ဗိုလ်ချုပ် အောင်ဆန်း

စိတ်ပြောင်းကြစမ်းပါ

၁၉၄၇ ခုနှစ်၊ ဧပြီအတွင်း၊ နတ်မောက်မြို့၊ ဒီပင်္ကရာ ကျောင်းဝင်းအတွင်း ကျင်းပသော လူထုအစည်းအဝေးကြီးတွင် ပြောကြားသည့်မိန့်ခွန်း။

နတ်မောက်ကို လာကြရတဲ့ အကြောင်းကတော့ ကိုယ့်အရပ်ဒေသမို့လဲ ပြန်လာခဲ့တယ်။ ပြီးတော့ နယ်ငြိမ်းချမ်းရေးအတွက် သိချင်တာလဲ တကြောင်း၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပဖို့ အထက်ဗမာပြည်ရဲ့ အခြေအနေကို ကြည့်ပြီး ဝါဒ ဖြန့်ဖို့ ရောက်လာရခြင်း ဖြစ်တယ်။ ကျွန်တော် ထင်တဲ့အတိုင်း ဖ-ဆ-ပ-လ အမတ်လောင်းဟာ ပြိုင်ဖက် မရှိဘဲ အရွေးခံရတာကို ဝမ်းသာပါတယ်။ နတ်မောက် နယ်နဲ့ ဗမာပြည် အခြေအနေကို ပြောပြခဲ့ပါမယ်။ နတ်မောက်သား နံပါတ်(၁) ဖြစ်တယ်ဆိုပြီး ဟိုက လာတိုင်၊ ဒီက လာတိုင် သိပ် တိုင်နေကြတာဘဲ။ နတ်မောက်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ကျုပ် လုပ်ပေးနိုင်တာကိုတော့ ကျုပ် လုပ်ပေးပါ့မယ်။ လုပ်ပေးမယ် ဆိုပေမဲ့ လူပုဂ္ဂိုလ်တွေ တတ်နိုင်သလောက်သာ လုပ်ပေးမယ်။ ကျုပ်တို့ဟာ ဘိုးဘိုးအောင်နဲ့ အဆက်အသွယ် မရှိဘူး။ ဘုရားကတောင် ဟောထားသေးတာဘဲ။ ဘုရားဟာ သတ္တဝါတွေ ကောင်းအောင် ဟောပြောပြပေမဲ့ မလုပ်တတ်ယင်၊ မလိုက်နာယင် အလကားဘဲ နေမှာဘဲ။ အဲဒီတော့ လုပ်ချင်စိတ်နှင့် လုပ်တတ်မှ ကောင်းမှာဘဲ။

ပြည်သူသာ အစိုးရ

ဗမာပြည်ဟာ မလွတ်လပ်သေးဘဲ နယ်ချဲ့အစိုးရက အုပ်မြဲ အုပ်ချုပ်လျက် ရှိသေးတာဘဲ။ တိုင်းသူပြည်သားတွေဟာ အများဆန္ဒအရ လူများစုက သမ္မတကို ဝိုင်း တင်ခဲ့တယ်။ အစိုးရဆိုတာ တိုင်းသူပြည်သားတွေသာ အစိုးရ ဖြစ်တယ်။ ကိုယ့်ကိုယ် ကိုယ်တောင် အစိုးမရနိုင်တာ၊ ညံ့ဖျင်းတဲ့ မင်း ကျတော့ တခြားမင်းက လာပြီး သိမ်းပိုက်သွားတာ ခံရတာဘဲ။

ကားပျက်ကြီး ဥပမာ

နိဗ္ဗာန် ရောက်စေချင်လျှင် နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်၊ လွတ်လပ်ရေး လိုချင်လျှင် လွတ်လပ်ရေး ရရာ ရကြောင်း ကျင့်ထားကြပါ။ အင်္ဂလိပ်ဟာ အင်္ဂလိပ်ဥပဒေ ဖြစ်နေပေမဲ့ အုပ်ချုပ်တဲ့သူက ကျုပ်က အုပ်ချုပ်နေတယ်။ ဥပမာ ပြရလျှင် ကျုပ်ကို အင်္ဂလိပ်က မော်တော်ကား အပျက်ကြီးကို ပြင်မောင်းခိုင်းထားတာဘဲ။ အမောင်းခိုင်းပေမဲ့၊ အချုပ်အချာ အာဏာက အင်္ဂလိပ် လက်ထဲမှာ ရှိနေတော့ ကျုပ်တို့က ဘာမှ မပြင်နိုင်သေးဘူး။ မော်တော်ကား အပျက်မို့ အမောင်း ဘယ်လောက် ကောင်းကောင်း စက်မကောင်းတော့ လိုရာကို မြန်နိုင်သလောက် မြန်အောင် မရောက်နိုင်ဘူး။ ဒီ စက်ကြီးနဲ့သာ ဆိုယင် တာရှည် ကျုပ် မအုပ်ချုပ်နိုင်ဘူး။

