊ ကျပ်တယ်ဆိုတာ၊ ဒါ ဘာအံ့သြစရာ ရှိသလဲ၊ ကျပ်မှာဘဲလို့ ကျွန်တော်တို့က ပြောချင်တယ်။

အဲဒီတော့ ယခုတိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲ့ကိစ္စ ဆူဆူပူပူ ဖြစ်နေတဲ့ ကိစ္စတွေဟာ တိုင်းပြည်အတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူးလားဆိုတာ ခင်ဗျားတို့ ထပ်စဉ်းစားကြည့်။ ခင်ဗျားတို့ အကျိုး ရှိတယ်၊ မရှိဘူးဆိုတာ ခင်ဗျားတို့ စဉ်းစားဖို့ လိုတယ်။ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က တခါတလေ အပြောအဆို မှားတာ ရှိယင် ရှိမယ်။ တခါတလေလဲဘဲ အလုပ်နည်းနည်းပါးပါး မှားတာ ရှိမယ်။ သို့သော်လဲဘဲ စေတနာကတော့ သန့်ရှင်းလျက်ပါဘဲ။ ဒါ ကျွန်တော် သေသေချာချာ ဝန်ခံရဲပါတယ်။ ဖ၊ဆ၊ပ၊လ အဖွဲ့က ပုဂ္ဂိုလ်တဦး တယောက်တည်းက ဖောက်ပြန်သွားတဲ့ လူ ရှိချင် ရှိမယ်။ သို့သော်လဲဘဲ အဖွဲ့အနေအားဖြင့် ဘယ်တော့မှ မဖောက်ပြန်ဘူးဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီ အတိုင်းဘဲ မဖောက်ပြန်တဲ့ သန့်ရှင်းတဲ့ စေတနာနဲ့ ခြေလှမ်းမှန်မှန်နဲ့ နေပြီး ဗမာပြည် လွတ်လပ်ရေး ရအောင် ဆိုပြီး အကောင်အထည် ပေါ်အောင် တစတစ ရုပ်လုံးလဲ ကျွန်တော်တို့ ပေါ် ပေါ်လာခဲ့ပြီး။ နောက်ရက်များမှာ မကြာမီမှာ ဆိုယင် တဆင့်တက်ပြီး ခင်ဗျားတို့ အဲဒီ ရုပ်လုံး ပေါ်လာတာကို မြင်ရမှာဘဲ။

တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာလဲဘဲ အဲဒီလိုဘဲ တဆင့်တက်ပြီး ရုပ်လုံးပေါ်လာတာ မြင်ရအုံးမှာဘဲ။ အဲဒီလို ပေါ်လာပြီးတော့ တဆင့်ထက် တဆင့် လုပ်တဲ့နေရာမှာ အကောင်းဆုံး၊ အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့ နည်းကို ကျွန်တော်တို့က ပဌမ ရှေးဦးစွာ ကျွန်တော်တို့ ရှာပြီး လုပ်မှာဘဲ။ သို့သော်လဲဘဲ အဲဒီလို လုပ်လို့ မရဘူးဆိုယင် ကျွန်တော်တို့က ရှေးကလဲ ပြောလာခဲ့တာတွေ ရှိပါတယ်။ ခင်ဗျားတို့ ပြန်ပြီး စဉ်းစားကြည့်။ အေးအေးနဲ့ မရယင် ရနိုင်တဲ့ နည်းနဲ့ လုပ်ရမှာဘဲ။ ဒီတော့ တိုင်းပြုပြည်ပြု လွှတ်တော်ကို အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူးလို့ ကျွန်တော် ပြောတယ်ဆိုတာက အေးအေးချမ်းချမ်း အင်္ဂလိပ် အစိုးရနဲ့ ကျွန်တော်တို့ အဆီးအတား အာဏာလွှဲပြောင်း ယူနိုင်အောင် ကျွန်တော်တို့ ပဌမ ရှေးဦးစွာ ဒီသဘောကို ထားခြင်းသာ ဖြစ်ပါတယ်။ သို့သော်လဲဘဲ ကျွန်တော်တို့ ပိုင်းခြား သတ်မှတ်ထားတဲ့ အချိန်အခါရောက်လို့ အကြည်အသာဆိုတဲ့ ကိစ္စမျိုး မဖြစ်လို့ ရှိယင် ကျွန်တော်တို့က အတင်း လုပ်မှာဘဲ ဆိုတာတော့ ဒါ ပြောထားပြီးသား။ ဘာမှ ကျွန်တော်တို့ ထပ် ပြောနေစရာ မလိုပါဘူး။

