ဗိုလ်ချုပ် အောင်ဆန်း

လွတ်လပ်ရေး မှတ်ကျောက်

၁၉၄၇ ခု၊ မတ်လ ၂၁ ရက်နေ့၊ ည ၈နာရီ မိနစ် ၃၀၊ တိုင်းပြည် လွတ်လပ်ရေး ရခါနီး အချိန်တွင် လွတ်လပ်ရေးကို မျက်ချည်ပြတ်သွားစေသည့် လုပ်ငန်းများကို ရပ်တန်းက ရပ်ကြရန်သတိပေးချက်။ အသံသွင်းယူထားသော သတိပေးချက်ကို မြန်မာ့အသံမှ လွှင့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အချို့သူတို့သည် တိုင်းပြည်အတွင်း အနှံ့အပြား တောင်သူလယ်သမားတို့အား မြေခွန်တော် ပေးခြင်း၊ သီးစားခ ပေးခြင်း၊ အမတော်ကြေးငွေ ပြန်ဆပ်ခြင်းများ မပြု မလုပ်ကြအောင် တားမြစ် သွေးဆောင် လှုံ့ဆော်လျက် ရှိနေသည်ကို တွေ့ရှိရလေသည်။ ဤ လှုံ့ဆော်မှုတို့ အောင်မြင်သွားခဲ့ပါလျှင် အားလုံး သိရှိကြပြီး ဖြစ်သည့် မြန်မာပြည်အား တနှစ်အတွင်း လွတ်လပ်ရေး ရရှိစေရန် ဟူသော ကျွန်ုပ်၏ အဓိကရည်ရွယ်ချက်ကို များစွာ ထိခိုက် နှောင့်နှေးစေတော့မည် ဖြစ်ရာ ဤအရေးကို ကျွန်ုပ်နှင့်တကွ ကျွန်ုပ်၏ အစိုးရ အဖွဲ့ဝင်များမှာ အလွန် ကြောင့်ကြ စိုးရိမ်လျက် ရှိရလေသည်။

ကမ္ဘာပေါ်တွင် မည်သည့် အစိုးရမျှ ငွေမရှိဘဲ တိုင်းပြည်နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို ဆောင်ရွက်မသွားနိုင်ချေ။ ထို့ကြောင့် ကိုယ့်အစိုးရအား ကျသင့်သော အခွန်ဘဏ္ဍာများကို ကြည်သာ ပျူငှာစွာ ပေးဆောင်ခြင်းသည်ပင် လွတ်လပ်သော လူမျိုးအဖြစ်ကို ထင်ရှားစေသော မှတ်ကျောက် ဖြစ်ပေသည်။ လက်ရှိအစိုးရသည် အဆွေတို့ လူထု၏ အစိုးရပင် ဖြစ်သည်။ ဗမာအစိုးရ စစ်စစ် ဖြစ်သည့်အတိုင်း၊ ဗမာလူမျိုးများ ကောင်းစားရေးနှင့် ဗမာလူမျိုးများ၏ ရည်ရွယ် တောင့်တသော အာသီသဆန္ဒ ပြည့်ဝရေးတို့မှ တပါး၊ အခြား မြှော်လင့်ချင် တစုံတရာမျှ မရှိကြောင်းကို ကောင်းစွာ သိကြစေလိုသည်။ ဗမာပြည် လွတ်လပ်ရေး ရရှိစေရန်နှင့် တိုင်းသူပြည်သားအားလုံး ရင်ဆိုင်နေကြသည့် အခက်အခဲများကို ကျော်လွန်နိုင်အောင် အကူအညီပေးရန်အတွက် ဗမာအစိုးရတွင် ငွေရှိမှ ဖြစ်နိုင်မည်။ နယ်ချဲ့စံနစ်ကို တိုက်ဖျက်ရေးအတွက် လယ်ခွန်တော် မပေးရေး၊သီးစားခ မပေးရေးတို့သည် မည်မျှလောက်ပင် ထိရောက်သော လက်နက်ဖြစ်စေကာမူ ယခုအခြေအနေ လုံးဝ ပြောင်းလဲလျက် လွတ်လပ်ရေးတံခါးဝတွင် ရပ်တည်နေသော ဗမာပြည်တွင် ဤလုပ်ငန်းမျိုးများကို စတင် လုပ်ကိုင်ခဲ့သော် (ဝါ) ဤလက်နက်ကို သုံးခဲ့သော် တိုင်းပြည် နိုင်ငံ၏ အဓိက အကျိုးတရားများကိုသာ ဆုတ်ယုတ် ပျက်ပြားစေလိမ့်မည်။ အခွန်ဘဏ္ဍာကို တိုင်းသူ ပြည်သားတို့က မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖြိုခွဲ ဖျက်ဆီးပစ်ခြင်းပင် ဖြစ်၍ ဤသို့ နိုင်ငံ စီးပွားရေးကြီး ပြိုကွဲသွားပါက နောက်ဆုံး၌ အများဆုံး အနစ်နာ ခံရမည့်သူတို့မှာ တိုင်းသူပြည်သား လူထုပင် ဖြစ်သည်။ မည်သည့် တိုင်းပြည်မဆို တိုင်းသူပြည်သားတို့က တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် ပုဂ္ဂိုလ်ပီပီ ဤ အခြေခံ ပြည်သူ့ ဝတ်တရား ဖြစ်သော အကောက်အခွန် ပေးဆောင်ရေး တာဝန်ကို ထမ်းရွက်ချင်စိတ် မရှိလျှင် ထိုတိုင်းပြည်သည် လွတ်လပ်ရေး မရနိုင်။ တည်တံ့သော ဘဏ္ဍာရေးတည်း ဟူသော ခိုင်လုံသည့် အုတ်မြစ်ပေါ်တွင် မတည်ဆောက်ဘဲလည်း မည်သည့် လွတ်လပ်ရေးမျှ မြဲနိုင်မည် မဟုတ်ပေ။

