Aung San of Burma

လုပ်ငန်းစဉ် ခြောက်ရပ်

၁၉၄၇ ခု၊ ဧပြီလ ၁၇ ရက်နေ့ည၊ မြန်မာ နှစ်သစ်ကူး မိန့်ခွန်းအဖြစ် အသံလွှင့်ရုံမှ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း။

ယနေ့ မြန်မာ နှစ်ဟောင်း ကုန်လို့ မြန်မာနှစ်သစ် ဆန်းလာခဲ့ပြီ။ ဒီလို နှစ်သစ် ဆန်းလာတော့ ရှေ့ရေး၊ နောက်ရေးတွေ တွေးပြီး မြန်မာပြည် ရှေ့စခန်း ဘယ်လို သွားရမယ် ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ကူးသစ်တွေကို ပြောပြချင်ပါတယ်။ ကျွန်တော့်အမြင်က ယခု ဆန်းလာတဲ့ နှစ်သစ်ဟာ လွတ်လပ်တဲ့ ဗမာပြည်သစ် ဖန်တီးဖို့ အခြေခံ ရှိတယ်လို့ ကျွန်တော် ယုံကြည် ယူဆတယ်။

အခု တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတော့ဖြင့် ချောချောမောမော ပြီးသွားပြီ။ ဒီ ပြီးသွားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကို ကြည့်ခြင်းအားဖြင့် ကျုပ်တို့ ဘာတွေ့ရလဲ။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ကို စိတ်ရောကိုယ်ပါ ထောက်ခံ အားပေးနေတယ်ဆိုတာ ထင်ထင်ရှားရှားကြီး တွေ့ရတယ်။ မြန်မာပြည် တပြည်လုံး အရွေးခံရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်စာရင်း မသိရပေမဲ့ ဖ၊ဆ၊ပ၊လ အမတ်ဦးရေ အများဆုံး ရမယ်ဆိုတာ သိရတယ်။ အမှန်စင်စစ် ဖ၊ဆ၊ပ၊လ စည်းရုံးရေး လုပ်ငန်းတွေဟာ ကောင်းသင့်သလောက် မကောင်းသေးဘူး။ အင်မတန်ဘဲ ချွတ်ယွင်းနေတယ်။ ယခု ဖ၊ဆ၊ပ၊လ စည်းရုံးရေး စံနစ်ထက် အတော်အတန် ကောင်းကောင်းသာ လုပ်နိုင်မယ်ဆိုယင် ဖ၊ဆ၊ပ၊လ အမတ်နေရာ ၁၈၂ နေရာစလုံးတောင် ရနိုင်တယ်။ တိုင်းပြည်က လူတွေက ဖ၊ဆ၊ပ၊လ ကို ထောက်ခံတာဟာ မြန်မာပြည်မှာ ဘယ်တုန်းကမှ မဖြစ်သေးဘဲ အလိုအလျောက် မိမိတို့ တာဝန်သိပြီး ထောက်ခံမဲ ပေးကြခြင်း ဖြစ်တယ်။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ကို အလိုအလျောက် ဝိုင်းဝန်းပြီး မဲပေးကြတဲ့နေရာမှာ ပုဂ္ဂိုလ်သဘော မပါဘဲ အဖွဲ့သဘော မဲပေးကြခြင်းကို ထူးထူးခြားခြား တွေ့ရပြန်တယ်။ ဘာပြုလို့လဲ ဆိုယင် အချို့ ဖ၊ဆ၊ပ၊လ အမတ်လောင်းတွေဟာ ဖ၊ဆ၊ပ၊လ ကသာ မထောက်ခံဘဲ အရွေးခံမယ်ဆိုယင် ဘယ်နယ်ကမှ အရွေးခံရမယ် မဟုတ်ဘူးဆိုတာ တိုင်းပြည်တပြည်လုံး သိသလောက် ဖြစ်နေတာဘဲ။

အခု ရွေးကောက်ပွဲဟာ မြန်မာပြည်လူထုရဲ့ နိုင်ငံရေး အဆင့်အတန်း တိုးတက်မှုကို ထင်ထင်လင်းလင်း ပြထားတယ်။ တိုင်းပြည် လူထုက ဖ၊ဆ၊ပ၊လ ကို ထောက်ခံတယ်ဆိုတာ ဘယ်လိုသဘောနှင့် ထောက်ခံတယ်ဆိုတာကိုလဲ ကျွန်တော်တို့ စိစစ်ဖို့ လိုလိမ့်မယ်။ တိုင်းပြည်လူထုက ဖ၊ဆ၊ပ၊လ ကို ထောက်ခံတဲ့ သဘောဟာ လွတ်လပ်ရေး တနှစ်အတွင်း လိုချင်တဲ့သဘောဘဲ။ ဖ၊ဆ၊ပ၊လ က လွတ်လပ်ရေး ရရန်အတွက် သတ်မှတ်ထားတဲ့ လမ်းစဉ်ကို လူထုက ထောက်ခံတဲ့သဘောဘဲ။ တိုင်းပြည်က ဖ၊ဆ၊ပ၊လ ခေါင်းဆောင်မှုကို ယုံကြည် လိုက်နာမယ် ဆိုတဲ့ သဘောဘဲ။ ဘာဖြစ်လို့ ဖ၊ဆ၊ပ၊လ လမ်းစဉ်ကို ထောက်ခံနေတာလဲ။ ဘာဖြစ်လို့ ဖ၊ဆ၊ပ၊လ ခေါင်းဆောင်မှုကို လိုက်နာနေသလဲ စဉ်းစားလိုက်ယင် ဖ၊ဆ၊ပ၊လ ဟာ တိုင်းပြည်ကိုလဲ သစ္စာ မဖောက်ဘူး။အရမ်းကာရောလဲ မလုပ်ဘူး။ အမှားလဲ နည်းတယ်။ ခြေလှမ်းမှန်မှန်နဲ့ လုပ်ငန်း အကောင်အထည် ပေါ်အောင် လုပ်ပြနိုင်တယ်။ ဘယ်သူ့ကိုမှလဲ မကြောက်ဘူး။ ဘယ်သူ့မှလဲ မမြှောက်ဘူး။ ဘယ်သူ မြှောက်လို့မှလဲ မမြောက်ဘူး။ ဘယ်သူ ချော့လို့မှလဲ မပျော့ဘူး။ ပျော့စိစိ အချောင်သမား စားဖားလမ်းစဉ်လဲ မလိုက်ဘူး။ ဂမူးရှူးထိုး ရမ်းရမ်းကားကား မလုပ်ကြဘူး။ လမ်းစဉ် မှန်သောကြောင့် ဖ၊ဆ၊ပ၊လ ကို တိုင်းပြည်က ထောက်ခံခြင်းဘဲ။ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က မြန်မာပြည် တနှစ်အတွင်း လွတ်လပ်ရေး ရအောင် ကြိုးစားမယ်။ အဲဒီအတောအတွင်းမှာလဲ လောင်စာနဲ့ပြာပုံအတိ ဖြစ်နေတဲ့ မြန်မာပြည်ကို လက်ငင်း ထူထောင်ရေးလဲ လုပ်မယ်။ နောင် ထူထောင်ရေးအတွက်လဲ ပြင်ဆင်သွားမယ်။ လွတ်လပ်ရေး တနှစ်အတွင်း ရအောင် လုပ်တဲ့နေရာမှာလဲ ကျုပ်တို့ဟာ အချိန်အခါ အခြေအနေကို ချင့်တွက်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်တွင်းလုပ်ငန်း၊ အစိုးရအဖွဲ့အတွင်းလုပ်ငန်းတွေနှင့် ပြင်ဖက်လူထု လုပ်ငန်း တော်လှန်ရေးလုပ်ငန်းတွေကို သင့်တော်သလို တွဲဖက် လုပ်ကိုင်သွားမယ်။ သို့သော်လည်း တိုင်းပြည် အရမ်းမဲ့ နစ်နာမဲ့ လမ်းကိုတော့ ဘယ်သူက ဘာပြောပြော ဘာထင်ထင် ဘာဖြစ်ဖြစ် မလုပ်နိုင်ဘူးဆိုတာ တိတိလင်းလင်း ပြောချင်တယ်။ အကယ်၍သာ ယခု ကျွန်တော်တို့ ရထားတဲ့ တိုင်းပြည်လူထု ညီညွတ်ရေးနဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးဟာ မပျက်ပြားဘဲ ဆက်လက် တိုးတက်သွားပြီး ကျုပ်တို့ လုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုယင် လွတ်လပ်ရေးကို အခက်အခဲ နည်းနည်းနှင့် ရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ယခုအခါမှာဆိုလို့ရှိယင် ကမ္ဘာ့ အခြေအနေဟာ ရှေးကထက် တိုးတက်လာတယ်ဆိုတာ အထူး ရှင်းစရာ မလိုဘူး။ ပြီးတော့ အာရှတိုက် နိုင်ငံတွေဟာလဲ အထူးဘဲ နိုးကြားလာပြီဆိုတာ အကျယ်တဝင့် ပြောနေစရာ မလိုဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်ဟာလဲ နိုင်ငံရေး သူငယ်နှပ်စား ဘဝက လွန်မြောက်လာပြီး ကိုယ့်အင်နဲ့ ကိုယ့်အားနဲ့ လက်နက်တွေနဲ့ ကိုယ့်နိုင်ငံခြား အဆက်အသွယ်တွေနဲ့ ဖြစ်လာပြီးတော့ ဗြိတိသျှ နယ်ချဲ့စံနစ်ဟာလဲ အင်မတန် အားနည်းလာပြီ။ ၁၉၄၇ ခုနှစ် အကုန်လောက်မှာ ဆိုလို့ရှိယင် နိုင်ငံခြား စစ်တပ်တွေ အတော်များများဘဲ မြန်မာပြည်က ထွက်သွားနိုင်အောင် အခု စီစဉ်နေပြီ။ အဲဒီလို အခြေအနေတွေ ထောက်ပြီး ကျုပ်တို့ လုပ်ကြမယ်ဆိုယင်တော့ဖြင့် လွတ်လပ်ရေးကို တနှစ်အတွက် အခက်အခဲ သိပ်မများဘဲနဲ့ ရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