ဒီတော့ အတင်း လုပ်တဲ့ အခါမှာလဲ ခင်ဗျားတို့ အဆင်သင့် ရှိနေရမယ်။ ဆယ်ရေး တရေး၊ ကိုးရေး တရာ ရှိနေရမယ်။ ယခု အခါမှာလဲဘဲ ကိစ္စ မပြီးသေးတော့ ကျွန်တော်တို့ သိပ် အားမလျှော့ရသေးဘူး။ ကျွန်တော် အရင်တခါ ပြောခဲ့သလိုဘဲ နိုင်ငံရေးဖက်က အေးနေပြီးတော့ကာ၊ မဟုတ်တဲ့နေရာမှာ ဆူတဲ့ပူတဲ့ဖက်က ပိုလာသလို ဖြစ်နေပါတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒီတော့ကာ အဲဒီလို မဟုတ်တဲ့နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့ လူတွေ မှန်သမျှ ဝိုင်းဝန်း ကူညီ နှိမ်နင်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။ သို့သော်လဲဘဲ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ထူထောင်ရေး၊ ဗမာပြည်တိုင်းသူပြည်သား ညီညွတ်ရေး၊ လူထုရဲ့ ညီညွတ်ရေး၊ တိုင်းရင်းသား ညီညွတ်ရေးအတွက် လုပ်တဲ့ နေရာတွေမှာ ယခုထက်ပိုပြီး ဆထက်ထမ်းပိုး တိုးပြီး လုပ်ကြဖို့ လိုတယ်။ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ ဒီနေရာမှာဆိုယင် လုပ်လာတဲ့နေရာမှာ လိုသေးတယ်။ ကျွန်တော်လဲ သိပ် မကျေနပ်သေးဘူး။ အဲဒီတော့ကာ ဒါတွေ အားလုံး၊ အလုပ် လုပ်ကြဖို့ လိုတယ်။ အဲဒီလို လုပ်နိုင်ကြမှသာလျှင် လွတ်လပ်ရေးဆိုတာလဲဘဲ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အချိန်ပိုင်းအတွင်းမှာ ရလဲ ရမယ်။ ရပြီးတဲ့နောက် ကျွန်တော်တို့ ရှေ့ဆက်လက်ပြီးတော့ကာ အားလုံး နင်းကန်ပြီးတော့ အလုပ်လုပ်နိုင်မှ အနှစ် ၂၀ လောက် ကြာယင် တန်ကာ ကျမယ်။

အနှစ် ၂၀ လောက် ကြာယင် တန်ကာ ကြမယ်ဆိုတာက ကျွန်တော် နဲနဲ ထပ်ရှင်းပြချင်သေးတယ်။ ဥပမာနဲ့ ပြောခဲ့ချင်တယ်။ ဥပမာ ပညာရေးကြည့်မယ်။ ပညာရေးမယ် ကျွန်တော်တို့ ဗမာပြည်မယ် အရင် စစ်မဖြစ်ခင်တုန်းကထက် အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတယ်။ အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတော့ကာ အခမဲ့ မူလတန်း ပညာ မသင်မနေရ ဥပဒေ လုပ်ပေးပါလို့ ပြောတယ်။ ဥပဒေသာ လုပ်ပေမဲ့၊ ဘယ်လောက် ကြိုးစား၊ ဘယ်လောက် အလုပ် လုပ်မှ၊ ဘယ်လာက် ကြာမှ အဲဒီ အခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ ဗမာပြည်တပြည်လုံး၊ ရွာတိုင်း၊ မြို့တိုင်းမှာ ဖြစ်မလဲဆိုတာ အနှစ် ၂၀ ကြာလောက်မှ ဖြစ်လိမ့်မယ်။ ယခု ရှိတဲ့ ဆရာတွေက အင်မတန် နည်းနေတယ်။ ဒီဆရာတွေကို သင်ရမည့် ကောလိပ်ကျောင်းတွေ၊ နော်မံကျောင်းတွေ ဖွင့်ရဦးမယ်။ ကျောင်း၊ အဆောက်အဦတွေ ပျက်နေတယ်။ အဲဒီကျောင်းတွေမှာ သုံးမဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ၊ စာအုပ် ခဲတံ၊ ကျောက်သင်ပုန်း၊ ဘီဒို အကုန်လုံး ရှိရမယ်။ ဒါတွေလဲ စုံစုံလင်လင် ရှိရမယ်။ အဲဒီဟာတွေအတွက် ကုန်မည့်ငွေတွေဟာ ဘယ်လောက်ကုန်မလဲ ဆိုယင်၊ ကုဋေပေါင်း အများကြီး ချီပြီးတော့ ကုန်မယ်။ အနှစ် ၂၀ လောက် ကျွန်တော်တို့ ကုန်းလုပ်ပါမှ အနှစ်၂၀ လောက်ရှိမှ ခင်ဗျားတို့ ဗမာပြည်တပြည်လုံး အခမဲ့ မူလတန်း မသင်မနေရ ပညာဆိုတာ တတိုင်းတပြည်လုံး ရွာတိုင်း ၊ မြို့တိုင်းမှာ ဖြစ်မယ်။