မြန်မာပြည် အခွန်ဘဏ္ဍာများတွင် ယခုအခါ မြေခွန်တော်မှာ ကျွန်ုပ်တို့ အဓိက အားထားနေရသော အခွန်တရပ် ဖြစ်သည်။ ယခု စစ်ပြီးကာလတွင် မြန်မာပြည်၏ စက်မှုလက်မှု လုပ်ငန်းဆောင်တာကြီးများ ပျက်စီးလျက် ရှိနေသည့်ပြင် ပြည်တွင်းပြည်ပ ကုန်စည် ကူးသန်းရောင်းဝယ်ရေးတို့လည်း အထူး ချို့တဲ့ ချွတ်ယွင်းလျက်ပင် ရှိနေသေးသော အဖြစ်သည်ပင် အစိုးရ၏ အခွန်တော် ဘဏ္ဍာငွေ ဝင်လမ်း များစွာကို ပိတ်ဆို့လျက် ရှိနေသဖြင့် မြေခွန်တော်ကိုသာ အထူး ပိုမို အားထားနေရသောအခါ ဖြစ်သည်ကို တိုင်းပြည်လူထုက သိစေလိုပါသည်။

အချို့သော ပုဂ္ဂိုလ်တို့က “ငွေ မရှိလျှင် အခြားတိုင်းပြည်က ချေးတာပေါ့၊ အရေးမကြီးပါ” စသည်ဖြင့် ပေါ့ပေါ့ဆဆ ပြောကောင်း ပြောကြပေလိမ့်မည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ အတိအလင်း ပြောလိုသည်မှာ မိမိတိုင်းပြည်၏ အခွန်ဘဏ္ဍာငွေကို အားမကိုးဘဲ၊ နိုင်ငံခြားသားတို့၏ ထောက်ပံ့ ချေးငှားမှုကို အားကိုးအားထား ပြုနေသမျှ ကာလပတ်လုံး မည်သည့်နိုင်ငံမျှ တကယ့် လွတ်လပ်ရေးကို မရရှိနိုင်ပေ။ ကျပ်ပြည့်တင်းပြည့် လွတ်လပ်ရေးကို လိုချင်လျှင် ကျွန်ုပ်တို့ ငွေနှင့် ကျွန်ုပ်တို့ ကိုယ်တိုင်ကသာ အားထုတ်ကြရပေမည်။

