ဗိုလ်ချုပ် အောင်ဆန်း

အမြဲတမ်း အဆင်သင့် ရှိရမယ်

၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်၊ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ ၌ ပြောကြားခဲ့သော မိန့်ခွန်း။

ယနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီး စတင် ကျင်းပပြုလုပ်ရမဲ့နေ့ ဖြစ်တယ်။ ယခု ကျင်းပ ပြုလုပ်မဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးဟာ ဘာအတွက် ကျင်းပ ပြုလုပ်ရမယ်ဆိုတာ အထူး ရှင်းပြနေစရာ လိုမယ် မထင်ဘူး။ ဗမာပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေက တင်မြှောက်လိုက်တဲ့ တိုင်းပြည် ကိုယ်စားလှယ်ဖြစ်တဲ့ အမတ်များဟာ တိုင်းပြည်ကို ဘယ်လို ပြုစုပျိုးထောင်မယ်။ ဘယ်လို လုပ်မယ်ဆိုပြီး စီမံဆုံးဖြတ်ရမဲ့ လွှတ်တော် အစည်းအဝေးမျှသာ ဖြစ်တယ်။

အလုပ် လုပ်ကြည့်မှ သိမယ်

ကျွန်တော်တို့ဟာ အားလုံး အချုတ်အချယ်နှင့် ရှိနေသေးတယ်။ အဲဒီလို အချုတ်အချယ်များက လွတ်မြောက်အောင် လုပ်နိုင်မဲ့ စည်းမျဉ်းရေးဆွဲဖို့ လိုအပ်တယ်၊ အမှန်ကတော့ လူမျိုးရေး လွတ်လပ်အောင် လုပ်ရမှာဘဲ၊ တခြား နိုင်ငံတွေမှာဆိုယင် တော်လှန်ရေး လုပ်ငန်းတွေ လုပ်ပြီးမှ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်နိုင်တာတွေကိုလဲ အများကြီး တွေ့ရမယ်။ ယခု လုပ်မဲ့လွှတ်တော်အတွက် ဖ၊ဆ၊ပ၊လ ပဏာမ ညီလာခံက ဆုံးဖြတ်လိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေကို ရေးဆွဲလိုက်တာ ဘယ်လို ဖြစ်မယ်ဆိုတာ မသိ၊ အလုပ် လုပ်ကြည့်မှဘဲ သိမယ်။

နောက်ဆုံးပိတ်မှာ အတည် ဖြစ်မယ်

ကျွန်တော်တို့ဟာ အင်္ဂလန်ပြည်မှာရော၊ တခြား တိုင်းပြည်တွေမှာရော ဖွဲ့စည်းအုပ်ချုပ်ပုံတွေ ကြည့်ယင် အခက်အခဲအမျိုးမျိုးနှင့် တွေ့ခဲ့ရတာ၊ တွေ့နေတာ အများကြီး မြင်တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချမှာကတော့ နောက်ဆုံးပိတ်မှာ အတည်ဖြစ်မှာဘဲ။ ဘာဖြစ်လို့လဲ ဆိုယင် အင်္ဂလိပ်များ၏ အခြေအနေ၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အခြေအနေကို သိခြင်းအားဖြင့် နောက်ဆုံး ဒီအခြေဆိုက်မယ်ဆိုတာ သိရတယ်။ အခက်အခဲဆိုတာမျိုးကတော့ ဘယ်နေရာမျိုးမဆို ပေါ်ဦးမှာဘဲ။

အေးအေးဆေးဆေး မနေကြနဲ့အုံး

ကျွန်တော်တို့ ပဏာမ ညီလာခံမှာ ဆုံးဖြတ်တာကို ကျွန်တော်တို့အတည်ဖြစ်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေဟာ သတိနှင့် အမြဲနေပြီး ကျွန်တော်တို့ လုပ်တာတွေကို ကြည့်ပြီး အမြဲထောက်ခံသွားမှ ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဆွေးနွေးနေလို့ အေးရတော့မယ်ဆိုပြီး၊ အေးအေး ဆေးဆေးတော့ မနေကြပါနှင့်အုံး။ ကျွန်တော်တို့က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို တတိုင်းတပြည်လုံးက အုံကြွပြီး အမြဲတမ်း ဆန္ဒပြ ထောက်ခံကြမှ ဖြစ်မယ်။

ဒီလို ဆန္ဒတွေ အမြဲတမ်း ပြသနေပါရက်နဲ့ အတည် မဖြစ်ယင် ရှေ့တလှမ်းတိုးပြီး လုပ်ဖို့ဘဲ။ ဒီတခါ တလှမ်းဟာ နောက်ဆုံး လှမ်းမည့် ခြေလှမ်းဖြစ်လို့ ပြင်ဆင်မှုတွေကို အမြဲတမ်း အသင့်ရှိစေရမယ်။ ပြင်ဆင်မှုတွေကို ရှိဖို့ကလည်း ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးမှ ညွှန်ကြားချက်များ မကြာခဏ ထုတ်ဝေပါလိမ့်မယ်။

အနှောင့်အရှက် ပေးနိုင်တယ်

တိုင်းပြည်က ဆန္ဒပြပြီး တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ချက်အတိုင်း ရှေ့တလှမ်းတိုးဖို့ အမြဲတမ်း အားပေး ကူညီရမယ်။ ပဏာမ ညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်။ အဲဒီ ဆုံးဖြတ်ချက်တွေကို ခင်ဗျားတို့က မှန်တယ်ထင်ယင် ထောက်ခံကြဖို့ဘဲ။ ယနေ့အဖို့ ရှေရှေ ပြောဖို့ မလို၊ ဗမာပြည်ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို အောက်တိုဘာလမှာ အပြီး လုပ်နိုင်လိမ့်မယ်လို့ ထင်ရပါတယ်။ ယနေ့ စတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ အတွင်းမှာ ဖ၊ဆ၊ပ၊လ အမတ်တွေ အများကြီး ရှိပေမဲ့ အနှောင့်အရှက် အမျိုးမျိုးကို ပေးနိုင်တာဘဲ။

အိန္ဒိယကို အတုခိုးပြီး လုပ်မယ်

အိန္ဒိယပြည်နှင့် ဗမာပြည်ရဲ့ အခြေအနေမှာ နိုင်ငံရေး အခြေအနေတွင် ဗမာပြည်က သာပြီး တခြားအခြေအနေမှာ သူတို့က သာနေတယ်။ အဲဒီလို သူတို့ဆီမှာ သာနေတာကို အတုခိုးပြီး ပြုပြင်သွားဖို့ဘဲ။ နိဂုံးချုပ်စကားကတော့ အားလုံးသော တိုင်းသူပြည်သားတို့ဟာ အမြဲတမ်း အဆင်သင့် ရှိဖို့ ပြောလိုတာပါဘဲ။ ။

 

Google