လွတ်လပ်ရေး ဆိုပေမဲ့ နိုင်ငံရေး လွတ်လပ်ရေးတော့ဖြင့် ဗြိတိသျှပြည်ထောင်စု အပြင်ဖက် လုံးဝ လွတ်လပ်ရေးကို ရဖို့ မခဲယဉ်းဘူး ထင်တယ်။ သို့သော်လဲ ကျွန်တော် ရှင်းရှင်းဘဲ အခုတည်းက ပြောထားချင်တယ်။ အခု ဖြစ်နေတဲ့ မြန်မာပြည် အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်ခြင်းအားဖြင့် စီးပွားရေးအရ လုံးဝ လွတ်လပ်ရေးကိုတော့ဖြင့် ကျုပ်တို့ ကြိုးစားနိုင်မှ ကြိုးစားတတ်မှ တန်ရာကျမယ်လို့ ကျွန်တော်တော့ဖြင့် မြင်တာဘဲ။ “ရွှေခါချဉ် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ်ကြံ ခါးက မသန်” ဆိုတာမျိုးလို ဖြစ်နေမှာ စိုးရတယ်။ ကျွန်တော်တို့မှာ ငွေ မရှိဘူး။ တတ်ကျွမ်းတဲ့လူ အလုံအလောက် မရှိဘူး။ ဒီအချက် နှစ်ချက်နဲ့ ပတ်သက်ပြီး ဘယ်အစိုးရဘဲ မြန်မာပြည်မှာ တက်တက် နိုင်ငံခြား အကူအညီ မရဘဲ မလုပ်နိုင်ဘူး။ နိုင်ငံခြား အကူအညီ ယူရတယ်ဆိုတာ အမြဲကောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ အခြေအနေက မြန်မာပြည် ပြန်လည်ထူထောင်ဖို့ဆိုယင် နိုင်ငံခြား အကူအညီ မယူ မဖြစ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကျွန်တော့်အမြင်အရဖြင့် အာရှ အရှေ့တောင်ပိုင်းမှာ ရှိတဲ့ အင်ဒိုချိုင်းနားပြည်၊ ယိုးဒယားပြည်၊ မလေးယားကျွန်းဆွယ်၊ အင်ဒိုနေးရှား အစရှိတဲ့ နိုင်ငံတွေနဲ့ ကျွန်တော်တို့ သွေးမစည်းနိုင်သမျှ ကာလပတ်လုံး တိုင်းပြည် စီးပွားရေးမှာ ကျပ်ပြည့်တင်းပြည့် ဖြစ်ဖို့ တော်တော်ဘဲ နှစ်ရှည်လများ ကြိုးစားရလိမ့်မယ် ထင်တယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ အခြေအနေကို ကျွန်တော်တို့ တကယ် သိမှ တကယ် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိနိုင်မယ်။ ဒီကိစ္စဟာ မိုးလား ကဲလား စကားပြောရုံနဲ့ ပြီးနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ စံနစ်နဲ့ စည်းကမ်းနဲ့ အမြော်အမြင်နဲ့ လုပ်တတ် ကိုင်တတ်၊ လုပ်မှ ကိုင်မှ အတော်အတန် ပြီးမြောက်နိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒါ့ကြောင့် လွပ်လပ်ရေး ရပြီး ၊ ရတဲ့ လွတ်လပ်ရေးကို ဆက်လက် တည်တံ့အောင် လုပ်နိုင်ရမယ်။ ရတဲ့ လွတ်လပ်ရေးရဲ့ အရသာကို မြန်မြန် ခံစားရအောင် လုပ်ရမယ်။ အဲဒီလို လွတ်လပ်ရေးကို လိုချင်ယင် ကျုပ်တို့ဟာ အမြော်အမြင်နဲ့ စစ်ရေးစစ်ရာမှာလို ပရိယာယ်အရာ ကျွမ်းကျင်ပြီး ကျွန်တော်တို့ ကိုယ်ကိုလဲ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး ရှိအောင် အခုကတည်းက စတင် ပျိုးထောင်ထားဖို့ လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ ဖြေရှင်းမဲ့ လွတ်လပ်ရေး ပြဿနာဟာ လွတ်လပ်ရေး အာဏာ ကျွန်တော်တို့ လက်ထဲ ရောက်အောင် ယူရုံနဲ့ မပြီးသေးဘဲနဲ့၊ ရပြီးတဲ့ လွတ်လပ်ရေးကို တည်တံ့အောင်၊ တည်တံ့တဲ့ လွတ်လပ်ရေးရဲ့ အရသာကို ခံစားရအောင် ဒီလို အချက်တွေ ဖြည့်ထည့်ပြီး လုပ်သွားနိုင်မှ လွတ်လပ်ရေး တိုက်ပွဲ တိုက်စရာ ရှိတယ် ဆိုယင်လဲ တိုက်နိုင်လိမ့်မယ်။ လွတ်လပ်ရေး ရတယ် ဆိုယင်လဲ လွတ်လပ်ရေးနဲ့ ထူထောင်ရေးကို လုပ်နိုင်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ပြင်ဆင်မှု လုပ်ငန်းတွေဟာ တိုင်းပြည် ကာကွယ်ရေးနှင့် စီးပွားရေး အခြေခံတွေကို ယခုကတည်းက အုတ်မြစ် ချထားရမယ်။ အဲဒီတော့ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ က ဒီလို အကြောင်းကြောင်းတွေကို ထောက်ပြီး ဘာတွေ လုပ်မလဲ။

