ဗိုလ်ချုပ် အောင်ဆန်း

ဘိလပ် မြန်မာ ဆွေးနွေးပွဲ

၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၊ ညနေ ၃ နာရီ၊ ဖဆပလ အဖွဲ့ချုပ် တွင် ကျင်းပသော သတင်းစာ ကွန်ဖရင့် တွင် ဗြိတိသျှ အစိုးရအဖွဲ့ နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တို့၏ အင်္ဂလန် ၌ ဆွေးနွေးပွဲ အကြောင်း ရှင်းလင်းပြောပြချက်။

ဘိလပ် မြန်မာ ဆွေးနွေးပွဲတွင် သဘောတူညီချက်အရ စက္ကူဖြူ စံနစ်ဟာ လုံးလုံး ပျက်ပါတယ်။ သို့သော် လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးပါ။ ခု သဘောတူခဲ့တဲ့အတိုင်း အစစအရာရာ ရှောရှောရှူရှူ ပြီးမြောက်ပါက အေးချမ်းသော နည်းဖြင့် ဗမာပြည် လွတ်လပ်ရေး ရနိုင်ဖွယ် ရှိတယ်။

ရခဲ့သော အာဏာများ

ဘိလပ်သို့ သွားစဉ်က (ဖဆပလ) အဖွဲ့ချုပ်က ညွှန်ကြားလိုက်သည့်အတိုင်း တိုင်းပြု ပြည်ပြု လွှတ်တော်အတွက် တိုက်ရိုက် ရွေးကောက်ပွဲ ကျင်းပရန်နှင့် ကြားဖြတ် အစိုးရ အခွင့်အာဏာများလဲ ရရှိခဲ့တယ်။

ကြားဖြတ် အစိုးရ အာဏာအတွက် ဥပဒေကို ပြင်နေလျှင် ကြာနေမည်စိုး၍ ဥပဒေအရ တန်ခိုးအာဏာ မရသော်လည်း (Convention) ခေါ် ထုံးတမ်းစဉ်လာအားဖြင့် ဆိုပါမူ ဒိုမီနီယမ် အစိုးရများ ရရှိသော အခွင့်အာဏာများ ရပါတယ်။

သံတမန်လွှတ်ရေး ကိစ္စ

နိုင်ငံခြားရေးကိစ္စများအတွက်ဆိုလျှင်လဲ ပြည်ထောင်ချင်း သံအမတ် အလဲအလှယ်လုပ်ဖို့ သူတို့ (ဗြိတိသျှအစိုးရ) လုပ်ပေးပါမယ်လို့ ပြောပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂတွင် ပါဝင်နိုင်ဖို့လဲ ထောက်ခံမယ်လို့ ပြောပါတယ်။ သံတမန်ကိစ္စကို ရုရှားသံအမတ်နှင့်လဲ တွေ့ဆုံ ပြောခဲ့ပါ သေးတယ်။

မြန်မာပြည် လေတပ်

မြန်မာပြည် လေတပ် ကာကွယ်ရေးအတွက် လေတပ် ထားရန် ကိစ္စကို ဗြိတိသျှ လေကြောင်း ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီး ပြောခဲ့ပါတယ်။ မကြာမီ လေယာဉ်ပျံ မောင်းတတ်ပြီးသော လူများနှင့် စတင် ဖွဲ့စည်းဖို့ စီစဉ်ပါမယ်။

စစ်တပ် ရုပ်သိမ်းရေး

ဗမာပြည်ရှိ နိုင်ငံခြား စစ်တပ်များကို ရုပ်သိမ်းရန်ဆိုတဲ့ အချက်နှင့် ပတ်သက်လို့ တိုင်းပြု ပြည်ပြု လွှတ်တော်က ရုပ်သိမ်းပေးပါလို့ ဆုံးဖြတ်ခဲ့လျှင် သူတို့က ရုပ်သိမ်းပေးပါမယ်လို့ ပြောပါတယ်။

တောင်တန်းနယ်ကိစ္စ

တောင်တန်းနယ်များ ကိစ္စနှင့် ပတ်သက်လို့တော့ သူတို့ သဘောတူတယ်ဆိုလျှင် လွတ်လပ်ရေး ပေးရမယ်လို့ တောင်းတာဘဲ၊ ဒါပေမဲ့ သူတို့ ကိုယ်စားလှယ်လဲ မဟုတ်တော့ ကိုယ်စားလှယ်လို့လဲ မပြောရဲ၊ ဒီလိုဆိုလျှင်ဖြင့် သူတို့ သဘောတူပါလိမ့်မယ်လို့ ပြောရတာဘဲ။

အင်္ဂလိပ် မစောင့်ရှောက်နှင့်

တောင်တန်းဒေသများကို ဗြိတိသျှ အစိုးရတို့က အစောင့်အရှောက် (Trusteeship) ယူဖို့ အခွင့်အရေး မရှိ၊ ကျွန်တော်တို့ကလည်း မယူ၊ သူတို့ရဲ့ ပြည်တွင်း အုပ်ချုပ်ရေးကိုလဲ ကြားဖြတ် အစိုးရက ဝင်မစွက်ဖို့ ပြောတဲ့အခါ ဘိလပ်အစိုးရက ကောင်းပြီ၊ သူတို့ကို မေးကြည့်မယ်၊ သူတို့ သဘောတူလျှင် လုပ်မှာဘဲလို့ ပြောပါတယ်။