နောက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဖက် ကြည့်၊ စစ်တပ်တွေ၊ အခု ကျွန်တော်တို့ ရှိတဲ့ စစ်တပ် ဘာရှိသလဲ။ ကျွန်တော်တို့ ရှိတဲ့ စစ်တပ် ဗမာပြည်မှာ ဆူတာပူတာ နှိမ်ဖို့တော့ လုံလောက်တယ်။ ဘာဖြစ်လို့လဲ။ အဲဒီ ဆူတာပူတာ ရှိတဲ့အတွက် စစ်တပ်ရော၊ ပုလိပ်တပ်ရော ခါတိုင်းထက် နှစ်ဆ အခုပိုထားနေရတယ်။ အဲဒီလို နှစ်ဆ ပိုထားရတဲ့အတွက် နှစ်ဆ၊ ပို စရိတ်ကုန်တယ်။ နှစ်ဆ ပို စရိတ်ကုန်တယ် ဆိုတာ ဘယ်သူ့ဆီကလဲ၊ ခင်ဗျားတို့ ပေးတဲ့ အခွန်တွေဆီက နှစ်ဆ ပိုစရိတ် ကုန်တယ်။ အဲဒီတော့ ခင်ဗျားတို့မှာ အခု ပြန်စျေးကြီးတယ်၊ စျေးတွေ ကြီးတယ် ကြီးတယ် ဆိုတာ ဒီလို အကြောင်းတွေဘဲ။ တိုင်းပြည် ကာကွယ်ဖို့ ကိစ္စမှာ ကျွန်တော်တို့ စစ်တပ်တွေက မလုံလောက်သေးဘူး။ ကုန်းတပ် ဆိုတဲ့ ကုန်းတပ် စစ်တပ်ကလဲ ဘာမှ မဖြစ်လောက်သေးဘူး။ သံချပ်ကာ ကားတပ်ဆိုတာတွေ မရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလို ခေတ်မှာ ဖြစ်တဲ့ စစ်ကြီးမျိုးမှာ ဆိုယင် တော်တော်တန်တန် ကြီးမားတဲ့ ရန်သူနဲ့ အင်အားကောင်းကောင်းနဲ့၊ လက်နက် ကောင်းကောင်းနဲ့ တိုက်ခိုက်တယ်ဆိုယင် နာရီပိုင်းအတွင်း ပြုတ်မယ်။ ဒီ စစ်တပ်မျိုးဟာ ရင်ဆိုင်သာ တိုက်လို့ ရှိယင် နာရီပိုင်းအတွင်း ပြုတ်မယ်။ အခု ကျွန်တော်တို့မှာ ရှိတဲ့ ရေတပ်ဆိုတာက ဟန်ပြ ရေတပ်ဘဲ ရှိသေးတယ်။ တကယ့်တကယ် ဘာမှ တိုင်းပြည်ကို တကယ် မကာကွယ်နိုင်သေးဘူး။ လေတပ်ဆိုတာ အခုမှ စတုန်း ရှိသေးတယ်။ အဲဒီတော့ကာ လေတပ်ကိုဘဲ ကျွန်တော် စဉ်းစားပြမယ်။ တခြားဟာတွေ မစဉ်းစားနဲ့၊ လေတပ်ဆိုလို့ရှိယင် ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံး လေယာဉ်ပျံ အစင်း ၅၀၀ လောက် ရှေ့တန်း၊ လေယာဉ်ပျံခေါ်ပါတယ်။ First Line Plane ။ First Line Plane အဖျင်းဆုံး စစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံ ၅၀၀ လောက် ရှိမှ၊ ဒါတောင်မှ လုံလောက်တယ်လို့ မခေါ်နိုင်သေးဘူး။ သို့သော်လဲ တူတူတန်တန်ကလေး တိုက်နိုင်တယ်။ လေယာဉ်ပျံ တစင်းတစင်း ဘယ်လောက် ကျတယ်၊ ခင်ဗျားတို့ ထင်သလဲ။ လေယာဉ်ပျံ၊ တစင်းတစင်းကို တော်တော်ကိုဘဲ ကျတယ်။ ငါးသိန်း၊ တသန်း စသည်ဖြင့် ကျတယ်။ အဲဒီတော့ လေယာဉ်ပျံ အစင်း ၅၀၀ ဆိုယင် ခင်ဗျားတို့ တွက်ကြည့်ပါတော့။ တသန်းနဲ့ စစ်လေယာဉ်ပျံဆိုတော့ ပိုပြီး ပိုက်ဆံကုန်မယ်။ တသန်းနဲ့ ခင်ဗျားတို့ တွက်ကြည့်။ လေယာဉ်ပျံ အစင်း ၅၀၀ တသန်းနဲ့ တွက်ကြည့်။ ကုဋေ ၅၀ ကုန်မယ်။ ကုဋေ ၅၀ ကုန်ပြီး၊ အဲဒီ လေယာဉ်ပျံတွေ ၅၀၀ က ရှေ့မှာ တိုက်တဲ့အခါ နောက်မှာက လေယာဉ်ပျံ တစင်းကို သုံး၊ လေးစင်း အရံ ထားရတယ်။ အဲဒီနောက်မှာက အဖျင်းဆုံး လေယာဉ်ပျံ ၅၀၀ ထပ် ဖြည့်မှ ဖြစ်မယ်။