၁။ လူထု ညီညွတ်ရေးနဲ့ တိုင်းရင်းသား အချင်းချင်း ညီညီညွတ်ညွတ် ရှိမှုကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင်၊ ကြီးမားသည်ထက် ကြီးမားအောင် ဆက်လက် ကြိုးစားရမယ်။ လွတ်လပ်ရေး ရံပုံငွေကိုလဲ ဆက်ကောက်ရမယ်။

၂။ အရှေ့ အာရှ တောင်ပိုင်းမှာ ရှိတဲ့ နိုင်ငံတွေ အားလုံးနဲ့ ပြည်ထောင်စု နိုင်ငံကြီး တနိုင်ငံ နောက်ဆုံး ဖြစ်သွားနိုင်အောင် အရှေ့ အာရှ တောင်ပိုင်း နိုင်ငံတွေနဲ့ သွေးစည်းမှု လုပ်ငန်းတွေကို စတင် ပြုစု ပျိုးထောင်ရမယ်။

၃။ အခု အိန္ဒိယ နိုင်ငံနှင့် တရုပ်နိုင်ငံကြီး နှစ်နိုင်ငံနဲ့လဲ မိတ်ဆွေ ဖြစ်အောင် ကြိုးစားရမယ်။

၄။ လွတ်လပ်တဲ့ ဗမာပြည်နဲ့ လွတ်လပ်တဲ့ အင်္ဂလိပ်ပြည်ဟာ မိတ်ဆွေရင်းချာ ဖြစ်နိုင်အောင်လဲ ကြိုးစားရမယ်။

၅။ ဗမာပြည်ရဲ့ ကာကွယ်ရေး အခြေခံ ရအောင်လဲဘဲ စစ်တပ် အဖွဲ့တွေ၊ ပုလိပ်အဖွဲ့တွေ၊ လက်နက်ကိုင်စစ်တပ်တွေ Home Guard ခေါ်တဲ့ ရပ်ရွာ ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းရလိမ့်မယ်။

၆။ စီးပွားရေး အခြေခံဖြစ်တဲ့ ထူထောင်ရေး လုပ်ငန်း အရပ်ရပ်ကို သေသေချာချာ စီစဉ်ပြီး ဆောင်ရွက် လုပ်ကိုင်ရမယ်။

အဲဒီ လုပ်ငန်းတွေ လုပ်ပြီး အဲဒီ လုပ်ငန်းတွေကို လုပ်နိုင်မှ ဗမာပြည်ရဲ့ လွတ်လပ်ရေးလုပ်ငန်းနှင့် ကောင်းစားရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားနိုင်မှာဘဲ။ အဲဒီ လုပ်ငန်းတွေကို လုပ်ဖို့ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကချည်း လုပ်လို့ မဖြစ်ဘူး။ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကလဲ လုပ်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေကလဲ လုပ်၊ လူထုကလဲ လုပ်၊ အစိုးရ အမှုထမ်းတွေကလဲ လုပ်၊ သတင်းစာတွေကလဲလုပ်၊ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကလဲ လုပ်။ တိုင်းပြည်လူထုက ဘယ်လို လုပ်ကြရမလဲဆိုတာ ကျွန်တော် မပြောခင် ခင်ဗျားတို့ကို ကျွန်တော် နည်းနည်း မေးခွန်း ထုတ်ချင်တယ်။ အခုလက်ရှိ အခြေအနေဖြစ်တဲ့ ဗမာပြည်ပျက်၊ ရွာပျက်၊ ကျောင်းပျက်၊ အိုးပျက်၊ အိမ်ပျက်၊ ကျန်းမာရေးပျက်၊ အကျင့်စာရိတ္တ ပျက်သထက် ပျက်အောင် လုပ်ခြင်းအားဖြင့် ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရနိုင်မယ် ထင်သလား။ ဒီလို မဟုတ်ဘဲနဲ့ အဲဒါတွေကို ပြင်ပြီး ကျွန်တော်တို့ အင်အား အကောင်အထည် ကြီးမားသထက် ကြီးမားအောင် လုပ်တဲ့နည်းက လွတ်လပ်ရေးကို ရအောင် လုပ်နိုင်မလား၊ အဲဒီ မေးခွန်း နှစ်ရပ်ကို ကျွန်တော် မေးချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယခု အခါမှာ ဆိုယင် တိုင်းပြည်လုပ်ငန်းတွေကို ဘာမှ ထိထိရောက်ရောက် မလုပ်တတ်ဘဲနဲ့၊ တော်လှန်ရေးစကားတွေ များများ ပြောပြီး နယ်ချဲ့သမားတွေကို ဘာမှ မထိဘဲ ဗမာအချင်းချင်း ဆန်လုတဲ့ကိစ္စ၊ လယ်သီးစားခ မပေးနဲ့ဆိုတဲ့ကိစ္စ၊ လယ်ခွန် မပေးနဲ့ ဆိုတဲ့ကိစ္စ၊ အမတော်ကြေး မပေးနဲ့ ဆိုတဲ့ ကိစ္စ၊ အဲဒီလိုဟာမျိုးတွေ လုပ်နေတာမှာ ကွန်မြူနစ် အဖြူ အနီ အချောင်သမားတွေ လုပ်နေကြတာမှ တော်လှန်ရေးလုပ်ငန်း ထင်ပြီး ၊ အဲဒီဟာတွေမှ တော်လှန်ရေးအစစ် ထင်ပြီး အချို့လူတွေ ထင်ယောင်ထင်မှား ဖြစ်နေသလားလို့၊ ကျွန်တော် မသိလို့ မေးရခြင်း ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဆိုတဲ့ ကိစ္စတွေနှင့် ပတ်သက်ပြီးတော့ နောက် ကျွန်တော် ရှမ်းပြည်က ပြန်လာတဲ့ အခါကျယင် ပြောပြမယ်။ တော်လှန်ရေးဆိုတာ ဘာကို ဆိုလိုသလဲ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှုဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဖက်ဆစ် အာဏာရှင်စံနစ် ဆိုတာဟာ ဘယ်လိုဟာမျိုးကို ဆိုလိုသလဲ အစရှိတဲ့ တိုင်းပြည်မှာ သတင်းစာတွေရော၊ နိုင်ငံရေးသမားတွေရော စမ်းတဝါးဝါး ရေးသား ပြောဆိုနေတာကို ကျွန်တော် တွေ့ရလို့ ဖြေရှင်းလိုသေးတယ်။

ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရအဖွဲ့ဟာ ဘယ်လို အစိုးရ ဆိုတာကို ကျွန်တော်ပြောဖို့ မလိုဘူး။ တိုင်းပြည် လူထုရဲ့ အစိုးရ ဆိုတာ ခင်ဗျားတို့ သိတယ်။ ဒီတော့ကာ အဲဒီလို ဖြစ်တဲ့ အချိန်အခါမျိုးမှာ ခင်ဗျားတို့ကနေပြီးတော့ကာ အခွန်မပေးနဲ့ ဆိုယင်၊ ကျွန်တော်တို့မှာ ငွေ မရှိလို့ ခင်ဗျားတို့အတွက် ထူထောင်ရေး လုပ်ငန်းတွေကို လုပ်မပေးနိုင်လို့ ရှိယင်၊ ကျွန်တော်တို့မှာ မနစ်နာဘဲ၊ ခင်ဗျားတို့မှာသာ နစ်နာမှာဘဲ။ နယ်ချဲ့သမားနှင့်တော့ ဘာဆိုင်သလဲ။ နယ်ချဲ့သမားနှင့်တော့ ဘာမှ မဆိုင်ဘူး။ ဘာပြုလို့လဲ ဆိုယင် ခင်ဗျားတို့တတွေ ပေးတဲ့ အခွန်ငွေဟာ သူတို့ ရတာ မဟုတ်ဘူး။ ကျွန်တော်တို့ကသာ သုံးရတာဘဲ။ အဲဒီတော့ကာ ဒီအခွန် မပေးရေး ကိစ္စဟာလဲ ရှေးအခါတုန်းကနယ်ချဲ့သမား ကြီးစိုးနေတဲ့ အချိန်အခါမှာဆိုယင် တမျိုးတမည် ယူဆရမယ် ဖြစ်ပေမဲ့ အခုအချိန်အခါမှာ ထင်ကြေးနဲ့ မကိုက်တော့ဘူး။ နောက်ပြီးတော့ကာ ဒီ လယ်သီးစားခ မပေးနဲ့ ဆိုတာလဲ ရှေးတုန်းက ဟုတ်ချင် ဟုတ်မယ်။ သို့သော်လဲဘဲ အခု ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရ တက်လာမှ လယ်သီးစားခ ဆိုယင်လဲ ခါတိုင်းနှစ်တွေထက် လျှော့ပြီးတော့ ဆုံးဖြတ်ပေးတယ် မဟုတ်လား။ နောက်ပြီးတော့ အခု ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေမှာ ဆိုယင် လယ်ပိုင်ရှင် စံနစ်ဆိုတာ ရှိနေအုံးမှာဘဲ။ သို့သော်လဲ ဒီ လယ်ပိုင်ရှင် စံနစ် ပယ်ဖျက်ပြီးယင် တမျိုးတမည် ဖြစ်ချင် ဖြစ်မယ်။ အဲဒီတော့ကာ ကျွန်တော်တို့ ဒီ စီးပွားရေး စံနစ်ကို စီစဉ်တဲ့ နေရာမှာ တိုင်းပြည် အခြေအနေ အမျိုးမျိုးကို ထောက်ဆပြီး လုပ်ရမယ်။ တရုပ်ပြည် တပိုင်းကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး ကိုယ်တိုင်က တရုပ်ပြည်ကြီးဟာ လက်ငင်းအခြေအနေအားဖြင့် ဆိုရှယ်လစ်နိုင်ငံ ထူထောင်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ ဆိုရှယ်လစ်နိုင်ငံ ထူထောင်နိုင်တဲ့ အခြေအနေ ရောက်အောင် နှစ်ရှည်လများ ကြာမှ ရောက်နိုင်မယ်။ အဲဒီလို အတောအတွင်းမှာ ဒီမိုကရေစီ နိုင်ငံသာ ထူထောင်ပြီး အဲဒီ အခြေအနေ အတွင်းမှာဆိုယင် လယ်သီးစားခ ပေးရေးဆိုတဲ့ ကိစ္စမျိုးတွေဟာ ဆက်လက် တည်မြဲနေအုံးမှာဘဲ ဆိုတာကို သူကိုယ်တိုင် ပြောခဲ့တယ်။

ဒီတော့ကာ ကျွန်တော်တို့ ဗမာပြည်မှာလဲ အခု ဆူပွက်နေကြတဲ့ ကွန်မြူနစ်တွေ ကိုယ်တိုင် ဗမာပြည်ကို အုပ်ချုပ်တဲ့အခါမှာလဲ ဆိုရှယ်လစ်ဝါဒကို ဘယ်နည်းနှင့်မှ ချက်ချင်း ထူထောင်နိုင်မှာ မဟုတ်သေးဘူး။ အဲဒီလို ဆိုရှယ်လစ် ဝါဒ မထူထောင်နိုင်သမျှ ကာလပတ်လုံး၊ လယ်ရှင်နဲ့ လယ်သမားဆိုတာ ရှိနေဦးမှာဘဲ။ အဲဒီလို ရှိနေသမျှ လယ်သီးစားခ ပေးတဲ့ ကိစ္စမျိုးဟာ ရှိနေဦးမှာဘဲ။ ပေါ်နေဦးမှာဘဲ။ အစိုးရက လုပ်ပေးရမှာက အပြင်ဖက်ကနေပြီးတော့ကာ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ရဲ့ လုပ်ငန်းစဉ်အတိုင်းဘဲ။ အဲဒီ လယ်သမားတွေဖက်က နေပြီးတော့ တတ်နိုင်သမျှ ညှာတာပြီး လုပ်ပေးဖို့ ရှိတယ်။ အဲဒီ ကိစ္စမှာလဲ ခါတိုင်းနှစ်တွေထက် လယ်သီးစားခတွေကို လျှော့ပြီးတော့ အစိုးရက ဆုံးဖြတ်ပေးခဲ့တာကို ထောက်ထားခြင်း အားဖြင့် ဖ၊ဆ၊ပ၊လ အစိုးရဟာ လယ်သမားတွေကို ဘယ်လို ထောက်ထား ညှာတာခဲ့တယ်ဆိုတာ ပြောနေဖို့ မလိုဘူး။ သိကြတဲ့အတိုင်းဘဲ။ အဲဒီလို ဖြစ်နေလျက်သားနဲ့ ဒီဟာတွေကို မပေးအောင် တိုက်တွန်းနေတဲ့ လူတွေဟာ နယ်ချဲ့သမားတွေကို တိုက်ချင်တာလား၊ ဒီလိုမှ မဟုတ်ယင် ဖ၊ဆ၊ပ၊လ အစိုးရကို တိုက်ချင်တာလား ဆိုတာ ရှင်းရှင်းဘဲ မေးချင်တယ်။ နောက်ပြီးတော့ကာ ဒီ အမတော်ကြေး မပေးနဲ့ဆိုတဲ့ ကိစ္စ၊ အဲဒီ အမတော်ကြေး ပြန်မပေးနဲ့ ဆိုတဲ့ ကိစ္စတွေဟာလဲ ဒီအမတော်ကြေးဟာ ဘယ်ကနေပြီး ကျွန်တော်တို့ အစိုးရက ထုတ်ပေးနိုင်သလဲ။ မြန်မာပြည်က လူတွေ ပေးတဲ့ အခွန်တော်တွေထဲကနေပြီးတော့ကာ တိုင်းသူပြည်သားတွေကို ချေးရတာဘဲ။ အကယ်၍သာ တိုင်းသူ ပြည်သားတွေက ပြန်မပေးဘဲ၊ ဒီအမတော်ကြေးငွေတွေ နည်းနေမယ်ဆိုယင် နည်းသလောက် ကျွန်တော်တို့ နောက်ထပ် ပြန်ပြီး ချေးတဲ့အခါမှာ သိပ်များများ ချေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ကာ ဒီအမတော်ကြေးငွေတွေဟာ စင်စစ် ဘယ်သူ့ ငွေတွေလဲ ဆိုယင် တိုင်းသူပြည်သားတွေရဲ့ ငွေတွေဘဲ။ ဒီတိုင်းသူပြည်သားတွေရဲ့ ငွေကို သုံးဖြုန်းခြင်းအားဖြင့် နယ်ချဲ့သမားကို ဘယ့်နှယ်လုပ်ပြီး ထိခိုက်မလဲ။