ထို့ကြောင့် အခွန်တော်ကို မပေးဘဲ နေသူများကို မြန်မာပြည်အား လွတ်လပ်ရေး မရအောင် တိုက်ခိုက် တားဆီးနေသောသူများဟု ဆိုရပေလိမ့်မည်။ တရားမျှတသော သီးစားခများကို မပေးဘဲ နေသူများသည်လည်း မြေရှင်တို့အား အခွန်တော် မထမ်းဆောင်နိုင်အောင် ဖန်တီးပေးရာ ကျသဖြင့် မြန်မာပြည်၏ လွတ်လပ်ရေးကို သွယ်ဝိုက်သော နည်းဖြင့် တားဆီးနေသူများဟု ဆိုရပေလိမ့်မည်။ တောင်သူလယ်သမားတို့ ရင်ဆိုင်နေရသော အခက်အခဲများကို ကျွန်ုပ်တို့ ကိုယ်တိုင် သိရှိ၏။ တောင်သူ လယ်သမားတို့ကလည်း ထို အခက်အခဲတို့မှ သက်သာခွင့် ရရှိရန် ကျွန်ုပ်တို့အား ကူညီစေလိုသည်ကိုလည်း ကျွန်ုပ် သိ၏။ ကျွန်ုပ်တို့ကလည်း အစွမ်းကုန် ကူညီလိုသော ဆန္ဒ ရှိကြ၏။ သို့သော် ငွေ မရှိက ကျွန်ုပ်တို့ မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။ ယမန်နှစ်က အမတော်ကြေးအဖြစ် ငွေပေါင်း သုံးကုဋေနီးပါးကို တောင်သူ လယ်သမားတို့အား ထုတ်ချေးခဲ့၏။ ဤထုတ်ချေးငွေမှာ စစ်မဖြစ်မီက ထုတ်ချေးခဲ့သော ငွေထက် အဆပေါင်း ၅၀ ကျော် ၆၀ မျှ ပိုမိုနေသည် ဖြစ်ရာ စစ်မဖြစ်မီက မြန်မာပြည် အစိုးရတို့၏ ရရှိသော အခွန်ဘဏ္ဍာတော်ငွေ၏ ခြောက်ပုံ တပုံမျှမက များပြားပေသည်။ အမတော်ကြေးငွေမှာ ဤမျှမက လိုအပ်သည်ကို ကျွန်ုပ်တို့ သိလည်း သိ၏။ နောက်ထပ်လည်း ထုတ်ချေးလို၏။ သို့ရာတွင် ချေးပြီး ငွေများကို ပြန်မရပါက ထုတ်ချေးပြီးခဲ့သော အမတော်ငွေများကို ပင်လျှင် ဤနှစ်အဖို့ ထုတ်ချေးရန် ခဲယဉ်းပေလိမ့်မည်။ ငွေတကျပ် ပြန်မဆပ်လျှင် ဤနှစ်အဖို့ ထုတ်ချေးရန် ငွေတကျပ် လျော့သွားသည် မည်ပေသည်။ ထုတ်ချေးပြီးသော အမတော်ကြေးကို ပြန်မရပါက နောင်နှစ် ပြန်လည် ထုတ်ချေးနိုင်မည် မဟုတ်ဟူသော အချက်ကို တိုင်းပြည်က ယတိပြတ် သိရှိထားစေလိုသည်။