ကိုယ့်ဟာကိုယ် မောင်းမယ်

အုပ်ချုပ်ရေး မကောင်းဘူးဆိုပေမဲ့ ဒီစက်ကို သူတပါး အမောင်းခိုင်းမဲ့အစား ကိုယ့်ဖာသာကိုယ် မောင်းတာက တော်သေးတယ်ဆိုပြီး မောင်းနေရတာဘဲ။ စက်ကလဲ ကောင်း၊ လူကလဲ ကောင်း၊ စက်သမားတွေကလဲ ကောင်းရမယ်။ စက်ကြီး အိုနေတာလဲ တကြောင်း၊ စက်ဆရာတွေ အားလုံး ကျေနပ်ပေမဲ့ အစားထိုးစရာ ရုတ်တရက် ရှာလို့ မလွယ်ဘူး။ အဲဒီလို အခက်အခဲတွေကြောင့် စက်ကြီးကို ကျုပ်တို့ သွားချင်ရာ သွားလိုရာကို မောင်းပေမဲ့ စက်ကလဲ စက်ပျက်ကြီး ဖြစ်တော့ လိုရာကို မမောင်းနိုင်ဘူး။

ခေတ်ကြီး ပြောင်းခဲ့ပြီ

ကမ္ဘာ့ရာဇဝင်ကို ကြည့်လျှင် ဘယ်နိုင်ငံမှာဘဲ ဖြစ်ဖြစ်၊ အနယ် ထစမြဲဘဲ။ သဘောတရားကို နားလည်ယင် ခင်ဗျားတို့ ဒီလို နေမှာ မဟုတ်ဘူး။ ခေတ်ကြီး တခေတ်လုံး၊ လုံးလုံးလျားလျား ပြောင်းနေတာကို ဘယ်သူမှ မသိဘူး။ အစိုးရ အရာရှိတွေလဲ ရှေးက မင်းစိတ် စိုးစိတ်တွေ မပျက်သေးဘူးလို့ ဆိုချင်တယ်။ အနိစ္စ၊ ဒုက္ခတွေ သဘော မပေါက်သေးဘူး။ အစိုးရ ဆိုတာ လူဘဲ။ လူတွေ ဖြစ်နေတော့ မကျေနပ်ချက်တွေတော့ ရှိမှာဘဲ။ အစိုးရ အရာရှိဖက်ကနေ မကြည့်ဘဲနဲ့ ၊ ပြည်သူ့ဖက်ကနေ ကြည့်မယ်ဆိုလျှင် အများကြီး ပြောစရာတွေ ရှိတာဘဲ။

ဒါတွေ ကျုပ် သိတယ်

ကျုပ်ဟာ တောသားဘဲ၊ ဒီမြို့သား၊ ဒီကျောင်းမှာ နေသွားပြီမို့ ရှေးက အရာရှိတွေကို ဘယ်လို ရိုသေရတယ်ဆိုတာ အထူး ပြောဖို့ မလိုပါဘူး။ သူကြီးနဲ့ ရွာသား ဘယ်လို စကားများတတ်တယ်။ တောင်ကျောင်းနဲ့ မြောက်ကျောင်း ဂိုဏ်းကွဲတဲ့ ကိစ္စတွေကို ကျုပ် နားလည်ပြီးသားဘဲ။

ရုပ်ကလဲ ခပ်ချာချာ

ကျောင်းသားဘဝ၊ သခင်ဘဝတွေ လုပ်စဉ်က အငတ်ခံပြီး လုပ်ခဲ့တယ်။ ကျုပ်ဟာ သူများထက် ပကာသနကို ဂရု မစိုက်ဆုံးဘဲ။ ရုပ်ကလဲ ခပ်ချာချာဆိုတော့ ဘယ်သူမှ အသိမလုပ်ဘူး။ ဟိုတုန်းက ဆိုယင် ဆေးရုံသွားယင် ဆရာမ လုပ်တဲ့သူတွေ (သူ၏ ဇနီးဘက် ကြည့်၍ ပြောသည်) ဟာ သိပ် စခန်းကြီး လမ်းကြီး လုပ်တာဘဲ။ (အနီးမှ လူကြီးများမှာ ပါးစပ်ကို လက်နှင့်ပိတ်၍ ကျိတ်ရယ်ကြသည်။)