အဲဒီနောက်တခါ… ဆန်လုတဲ့ကိစ္စ၊ အခုနှစ်မယ်ဆိုယင် ဗမာပြည်မှာ ရှိတဲ့ လူတွေ စားဖို့ထက် ဆန် တန်ချိန် တသန်းလောက် ပိုထွက်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ အဲဒီလို ဆန်တန်ချိန် တသန်းလောက် ပိုထွက်လိမ့်မယ်လို့ ခန့်မှန်းရတဲ့ နှစ်မျိုးမှာ ဗမာပြည်မှာ ဘယ်နည်းနှင့်မှ အစားအစာ ငတ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကယ်၍ တချို့နေရာတွေမှာ ဆန် မလုံလောက်ဘူးဆိုယင် ဒီဆန်ကို တင်ချပြီးတော့ကာ ဝေငှတဲ့ စံနစ် ချွတ်ယွင်းတဲ့အတွက်ကြောင့်သာလျှင် ဖြစ်ချင် ဖြစ်ရမယ်။ အဲဒီလို ချွတ်ယွင်းချက်တွေ ရှိတယ်ဆိုယင်ဘဲ ကျွန်တော်တို့ အစိုးရကို ပြောချင်ကြတာဘဲ။ ကျွန်တော်တို့တတွေ ဒီကိစ္စတွေနှင့် ပတ်သက်ပြီး ပြင်ဆင်ပေးဖို့ အဆင်သင့်ဘဲ။ သို့သော်လဲဘဲ ဒီလို ဆန်ငတ်တာ မရှိဘဲနဲ့ ဆန် လုတဲ့ ကိစ္စတွေ လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ တွေ့ရတာ ဘာတွေ တွေ့ရသလဲ ဆိုယင် အချို့အချောင်သမား ဆန်ပွဲစား၊ ဆန်ကုန်သည်၊ ဆန်သူဌေးတွေဟာ အချောင်လိုက်ပြီးတော ဒီဆန်တွေ ဝယ်နိုင်တဲ့ကိန်း ရောက်တယ်လို့ ကျွန်တော် ကြားသိရတယ်။ အဲဒီတော့ကာ အမှန်စင်စစ် ဒီလို ဆန်တွေကို လုခြင်း အားဖြင့် ကျွန်တော်တို့ အစိုးရမှာ ရှုံးမယ်၊ တိုင်းပြည်မှာလဲ ရှုံးမယ်ဆိုလို့ ရှိယင် အပြီးသတ်ကျတော့ တိုင်းပြည် ရှုံးတာဘဲ။ လူထု ရှုံးတာဘဲ။ ဘာပြုလို့လဲဆိုယင် ကျွန်တော်တို့ အခုနေအခါမယ် တိုင်းပြည်မှာ ငွေ မရှိဘူး။ ငွေရှိမှ ဖြစ်မယ်။ ဒီ ငွေရှိအောင်ဆိုတာလဲဘဲ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့ စက်ကိရိယာ တန်ဆာပလာတွေ၊ ပစ္စည်း အမျိုးမျိုးတွေ လိုတယ်။ ဒီ ပစ္စည်း အမျိုးမျိုးတွေ၊ စက်ကိရိယာ တန်ဆာပလာ အမျိုးမျိုးတွေ ကို ကျွန်တော်တို့ ဗမာပြည်မှာ မရှိဘူး။ အဲဒီလို မရှိတော့ကာ အခြား နိုင်ငံတွေက ဝယ်ယူ သုံးစွဲရမယ်ဆိုယင် ကျွန်တော်တို့မှာ ရှိတဲ့ ငွေမျိုးနှင့် ဝယ်လို့ မရဘူး။ အဲဒီလို သက်ဆိုင်ရာ နိုင်ငံက ငွေနှင့် ဝယ်မှ ဒီ ကျွန်တော်တို့ လိုချင်တဲ့ ပစ္စည်းတွေကို ရမယ်။ ဒီတော့ကာ အခု ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဆိုယင် ဘယ် အစိုးရဘဲ တက်တက်၊ အဲဒီ နိုင်ငံခြားတွေက နေပြီး ငွေ ချေးရမှာဘဲ။ ဒီလို ငွေချေးတဲ့ ကိစ္စမှာလဲဘဲ ဒီလို ငွေမျိုးရအောင် နိုင်ငံခြားငွေ ရအောင် ဆိုယင် နိုင်ငံခြားနဲ့ ကုန် ကူးသန်းရောင်းဝယ်ရေး ကိစ္စမှာ ကျွန်တော်တို့ပြည်က ထွက်ကုန်နဲ့ အခြား တိုင်းပြည်က သွင်းတဲ့ ဝင်ကုန်၊ အဲဒီလို ထွက်ကုန်နဲ့ ဝင်ကုန် ကုန်မျှတအောင် ကျွန်တော်တို့ စီစဉ် လုပ်ကိုင်နိုင်မှ ဖြစ်မယ်။ ကျွန်တော်တို့ ဗမာပြည်က ထွက်သမျှ ထွက်ကုန်အနက်မှာ ဆန်ကိုသာလျှင် အများဆုံး တင်ပို့နိုင်မယ်။ စစ်မဖြစ်ခင်တုန်းကလဲ ဆန်ရောင်းလို့ ရတဲ့ငွေက ဗမာပြည်မှာ ဝင်ငွေအများဆုံး ဖြစ်တယ်။ အခု ဒီလို ဗမာပြည်ရဲ့ ဝင်ငွေကို အများဆုံး တိုးတက်အောင် လုပ်ပေးနိုင်မည့် ပစ္စည်းဟာ ဆန်ဖြစ်တယ်။ နောင်ကို ကျွန်တော်တို့ ဗမာပြည် ပြန်လည် ထူထောင်ပြီးလို့ စက်ရုံကြီးတွေ၊ အလုပ်ရုံကြီးတွေ၊ ဒိပြင် ပစ္စည်းတွေ လုပ်ပြီးယင် အခြေကျသွားမှာဘဲ။ သို့သော်လဲ အရင် စစ်မဖြစ်ခင်ကနှင့် အခု အခြေအနေနှင့် နောက်ပြီးတော့ကာ နောက် နှစ်တော်တော်ကြာကြာ ဖြစ်မည့် အခြေအနေမှာ ဆိုယင် မြန်မာပြည်မှာ ဆန်စပါး ထွက်ကုန်ကို အားကိုး အားထားပြီး လုပ်ကြရမှာဘဲ။ ဒီ ဆန်စပါးကို အားကိုးပြီး လုပ်ကြရမည့် အခါမှာ ဒီ ဆန်စပါးတွေဟာ တိုင်းပြည်မှာလဲ မငတ်ဘဲနဲ့ အရမ်းမဲ့ အဖိတ်အစဉ်များပြီးတော့ကာ ဘာမှ အကျိုး မရှိအောင် လုပ်တဲ့ ကိစ္စဟာ မြန်မာပြည်သူပြည်သားတွေရဲ့ လည်စိကို ညှစ်တာက လွဲလို့ အခြား ဘာအဓိပ္ပာယ်မှ မရှိဘူး။ နယ်ချဲ့သမားကို တိုက်တာ အလျဉ်း မဟုတ်ဘူး။