အာဏာပိုင် အခွင့်အရေး

တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ပတ်သက်၍ အာဏာပိုင် အခွင့်အရေးအတွက်တော့ သိပ်ပြီး အတိုက်အခံ မပြောပါ။ အသင့်အတင့်လောက်တော့ ပြောပါတယ်။ သည်ပြဿနာကို ဖိပြီး မပြောရန်လဲ ဖဆပလ အလုပ် အမှုဆောင်အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။ သည်အတိုင်းဆိုလျှင် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ဧပြီလအတွင်းမှာ ကျင်းပနိုင်ပါမယ်။ မေလ၊ သို့မဟုတ် ဇွန်လလောက်မှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဗမာပြည် ဗြိတိသျှ ပြည်ထောင်စုအတွင်း နေ - မနေ ဆုံးဖြတ်ဖို့ပါဘဲ။

ရှေ့လုပ်မည့် အလုပ်များ

ဗြိတိသျှ ပြည်ထောင်စုအတွင်း နေမည်ဆိုလျှင် အုပ်ချုပ်ရေး စည်းမျဉ်းများကို ဘိလပ် ပါလီမန်က အတည်ပြုဖို့ တင်ပြရပါမယ်။ သို့မဟုတ် ပြင်ပမှာ နေချင်တယ်ဆိုလျှင် အာဏာ လွှဲပြောင်းရေး စာချုပ် ပြုလုပ်ရလိမ့်မယ်။ အဲသည်အခါမှာ အချိန်နှောင့်နှေးအောင် လုပ်ချင် လုပ်ကြလိမ့်မယ်။ သို့သော် တိုင်းပြုပြည်ပြု လွှတ်တော်က ဗမာပြည် လွတ်လပ်ရေး ကြေညာရန်အတွက် အချိန် ကန့်သတ်ရမှာဘဲ။ အဲဒီ အရေးဟာ လူထု ဆုံးဖြတ်ချက် အပေါ်မှာ တည်ပါတယ်။

လွတ်လပ်ရေး အမှန် ရမယ်

အမှန်ကတော့ လွတ်လပ်ရေးဟာ ရမှာဘဲ။ အချိန် ကန့်သတ်လို့ ဘယ်လောက် မြန်မြန် ရနိုင်တယ်ဆိုတာ အာဏာ လွှဲပြောင်းရန်အတွက် စာချုပ် ချုပ်တဲ့အခါမှာ အရေးကြီးပါတယ်။ ဗမာပြည်နှင့် ဗြိတိသျှ အစိုးရတို့ စာချုပ်မှာ အပေးအယူ သင့်မြတ်ဖို့ လိုသလို၊ ရဖို့မှာ နောက်က ထောက်ခံအားပေးတဲ့ လူထုအင်အား ရှိမှ ကျွန်တော်တို့ လွတ်လပ်ရေးကို ရမှာ။

တိုက်ပွဲ မပြီးသေးဘူး

ဒါကြောင့်မို့ လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူး။ သို့သော် တိုက်ပွဲ အခြေအနေ တမျိုးပြောင်းသွားတယ်။ သည်အတိုင်းသာ အခြေအနေ တိုးတက် ကောင်းမွန်သွားမယ်ဆိုလျှင် အေးချမ်းသာယာတဲ့ နည်းနှင့် ဗမာပြည် လွတ်လပ်ရေး ရနိုင်ဖွယ် ရှိတယ်။

အားလုံး အသင့်ပြင်ထားကြပါ

သတင်းစာ ဆရာများက အကယ်၍သာ အာဏာလွှဲပြောင်းရေးအတွက် စာချုပ် ချုပ်ဆိုရာတွင် ဗြိတိသျှ အစိုးရတို့က တမျိုးတမည် ပြုလုပ်ပါက မည်သို့ လုပ်ပါမည်နည်းဟု မေးမြန်းရာ ဗိုလ်ချုပ်အောင်ဆန်းက … ဒါကြောင့်မို့ လွတ်လပ်ရေးတိုက်ပွဲ မပြီးသေးပါဘူးလို့ ကျွန်တော် ပြောတာပေါ့။ ကျုပ်တို့ အားလုံး အသင့်ပြင်ထားကြရမယ်။ အဲသည်အခါကျတော့ သူတို့ ပြင်လုပ်ဖို့ အတော် ခက်ပါလိမ့်မယ်။

အိန္ဒိယထက် သာမယ်

ကြားဖြတ် အစိုးရ ရရှိမည့် အာဏာမှာ အိန္ဒိယ ကြားဖြတ်အစိုးရထက် သာလျှင်သာ သာမည်၊ မလျော့ဆိုသည်ကို အိန္ဒိယပြည်ကို ရောက်ခဲ့သည့်အတွက် ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။

စက္ကူဖြူစံနစ် ပျက်ပြီ

ယခု သဘောတူညီချက်အရ စက္ကူဖြူစံနစ် ပျက်ပါသည်။ စက္ကူဖြူစံနစ်အရမှာ အခွင့်အရေး ဘာမျှ မရခဲ့ကြောင်း။ မြန်မာပြည် စစ်တပ်ဆိုရာတွင် တိုင်းရင်းသားစစ်တပ်၊ ဗမာပြည် ရေတပ် စသည်တို့မှာ ဗမာပြည် ကြားဖြတ် အစိုးရလက်အောက် ရောက်မည့်အပြင် စစ်တပ်အသစ်များကို ထူထောင်နိုင်ရန် အခွင့်အရေးလည်း ရရှိမည် ဖြစ်ကြောင်း။ ။

 

Google