အဲဒီဟာ ကုဋေ ၅၀ ၊ ကုဋေ ၁၀၀ သွားရော၊ အဲဒီမှာ ပျက်တဲ့လေယာဉ်ပျံတွေကို ပြင်ဖို့ အလုပ်ရုံတွေ၊ ဘာတွေ ညာတွေ ရှိရမယ်။ စက် ကိရိယာ တန်ဆာပလာ နားလည်တဲ့ လူတွေ ရှိရမယ်။ အဲဒီလို လုပ်ပေးရမဲ့ လူတွေ ရှိရမယ်။ အဲဒါမျိုးတွေပေါ့ဗျာ။ ရှောက်ပြီး တွက်လိုက်မယ်ဆိုလို့ ရှိယင် အမြောက်အမြားကို ကုန်မယ်။ ကုဋေပေါင်း အများကြီး ချီကုန်မယ်။ ကျွန်တော်တို့ တိုင်းပြည်က တနှစ် တနှစ်ကို ရမဲ့ ဝင်ငွေက တိုင်းပြည်ဆီက ရတဲ့ အခွန်ငွေက ဘယ်လောက် ရမလဲ။ စစ် မဖြစ်ခင်က အလွန်ဆုံး ကုဋေ ၂၀ ဘဲ ရတယ်။ အခု ဒီ စစ်ပြီးတာနဲ့ ကုဋေ ၂၂ ကုဋေ ရတယ်။ နောင်ကို ကျွန်တော်တို့က ဖျစ်ဖျစ်ညှစ်ညှစ် ရအောင် အမျိုးမျိုး စီမံကိန်းတွေနဲ့ လုပ်မယ်ဆိုယင် ကျွန်တော်တို့ နှစ်စဉ် နှစ်စဉ် ရဖို့ ကုဋေ ၃၀ ဆိုတာ လွန်ရော ကျွံရောဘဲ။