တိုင်းသူပြည်သားတို့အား ကျွန်ုပ်တို့ အစိုးရက အကူအညီပေးနေသည်မှာ တောင်သူ လယ်သမားတို့အတွက် အမတော်ကြေး ပေးခြင်း စံနစ်ဖြင့်သာ မဟုတ်ပေ။ ပျက်စီးသော လယ်မြေများကို ပြန်လည် တည်ထောင်ရန် လယ်မြေ ပြုပြင်ရေးအတွက်လည်း ငွေများ ထုတ်ချေးလျက် ရှိနေပြီ။ သီးနှံများ ပျက်စီးသည့် အရပ်ဒေသအတွက်လည်း ငတ်မွတ်ခေါင်းပါးခြင်း ဘေးမှ ကာကွယ်ရန်အတွက် ငွေကြေး ထုတ်ပေးလျက် ရှိပြီ။ စပါးစိုက်ပျိုးရေးအတွက် ဆုငွေကျန်များကိုလည်း ထုတ်ပေးရန် အသင့် ရှိနေပြီ။ ထိုမျှ မကသေး၊ တောင်သူ လယ်သမားတို့ကို အခြားနည်းများနှင့် ကူညီရန် ကြိုးစား ဆောင်ရွက်လျက် ရှိနေပေသည်။ တောင်သူ လယ်သမားတို့ လယ်သီးစားခ ပေးရာ၌ အခက်အခဲ မရှိစေရန်အတွက်လည်း လယ်သီးစားခ လျှော့နိုင်သမျှ လျှော့ပေါ့၍ နှုန်းထား သတ်မှတ်ခဲ့ပြီ။ ရှေးက မြန်မာပြည်တွင် မဖြစ်ဖူးခဲ့သော စပါးစျေးနှုန်းမျိုးကိုလည်း ကျွန်ုပ်တို့ သတ်မှတ်လိုက်သည့်အပြင် သတ်မှတ်သည့် စျေးအတိုင်း တောင်သူလယ်သမားတို့ ရရန်အတွက်ကိုလည်း ကျွန်ုပ်တို့ ဂရုစိုက်လျက် ရှိသည်။ ဤကား ယခုနှစ် ပေးရမည့် အခွန်တော်ကို စပါးနှင့် အချိုးချ တွက်ယူသော် ရှေးကထက် အလွန်သက်သာသည် ဟူသော အချက်ကို ထင်ရှားစွာ ပြလျက် ရှိသည်။ ဥပမာ စစ်မဖြစ်မီက အခွန်တော်သည် စပါးတင်းရေ ၃၀ ကျသည်ဆိုလျှင် ယခုနှစ်အဖို့ စပါး ၁၀ တင်း သာသာမျှသာ ကျသင့်ချေမည်။ ဤအချက်များကို လူထုက မမေ့သင့်ပေ။

ကောက်ပဲသီးနှံများမှာ ကျွန်ုပ်တို့ မြှော်လင့်သလောက် မကောင်းသည့်အပြင် အချို့နေရာများ၌ စပါးထွက်မှာ သိသိသာသာ ဆိုးဝါးလှသည်ကို ကျွန်ုပ်သိပါသည်။ လယ်ပျက်များအတွက် အခွန်တော်ကို လျှော့ပေါ့ရန်လည်း အထူး အရေးယူထားပြီးပြီ။ စိုက်ပျိုးရေး ပျက်စီးခြင်းကြောင့် အခွန်တော်ကို ဖြစ်စေ၊ အမတော်ငွေကို ဖြစ်စေ ပေးနိုင်သော စွမ်းအား အကယ်ပင် မရှိခဲ့ပါလျှင် အခွန်တော် အရာရှိများက တရားမျှတစွာဖြင့် သက်သက်ညှာညှာ ဆောင်ရွက်ကြရန် ကျွန်ုပ် ညွှန်ကြားထားပြီးပါပြီ။ ဤသို့ မစွမ်းဆောင်နိုင်သည့် ကိစ္စများ၌ တောင်သူလယ်သမား အသီးသီး အသက အသကတို့သည့် မိမိတို့၏ အမှုကို သက်ဆိုင်ရာ အရေးပိုင်ထံသို့ လျှောက်ထားပါလေ။ အရေးပိုင်တို့၌ ထိုကိစ္စကို အပြီးတိုင် ဆောင်ရွက်ပေးရန် အခွင့်အာဏာ လုံးဝ ရှိပါသည်။