လူထုထဲက လူပါဘဲ

နယ်အခြေအနေတွေဟာ ကျုပ် ကြားရသလောက်ဆိုယင်၊ ၇၀ ရာခိုင်နှုန်းလောက် မှန်နေတယ်။ စကားဆိုတာ ကားတာဘဲ။ ကျုပ်ဟာ လူထုထဲက ထွက်လာတဲ့ လူဖြစ်လို့ ဒီနယ်မှာ ဘာဖြစ်တယ်ဆိုတာ ကျုပ် နားလည်သလို ဒီနယ်က အရာရှိတွေ နားမလည်နိုင်ဘူး။ ဘာပြုလို့ နားမလည်နိုင်သလဲ။ လူထုဘဝနှင့် မနေခဲ့ရလို့ လူထုအမြင်ကို မမြင်နိုင်ဘူး။ သူကြီးသားကို ဒေါင်းလန်းနှင့် ကျွေးရတာဘဲ။ ဘယ်သူတွေ ဘယ်လောက် ပါဝါ ကြီးကြီး ဖိုးစိန်ပွဲထဲက ဗေဒါကြီး ပျက်လုံး ထုတ်သလို (ရှင်ဘုရင်ဆိုတာလဲ လူပါဘဲ) လို့ ကျွန်တော် ဆိုချင်တယ်။ ဒီလူတွေဟာ လူထု အမြင်နှင့် မြင်အောင် ကြိုးစားတဲ့ လူတွေ၊ မကြိုးစားတဲ့ လူတွေ ရှိတယ်။

ဗမာ လွတ်လပ်မယ်

ဗမာပြည်ဟာ ဗေဒင် မမေးနဲ့၊ ဘိုးဘိုးအောင် မမေးနဲ့၊ လုံးဝ လွတ်လပ်ရေး ရမယ်။ အခု ခေတ်က ဒုံးပြေးနေတယ်။ ခေတ်ပြေးသလောက် လူက လိုက်မပြေးနိုင်တော့ အစိုးရ အရာရှိတွေက မပြေးနိုင်ဘူး။ အစိုးရ အရာရှိတွေဖက်က ကြည့်လျှင်လဲ လူထုအပြစ်။ လူထုဟာ နေ့စဉ်နှင့် အမျှ ဒုက္ခတွေ ခံနေရလို့ အမုန်းလွန်တယ်။ မယုံသင်္ကာ ရှိတယ်။ အစိုးရ အရာရှိတွေဖက်က ကြည့်လျှင်လဲ တမျိုး မြင်တာဘဲ။ အဲဒီ နှစ်မျိုးကို ကြားချကြည့်လျှင် အမြင်မှန် မြင်လာမှာဘဲ။ ဒီလို မှားနေကြတာဟာ ဘာလို့လဲ၊ အခြေခံကိုက မှားလို့ဘဲ။

မေတ္တာနှင့် သစ္စာကို

ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်။ တကယ်လို့ ကောင်းတယ် မှန်တယ် ထင်လို့ရှိလျှင် အသက်စွန့်ရဲတယ်။ (လူတွေဟာ မသိယင် ကြောက်တယ်) (ရဲသော်မသေ- သေသော်ငရဲမလား) လို့ ယောအတွင်းဝန် ဦးဘိုးလှိုင်က ပြောဘူးတယ်။ ရဲရဲရင့်ရင့် သစ္စာ သမာဓိနှင့် လုပ်လျှင် အောင်မြင်မှာဘဲ၊ ခေါင်းဆောင်ဟာ မခိုမကပ်ဘဲ လုပ်မယ်ဆိုလျှင် အောင်မှာဘဲ။ ကိုယ့်တပ်လုံလျှင် တခြားက လာမတိုက်နိုင်ဘူး။