ဒါဟာ အင်မတန် ပိုပို ကြိုကြို တွက်ထားတာဘဲ။ ကျွန်တော်တို့ စီမံကိန်းတွေ လုပ်တဲ့အခါမှာ အမြတ်အစွန်း ရမယ်ဆိုတာက ချက်ချင်း ရချင်မှ ရမယ်။ အဲဒီတော့ကာ အဲဒီလို ဒီလောက် တိုင်းပြည်ရဲ့ ဝင်ငွေကျတော့ နဲနေပြီးတော့ ကျွန်တော်တို့ ကုန်ရမယ့် ဟာတွေကတော့ လေယာဉ်ပျံ တပ်ဘဲ ကြည့်လိုက်မယ်ဆိုယင် ကုဋေ အဖျင်းဆုံး ၁၅၀-၂၀၀ လောက် ကျမဲ့ဟာမျိုး ဖြစ်နေတယ်။ အကုန်လုံး ခြုံပြီး ကြည့်လိုက်မယ်ဆိုယင် ကျွန်တော်တို့ တိုင်းပြည်ဟာ တကယ့် တကယ်တော့ စစ်တိုက်တဲ့ အချိန်မျိုးမှာ လူတသန်း စစ်တပ် အင်အား ရှိရမယ်၊ ရှိမှ ကောင်းမယ်။ လူတသန်း စစ်တပ်အား ရှိမှ ကောင်းမယ်ဆိုတော့၊ အဲဒီတော့ အခု ကျွန်တော်တို့ ရှိနေတဲ့ စစ်တပ်တွေဟာ အခု နှစ်သောင်းလောက်ဘဲ ရှိတယ်။ နှစ်သောင်းလောက် ရှိတဲ့ စစ်တပ်ကို နှစ်သောင်းလောက်ဆိုတာ ကျွန်တော် Army တွင် ပြောတာ၊ Navy တို့၊ Air Force တို့ မပါသေးဘူး၊ အဲဒီတော့ နှစ်သောင်းလောက် ရှိတဲ့၊ အဲဒီ နှစ်သောင်းလောက်ဆိုတဲ့ စစ်တပ်တောင်မှ ငွေ ဘယ်လောက် ကုန်သလဲ ဆိုယင် ရှစ်ကုဋေလောက် ကုန်တယ်။ အဲဒီ နှစ်သောင်းလောက် ရှိတဲ့ စစ်တပ်ကို ရှစ်ကုဋေ ကုန်ယင် ၊ ကျွန်တော်တို့ တိုင်းပြည် ကာကွယ်ရေးအတွက် အဖျင်းဆုံး တသန်းလောက် စစ်ဖြစ်လျှင် ဖြစ်ချင်း လိုတော့တာဘဲ။ ဒီတော့ သန်းပေါင်း ဘယ်လောက် ကုန်မလဲဆိုတာ ခင်ဗျားတို့ဘဲ တွက်ကြည့်ပါတော့ဗျာ။ အဲဒီလို ကုန်တဲ့ငွေမျိုး၊ လူတွေ၊ ကျွန်တော်တို့က နောက်တခါ စစ်ကြီး မဖြစ်ခင် ကျွန်တော်တို့က အမြန်ဆုံး ရအောင် လုပ်ရမယ်။

ဒီအတောအတွင်းမှာလဲဘဲ၊ ဟိုနေရာက မထိတထိ စတာ၊ ဒီနေရာက မထိတထိ စတာကိုလဲ ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရဲရမယ်။ အဲဒီလို လုပ်နိုင်အောင်က ကျွန်တော်တို့ လုပ်ရမယ်ဆိုယင်၊ ခင်ဗျားတို့ ပြဲအောင် အလုပ်လုပ်ရမယ်။ အလုပ် မလုပ်ဘဲနဲ့တော့ လွတ်လပ်ရေး ရပေမဲ့ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစား စံစားရမှာ မဟုတ်ဘူးဆိုတာ ဘယ်လိုအစိုးရဘဲ တက်တက်၊ ကွန်မြူနစ် အစိုးရဘဲ တက်တက်၊ ဆိုရှယ်လစ် အစိုးရဘဲ တက်တက်၊ ဘာအစိုးရဘဲ တက်တက်၊ အဲဒီ အလုပ် မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူးဆိုတာကို ကျွန်တော် တထစ်ချ ရဲရဲကြီး ပြောရဲတယ်။

အဲဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား စံစားချင်တယ်ဆိုယင်၊ အလုပ် လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်။ ။ ။

 

Google