မျိုးချစ်ဗမာ လူထုအားလုံးတို့အား “အစိုးရကို ရင်ဆိုင်လျက်ရှိသော အခက်အခဲတို့က ကျော်လွန်နိုင်အောင် ကူညီကြပါ၊ တောင်သူလယ်သမားတို့အားလည်း ကူညီကြပါ၊ မြန်မာပြည် လွတ်လပ်ရေးပန်းတိုင်သို့ အရောက် ကူညီ ဆောင်ကြဉ်းကြပါ” ဟူ၍ ကျွန်ုပ်က တောင်းပန်လိုပါသည်။ လူထုကလည်း ကျွန်ုပ်တို့အား ကူညီလိုသော ဆန္ဒ ရှိသည်ကို ကျွန်ုပ် တထစ်ချ ယုံကြည်ပါ၏။ ယင်းသို့ ကူညီပါလျှင် ကူညီရန် အကောင်းဆုံး နည်းလမ်းကား အခွန်တော်ကို ပေးဆောင်ခြင်း၊ တရားမျှတသော သီးစားခကို ပေးဆပ်ခြင်း၊ ချေးယူထားသော အမတော်ငွေကို ပြန်လည် ပေးဆပ်ခြင်းတို့ပင် ဖြစ်သည်။ ကျွန်ုပ် အတိအလင်း ပြောရပါလျှင် ယင်းသို့ မကူညီသူသည် ဗမာပြည်နှင့် ဆန့်ကျင်ဖက် ပြုသူများဟူ၍သာ မှတ်ယူရမည့်အပြင် အခွန်တော် မဆောင်စေရအောင် ဆင်ခြေ ဆင်လက် အမျိုးမျိုးဖြင့်သော်၎င်း၊ ခြိမ်းချောက်ခြင်းဖြင့်သော်၎င်း သွေးဆောင်နေသူတို့ကို ဗမာလူမျိုးတို့၏ ရန်သူဟူ၍ ကျွန်ုပ် မှတ်တမ်းတင်ရပေလိမ့်မည်။

မြေခွန်တော် စည်းကြပ်သည်မှာ တရားမျှတခြင်း မရှိ ကြီးလေးလှသည်။ သီးစားခနှုန်းမှာလည်း ကြီးမြင့်လှသည်ဟူ၍ အကယ်ထင်မှတ်သူတို့လည်း ရှိကောင်း ရှိပေမည်။ ထိုသူတို့ကို “ကျွန်ုပ်၏ အစိုးရ အမှုထမ်းတို့ထံ အကယ် နစ်နာချက်တို့ကို လျှောက်ထားပါ။ ထိုနစ်နာချက်ကို ပပျောက်အောင် ကျွန်ုပ်တို့ အထူးဂရုစိုက် ဆောင်ရွက်မည်” ဟူ၍ ကျွန်ုပ်က ပြန်လည် ပြောဆိုလိုသည်။ ကျွန်ုပ် ကိုယ်တိုင်ကပင် လက်တွေ့သမားတဦး ဖြစ်သည်။ မြန်မာပြည် လယ်မြေချထားရေး စံနစ်နှင့် လက်ရှိ အခွန်တော် စည်းကြပ်ရေးစံနစ်တို့မှာ ချွတ်ယွင်းချက် တခုမက အများအပြား ရှိနေသည်ကို ကျွန်ုပ် သိသည်။ သို့သော် ချွတ်ယွင်းချက်တို့ကို ပြင်ရန် ဆိုသည်မှာ နေ့ချင်းညချင်း ပြီးနိုင်သည့် ကိစ္စမျိုး မဟုတ်၊ အချိန် အတန် ကြာရဦးမည်။ သို့သော် ကျွန်ုပ်တို့သည် ချွတ်ယွင်းချက်တို့ကို ပြုပြင်ရန် အားသွန်၍ လုပ်ကိုင်လျက် နေသည်ကို လူထုက ယုံကြည်စိတ်ချစေလိုသည်။ ဤအတောအတွင်း တိုင်းသူပြည်သားတို့ကလည်း အခွန်တော်များ ပေးဆောင်နှင့်ကြပါဟု ကျွန်ုပ် တောင်းပန်လိုက်သည်။