အဲဒီတော့ အခုလို အချိန်အခါမျိုးမှာ ဒီလိုဟာမျိုးတွေဟာ မသင့်လျော်ပါဘူးဆိုတာ စဉ်းစားကြည့်ဖို့ လိုတယ်။ အခု အချိန်အခါမျိုးမှာ ဖ၊ဆ၊ပ၊လ ဟာ အစိုးရ အာဏာကို ယူထားတဲ့ အချိန်အခါ ဖြစ်တယ်။ ဖ၊ဆ၊ပ၊လ ဟာ နယ်ချဲ့သမားတွေကို တိုက်နေသလား။ မတိုက်နေဘူးလား။ ဒီ ဖ၊ဆ၊ပ၊လ အစိုးရလို တိုင်းပြည်ရဲ့ ကြည်ညိုမှုကို ရပြီး တိုင်းပြည်ရဲ့ အကျိုးကို ဆောင်ရွက်နေတဲ့ အစိုးရမျိုး မြန်မာပြည်မှာ မရှိဘူးလို့သာ မှတ်ထားကြစေချင်တယ်။ ဖ၊ဆ၊ပ၊လ အစိုးရဟာ ချွတ်ယွင်းချက်တွေ မရှိဘူးလို့လဲ ကျွန်တော် မဆိုလိုချင်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောပြချင်တာက ဖ၊ဆ၊ပ၊လ အစိုးရလောက်မှ မလုပ်နိုင်ခဲ့တဲ့ အစိုးရအဖွဲ့တွေမှာ လုပ်လာခဲ့တဲ့ လူတွေက တော်လှန်ရေး လုပ်မယ်ဆိုတာ ခင်ဗျားတို့ ယုံကြလို့လား။ ခုနက ပြောပြခဲ့တဲ့ ဆန် လုခိုင်းတာ၊ အခွန် မပေးခိုင်းတာ အစရှိတဲ့ လုပ်ငန်းတွေဟာ ဖ၊ဆ၊ပ၊လ ကို တော်လှန်တာဘဲလား၊ နယ်ချဲ့သမားကို တော်လှန်တာလား၊ ဖ၊ဆ၊ပ၊လ ကို တော်လှန်တယ်ဆိုယင် ဖ၊ဆ၊ပ၊လ ကို တိုင်းပြည် လူထုက ထောက်ခံနေတယ်ဆိုတာ အခု ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထင်ရှားခဲ့တဲ့ အတိုင်း ဖ၊ဆ၊ပ၊လ ကို တော်လှန်တဲ့ လူတွေဟာ တိုင်းပြည်နဲ့ လူထုကို တော်လှန်တာဘဲ။

ဒါကြောင့် အတိုက်အခံသမားတွေ၊ သတင်းစာတွေ၊ အစိုးရ အမှုထမ်းတွေ ဖ၊ဆ၊ပ၊လ အဖွဲ့တွေ၊ ပြည်သူ့ ရဲဘော် တပ်ဖွဲ့တွေ၊ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေ၊ လူငယ်တွေနဲ့ တိုင်းပြည် လူထုက ဖ၊ဆ၊ပ၊လ ကို ဘယ်လို ထောက်ခံပြီး၊ ဗမာပြည်ရဲ့ လွတ်လပ်ရေး ရအောင် ဝိုင်းဝန်း လုပ်ကြပါဆိုတာ အသီးသီး ဆိုင်ရာ သိသင့်တဲ့ အချက်တွေကို ကျွန်တော် ပြောပြခြင်းပါဘဲ။ ဒီ ဖ၊ဆ၊ပ၊လ အဖွဲ့ အစိုးရ အဖွဲ့မျိုး မြန်မာပြည်မှာ မပေါ်ဘူးသေးဘူးဆိုတာ ကျွန်တော်တို့ သိပ်ပြီး ငြင်းချက် ထုတ်နေစရာ အချက်တွေ မဟုတ်တဲ့အတိုင်း ကျွန်တော် တခု သတိပေးချင်တာက လွန်ခဲ့တဲ့ နှစ် တော်တော်ကြာတုန်းက ကွန်မြူနစ်တွေဟာ ကမ္ဘာကြီးတခုလုံးမှာ ဖက်ဆစ်စံနစ်ကို တော်လှန်ဖို့ ဆိုပြီးတော့၊ ဖက်ဆစ်စံနစ် ဆန့်ကျင်ရေး တပ်ဦးတွေကို ဆိုင်ရာနိုင်ငံ အသီးသီးတွေမှာ လုပ်ဖို့ စီစဉ်ကြတယ်။ ဒီအခါတုန်းက ဖွဲ့စည်းကြဖို့ လုပ်တဲ့အခါမှာ ကွန်မြူနစ်တွေရဲ့ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ်ကြီးဆိုတာ ရှိသေးတယ်။ အဲဒီ ကမ္ဘာ့နိုင်ငံ ပေါင်းချုပ် ကွန်မြူနစ် အသင်းမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ ကွန်မြူနစ် ပုဂ္ဂိုလ်ကျော်ကြီးတဦး ကိုယ်တိုင်က အမေရိကန်ပြည်နဲ့ ပတ်သက်ပြီး ဘာစကားပြောခဲ့သလဲ။ ဘယ်လို ပြောခဲ့သလဲ ဆိုယင် အမေရိကန်မှာ ရူးစဘဲ့က အဲဒီအချိန်အခါတုန်းက နယူးဒီး (New Deal) ခေါ်တဲ့ ဒီစီမံကိန်းတွေနဲ့ သူတို့ တိုင်းပြည်ကို ထူထောင်တဲ့ အချိန်အခါ ဖြစ်ပါတယ်။ အဲဒီလို သူတို့ တိုင်းပြည်ကို ထူထောင်တဲ့ အချိန်အခါမယ် ဒီလို ထူထောင်နိုင်အောင်လဲ အာဏာ အမြောက်အများ တိုင်းပြည်ကနေပြီး တောင်းထားကြတယ်။ အဲဒီဟာကို အပရိကလောက် အချို့ ကွန်မြူနစ်တွေက ယူဆကြပြီးတော့ ဒီရူးစဘဲ့ကိုဘဲ ဖက်ဆစ်သမားလို့ ကဲ့ရဲ့ကြတယ်။ အဲဒီလို ကဲ့ရဲ့သံကို ကွန်မြူနစ် ခေါင်းဆောင်က သိတဲ့အခါကျတော့ အမေရိကန်တိုင်းပြည်က ကွန်မြူနစ်တွေကို ဘယ်လို အပြစ်တင်သလဲဆိုယင် မင်းတို့ လုပ်တာတွေဟာ ဘာမှ အခြေအနေမရှိဘဲ အရမ်း လမ်းစဉ်တွေ လိုက်နေတာဘဲ။ အမှန်စင်စစ် ရူးစဘဲ့ဟာ အစိုးရအဖွဲ့ထဲမှာ ပါလို့ မင်းတို့ သူ့ကို ဖက်ဆစ်လို့ ဆိုပေမဲ့ အစိုးရ အပြင်ဖက်မှာ နေတဲ့ လူတွေဟာ ရူးစဘဲ့ထက် အဆပေါင်းများစွာ ဆိုးနေတဲ့ အရင်းရှင်းကြီးတွေ ဆိုတာ မင်းတို့ သတိမူကြရမယ်ဆိုတာ ပြောခဲ့တယ်။ အဲဒီ အတိုင်းဘဲ ဖ၊ဆ၊ပ၊လ အစိုးရ အပြင်ဖက်မှာရှိတဲ့ အတိုက်အခံသမားတွေကို ခင်ဗျားတို့ ကြည့်ပါ။ ဘယ်လို လူစားတွေ ဆိုတာ ခင်ဗျားတို့ သိပြီးတဲ့နောက် ဖ၊ဆ၊ပ၊လ အစိုးရကို တိုက်ခိုက်ခြင်းဟာ နယ်ချဲ့သမားကို တိုက်ခိုက်ခြင်း မဟုတ်ဘဲနဲ့ နယ်ချဲ့သမားကို အားပေးခြင်း ဖြစ်တယ်ဆိုတာ သတိပြုဖို့ လိုတယ်။