စိတ်ပြောင်းကြစမ်းပါ

အခုခေတ်မှာ ဘုရင်ခံတောင်မှ ဇွတ်အတင်း မလုပ်နိုင်ဘူး။ အားလုံးအတွက် စီမံကိန်း ဆွဲပြီး လုပ်လာခဲ့ပါပြီ။ ခင်ဗျားတို့လဲ လုပ်ကြည့်ပါ။ ညီညွတ်လို့ မရနိုင်ဘူးဆိုလျှင် အစိုးရတွေ ခေတ်ပြောင်းတိုင်း စိတ် ပြောင်းပါ။ စိတ်မပြောင်းဘဲနှင့် ကိုးရိုးကားရား လုပ်လျှင်၊ ဘုရင်ခံ လုပ်လျှင် ဘုရင်ခံ တိုက်မယ်၊ အောက်လူတွေ လုပ်လျှင် ဖိနှိပ်ပေးမယ်။ သို့သော်လဲ လူကြီး ဆိုလျှင် လူကြီးနှင့် တူအောင် အရေးယူရမယ်။ ကျုပ် လွယ်လွယ်နှင့် ကတိမပေးလိုဘူး။ လူထုဖက်က နေကြည့်လျှင် ဗမာပြည် လွတ်လပ်ပြီ ထားပါတော့၊ လူထု ကိုယ်စားလှယ်တွေချည်း အုပ်ချုပ်လို့ ရမယ် ထင်သလား။ ဒီလူတွေ ဘယ်လောက် ညစ်ပတ်ညစ်ပတ် ခဏတော့ သုံးရအုံးမှာဘဲ။ အင်္ဂလိပ်တွေ ရှိနေယင်လဲ ဗမာအဖြစ်နှင့် နေရမှာဘဲ။ အုပ်ချုပ်တဲ့ လူတွေလဲ ဗမာတွေဘဲ။ ဗမာစိတ်ပေါက်ပြီး ဗမာပြည်မှာ နေမဲ့ လူတွေတော့ ဗမာတွေဘဲရယ်လို့ မှတ်ထားရမယ်။ ရှော်တဲ့ လူတွေကိုလဲ ကျုပ်တို့ ထုတ်ပစ်ရမှာဘဲ။ နိုင်ငံရေးဖက်ကနေ ကြည့်လျှင် လူထုခေါင်းဆောင် လုပ်နေတဲ့ လူတွေ၊ ဘဝင်မြင့်နေတဲ့ လူတွေ မြင့်နေတယ်။ မှားနေတာတွေလဲ ရှိတယ်။ မှန်တယ် ထင်တိုင်းလဲ မပြောရဘူး။

စစ်တိုက်တန်လျှင် တိုက်ရမယ်

တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီး လွတ်လပ်ရေးကို ကြေညာပြီး စစ်တိုက်တန် တိုက်ရလိမ့်မယ်။

အချို့က ဒီလူဟာ အချောင်သမား ပြောပြော၊ ဒူးထောက်သမား ပြောပြော၊ ကျုပ် (၁၀) ခါ ပြောမယ်။ ကျုပ်တို့ တိုက်လာခဲ့တယ်။ နောင်လဲ နှလုံးရည်နှင့် တိုက်လို့ မရလျှင် လက်ရုံးရည်နှင့် တိုက်ရမှာဘဲ။

လွတ်လပ်ရေး ရံပုံငွေ

လွတ်လပ်ရေးအတွက် လုပ်ထားရမယ်။ နတ်မောက်နယ်က လူချမ်းသာတွေ ပြောချင်တယ်။ လွတ်လပ်ရေး ရံပုံငွေ မထည့်ကြဘူး။ အခု တသောင်း ခြောက်ထောင်လောက်သာ ရတယ်။ ကျုပ် နှစ်သောင်းလောက် လိုချင်တယ်။ ဒီမှာ နာမည်ရှိတဲ့ လူချမ်းသာတွေ ထဲ့တာ မကျေနပ်ဘူး။ ကျွန်တော် လူထုကို တိုင်ကြားပါတယ်။ လွတ်လပ်ရေး ရံပုံငွေ ထည့်ပါ။

ကျုပ်တို့ သခင်ဖြစ်မယ်

အင်္ဂလိပ်ကို သခင် ထင်မနေနှင့်။ ကျုပ်တို့ မကြာခင် သခင် ဖြစ်တော့မယ်။ လူချမ်းသာတွေ များများ ထည့်ပါ။ အစိုးရ အမှုထမ်းများကိုတော့ မဆဲပါနှင့်။ နောက်ပြီးတော့ လွတ်လပ်ရေး ရအောင် လုပ်တဲ့ အခါမှာ အချင်းချင်း ခြေထိုးမှုတွေ လုပ်တာ ရှိတယ်။ အချင်းချင်း ညီညွတ်အောင် လုပ်ပါ။ အကြောက် မလွန်ပါနှင့်။ အစိုးရဖက်ကရော၊ လူထုဖက်ရော ကျုပ် ပြုပြင်ခဲ့ပါမယ်။ ။

 

Google