တိုင်းသူပြည်သားတို့သည် မိမိတို့ ဝတ်တရား မည်သို့ ရှိနေသည်ကို သိသည်နှင့်တပြိုင်နက် ဤမေတ္တာ ရပ်ခံချက်ကို လိုက်လျောလိမ့်မည်ဟူ၍ ကျွန်ုပ် အတပ်သိပြီး ဖြစ်သည့်အတိုင်း ယခု မေတ္တာရပ်ခံချက်ကို ဗမာလူထုအား ဖြန့်ချီလိုက်ပါသည်။ မေတ္တာရပ်ခံချက်ကို မလိုက်နာသူတို့အား ကျွန်ုပ်တခု သတိပေးလိုက်ပါမည်။ အစိုးရ အရာရှိတို့၌ ဝတ်တရား ပျက်သူတို့ကို ထိရောက်စွာ အရေးယူရန် အာဏာ ရှိပါသည်။ ဤ အာဏာနှင့်မျှ မလုံလောက်သေးဆိုသော် ကျွန်ုပ်တို့က ထိုအာဏာများကို တိုးချဲ့ပေးရပေလိမ့်မည်။ ထိုအာဏာ အရ ဆောင်ရွက်သော အစိုးရ အမှုထမ်း အရာထမ်းတို့အား ကျွန်ုပ်တို့ ထောက်ခံရပေလိမ့်မည်။ ဤအချက်ကို တိတိကျကျ နားလည်ကြစေလိုပါသည်။ အစိုးရ အမှုထမ်းတို့သည် ဗမာပြည်၏ ဝန်ထမ်းများလည်း ဖြစ်သည်။ ဗမာအစိုးရ၏ ဝန်ထမ်းများလည်း ဖြစ်သည်။ သူတို့ အာဏာကို အသုံးချရာ၌ ထိုသူတို့သည် တရားမျှတ၍ သက်ညှာစွာ အသုံးချကြမည်။ သို့သော် သက်သက် အခွန်တော် မပေးတမ်းဟု ငြင်းဖယ်နေသော ဇွတ်သမားများအတွက် တင်းမာစွာ အရေးယူရပေလိမ့်မည်။

အခွန်တော် မထမ်းဆောင်ရေး၊ အမတော် မပေးဆပ်ရေးတို့အတွက် ခေါင်းဆောင်၍ လှုံ့ဆော်နေသူများအဖို့ ကျွန်ုပ် အထူးကျပ်တည်းစွာ သတိပေးလိုက်သည်။ ကျွန်ုပ်က ဤသို့ မေတ္တာရပ်ခံပါလျက်နှင့် ဇွတ်မှိတ်၍ အနှောင့်အရှက် ပေးနေပါလျှင် ကျွန်ုပ်နှင့်တကွ ကျွန်ုပ်၏ အစိုးရ အဖွဲ့ဝင်များသည် ထိုသူတို့ကို ကိုယ်ကျိုးအတွက်၎င်း၊ နိုင်ငံရေး ရန်ငြှိုးကြောင့်၎င်း၊ ကျွန်ုပ်တို့ ဗမာပြည်၏ လွတ်လပ်ရေး လုပ်ငန်းကို ကဖျက်ယဖျက် လုပ်နေသူများ (ဝါ) ဗမာလူထု၏ ရန်သူများ ဟူ၍ ယူဆလိမ့်မည်။ ဗမာပြည်၏ လူထုကလည်း ဤအတိုင်းပင် ယူဆလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်သည်။ ထိုသူများအား ယုတ်မာဆိုးသွမ်းသော လမ်းစဉ်ကို ဆက်လက် လိုက်မှားနေခြင်းမှ ပိတ်ပင် တားမြစ်ပစ်ရန်၊ နောက်ထပ် မတရားမှုများ မကျူးလွန်နိုင်စေခြင်းငှါ ကျွန်ုပ်တို့ လျောက်ပတ်စွာ ဆုံးမရပေလိမ့်မည်။ ဤသို့ ကျွန်ုပ်တို့ ပြုလုပ်ရသော အခါ မတရား နှိပ်စက်ခြင်းဟု မပြောကြလေနှင့်။ ကျွန်ုပ်သည် မတရား ဖိစီး နှိပ်ကွပ်တတ်သူ မဟုတ်၊ သို့သော် ကိုယ်ကျိုးရှာမှုအတွက် ဗမာလူထုကို စော်ကားလျက် ဗမာပြည်ကြီးအား ချောက်ထဲသို့ ဆွဲချမှုများကို ရပ်၍ ကြည့်နေနိုင်လိမ့်မည် မဟုတ်သည်ကို သိကြစေလိုသည်။ ။

 

Google