အဲဒီတော့ကာ ကျွန်တော် အတိုက်အခံသမားတွေကို ဘာပြောချင်သလဲ ဆိုယင် ကျုပ်တို့ ဖ၊ဆ၊ပ၊လ အစိုးရ အဖွဲ့ဟာ အရင်တုန်းက အစိုးရ အဖွဲ့ထဲမှာ လုပ်ခဲ့ဘူးတဲ့ နိုင်ငံရေးပါတီတွေလို မဟုတ်ဘူး ဆိုတာ ကျွန်တော် တိတိလင်းလင်း ပြောချင်တယ်။ အခြား နိုင်ငံရေး ပါတီတွေ အစိုးရ အဖွဲ့ထဲမှာ ရှိပြီး လုပ်နေကြတဲ့ အချိန်အခါတုန်းက ဆိုယင် မိမိတို့နဲ့ အတိုက်အခံ ဖြစ်တဲ့ နိုင်ငံရေး ပါတီတွေကို မှားမှားမှန်မှန် တရား တရား မတရား မတရား နှိပ်စက်တယ်ဆိုတာ ကျွန်တော် ပြောဖို့ မလိုဘူး။ သို့သော်လဲ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရဟာ အခုထိ ကျွန်တော်တို့ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံသမားတွေကို နှိပ်စက် ညှင်းပန်းခြင်း မလုပ်ဘူး။ သို့သော်လဲ ဒီ စည်းကမ်းချက်တွေက လွန်လာပြီးတော့ ကိုးရိုးကားရား တိုင်းပြည် အကျိုးမဲ့အောင် လုပ်ယင် ဒါ ကျွန်တော်တို့ ကြည့်မနေနိုင်ဘူး။ ကျွန်တော်တို့ အဖွဲက အတိုက်အခံသမားတွေကို တရားသဖြင့် လွတ်လပ်စွာ ပြောဆို ရေးသားခွင့် ဆူပူခွင့် အဲဒီ အခွင့်အရေးတွေ ပေးတာကို အသားယူပြီး မတရား လုပ်ယင်တော့ ကျွန်တော်တို့ သေသေချာချာ ချရမှာဘဲဆိုတာ ကျွန်တော် ပြောချင်တယ်။

ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရကို အသရေ ပျက်မှု ဖြစ်စေတဲ့ စကားမျိုးက လွဲလို့ရှိယင် ဟုတ်တာ၊ မဟုတ်တာ အပထားလို့ တရားဥပဒေ အတွင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့ကို ဆဲချင်သလို ဆဲနိုင်တယ်။ ခင်ဗျားတို့ ကျွန်တော်တို့ကို ဝေဖန်ချင်သလို ဝေဖန်နိုင်တယ်။ မှန်မှန် မမှန်မှန်၊ သို့သော်လဲ တရားဥပဒေက လွန်မြောက်တဲ့ ကိစ္စမျိုးဆိုယင် သည်းခံပြီး မနေနိုင်ဘူး။ နောက်ပြီးတော့ကာ ရထားတဲ့ အာဏာကို ခင်ဗျားတို့ လက်ထဲ ပြန်ရောက်အောင် ပရိယာယ်မျိုးတွေကို လုပ်ယင်တော့ ချရဦးမှာဘဲ ဆိုတာ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ အတိုက်အခံသမားတွေကို ကျွန်တော် တိတိလင်းလင်း ပြောချင်တာက ညစ်ပတ်မယ်တော့ မကြံပါနဲ့၊ တရားသဖြင့် ကျွန်တော်တို့ လက်က အာဏာကို လုနိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို တွေ့ပြီးတော့ လုနိုင်ယင်လု၊ ယူနိုင်ယင်ယူ၊ ကျွန်တော်တို့ အခွင့်အရေး ပေးမယ်။ သို့သော်လဲ ညစ်ပတ်မယ်ဆိုပြီးတော့ တိုင်းပြည်မှောက်မှားအောင် မတရားတာတွေကို ရှောက်ပြီး လုပ်နေမယ်။ လူတွေကို အရမ်းမဲ့ သပုပ်လေလွင့် အကြည်ညို ပျက်အောင် လုပ်မယ်ဆိုလို့ရှိယင်တော့ဖြင့် ကျွန်တော်တို့ သည်းခံပြီး မနေဘူးဆိုတာ တိတိလင်းလင်း ပြောချင်တယ်။ နောက်ပြီး သတင်းစာတွေကို ကျွန်တော် ပြောချင်တယ်။ သတင်းစာတွေဟာ ဒီအစိုးရလက်ထက်နဲ့ အရင်တုန်းက တခြားအစိုးရ လက်ထက်နဲ့ သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်၊ ကျွန်တော်တို့ဟာ ဘယ်လို အစိုးရဆိုတာလဲ၊ ဘာမှ အထူး ပြောနေစရာ မလိုဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ကို ထောက်ခံ အားပေးနေတဲ့ သတင်းစာတွေလဲ အားပေးချင်ပေးကြ။ ဒီလိုမှ မဟုတ်လို့ ကျွန်တော်တို့ကို ဝေဖန်ပြီးတော့ အတိုက်အခံ လုပ်ချင်ကြတဲ့ သတင်းစာတွေဆိုယင်လဲ သဘောအတိုင်းဘဲ။ ဒီလိုမှ မလုပ်လို့ ကျွန်တော်တခါတုန်းက ပြောလို့ အင်မတန်ဘဲ မကျေမနပ် ဖြစ်တာလိုဘဲ “ဆိတ်လစိ” လုပ်ချင်ကြတဲ့ သတင်းစာတွေလဲ လုပ်ချင် လုပ်ကြပါ။ သို့ပေမဲ့ အကြည်ညို တဦးနဲ့တဦး ပျက်စေတဲ့ စကားမျိုး၊ တိုင်းပြည်ဆူပူအောင် လှုပ်ရှားအောင် လှုံ့ဆော်တဲ့စကားမျိုး၊ ဖက်ဆစ် အစီအမံလို လုံးဝ တခါတည်း လိမ်လည် လှည့်ဖျားပြီး ရေးသားတဲ့ အရေးအသားမျိုးဆိုယင် ကျွန်တော်တို့ သည်းခံမှာ မဟုတ်ဘူးဆိုတာ တိတိလင်းလင်းဘဲ သတိပေးပါရစေ။

နောက်ပြီးတော့ အစိုးရ အမှုထမ်းတွေကိုလဲ ကျွန်တော် ပြောလိုတယ်။ အစိုးရ အမှုထမ်းတွေဟာ တိုင်းပြည်နှင့် လူထု အကျိုးကို ကျွန်တော်တို့ အစိုးရအဖွဲ့က ဆုံးဖြတ်တဲ့ အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ပါ။ အခု အစိုးရဟာ အရင် အစိုးရနဲ့ မတူဘူးဆိုတာ တိတိလင်းလင်း ပြောလိုက်ချင်တယ်။ ဘယ်သူကိုမှလဲ ခ,စရာ မလိုဘူး။ ဖ၊ဆ၊ပ၊လ ထဲက လူပဲ ဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော်ဘဲ ဖြစ်ဖြစ်၊ အဲဒီလူတွေကိုလဲ ကြောက်ဖို့ မလိုဘူး၊ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အစိုးရက အရင် အစိုးရလို “ဖော်လံဖား”တဲ့ လူတွေကို ကျွန်တော်တို့ မလိုချင်ဘူး။ ကျွန်တော်တို့ ဆိုင်ရာ ဝန်ကြီးတွေကို အသီးသီး ဖော်လံဖားတဲ့ စကားမျိုးတွေ၊ ဖော်လံဖားတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ မလိုချင်ဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့ လုပ်ငန်းတွေ၊ ကျွန်တော်က ညွှန်ကြားတဲ့ ညွှန်ကြားချက်တွေ၊ ကျွန်တော်တို့က ပေးတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေကို တသွေမတိမ်း လိုက်နာပါ။ လုပ်ပါ။ ဒီလိုမှ မလုပ်ယင် ကျွန်တော်တို့က ဘယ်လောက်ကြီးတဲ့ လူကြီးဘဲ ဖြစ်ဖြစ် နှိပ်မှာဘဲ၊ ချမှာဘဲဆိုတာတော့ ထောင်မင်းကြီးကိစ္စမှာ အားလုံးဘဲ သိကြမှာဘဲ။ အဲဒီတော့ အစိုးရအမှုထမ်းတွေကို သေသေချာချာ တိတိလင်းလင်း ပြောချင်တာက ကိုယ့်တာဝန် ကိုယ်ကျေပြွန်အောင် လုပ်ပါ။ ဖ၊ဆ၊ပ၊လ အစိုးရ တက်နေလို့ ဖ၊ဆ၊ပ၊လ အဖွဲ့ထဲမှာ ပါနေတဲ့ ဖ၊ဆ၊ပ၊လ ဝင် ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေကို အရမ်းမဲ့ ကြောက်ဖို့ မလိုပါဘူး။

နောက်ပြီးတော့ကာ ဖ၊ဆ၊ပ၊လ အဖွဲ့တွေ ပြည်သူ့ရဲဘော် အစရှိတဲ့ ဒီအဖွဲ့အစည်းတွေကိုလဲ ကျုပ် ပြောလိုတယ်။ အခုနေအခါမှာ ဖ၊ဆ၊ပ၊လ အဖွဲ့ခေါင်းဆောင်တွေက အစိုးရ အဖွဲ့ထဲမှာ ရောက်နေလို့ ဖ၊ဆ၊ပ၊လ အဖွဲ့တွေဟာ၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တွေဟာ ငါတို့လဲ အစိုးရဘဲလို့ အစိုးရအာဏာကို အစိုးရကိုယ်စား ယူပြီး ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ဘူးဆိုတာ သတိပြုစေချင်တယ်။ နောက်ပြီးတော့ကာ ဖ၊ဆ၊ပ၊လ အဖွဲ့ ခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲ ရောက်နေလို့ ဖ၊ဆ၊ပ၊လ အဖွဲ့တွေဟာ၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေဟာ ဒိပြင်လူတွေထက်တော့ အခွင့်အရေး ပိုရမယ်ဆိုယင် ရနိုင်စရာ ရှိတယ်။ အဲဒီလို ဖ၊ဆ၊ပ၊လ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ထဲမှာ ရှိနေလို့ ဖ၊ဆ၊ပ၊လ ဝင် မှန်တိုင်း ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင် မှန်တိုင်း မဟုတ် မတရားတာ လုပ်လို့ ရမယ်လို့တော့ မထင်နဲ့။ ဒီလို လုပ်မရဘူးဆိုတာ သိဖို့ အရေးကြီးတယ်။ အခုနေအခါမှာ အချို့နေရာမျိုးမှာ ငါတို့ ဖ၊ဆ၊ပ၊လ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ထဲ ရောက်နေပြီဆိုပြီး မာန်တက်ပြီးတော့ကာ လုပ်ချင်ရာ လုပ်နေကြတဲ့ ဖ၊ဆ၊ပ၊လ အဖွဲ့တွေ ပြည်သူ့ ရဲဘော်တပ်ဖွဲ့တွေ ရှိတယ်ဆိုတာ ကျုပ် သိရတယ်။ အဲဒီတော့ ခါတိုင်း အစိုးရတက်တုန်းက သူတို့ နောက်လိုက်တွေက တိုင်းပြည်အပေါ်မယ် ငါတို့ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ထဲ ရောက်နေပြီဆိုပြီး သူတို့ လုပ်သလို မလုပ်ဘဲ ဖ၊ဆ၊ပ၊လ ခေါင်းဆောင်တွေ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့အချိန်အခါမှာ ဖ၊ဆ၊ပ၊လ ကို သေသေချာချာ လေးစားသော အားဖြင့် ဖ၊ဆ၊ပ၊လ ရဲ့ ဂုဏ်ကို လေးစားသော အားဖြင့် ဖ၊ဆ၊ပ၊လ ရဲ့ လုပ်ငန်းစဉ်တွေကို လေးစားသော အားဖြင့် ဖ၊ဆ၊ပ၊လ ရဲ့ ဝါဒကို ယုံကြည် လေးစားသော အားဖြင့် ဖ၊ဆ၊ပ၊လ ဝင်တွေဟာ၊ ပြည်သူ့ ရဲဘော်တပ်ဖွဲ့ဝင်တွေဟာ အခွင့်အရေးကို မတရား မယူဘဲနှင့်၊ ထင်ရာ မလုပ်ကြဖို့ အရေးကြီးတယ်။ အဲဒီလို ထင်ရာ လုပ်လို့ မတရားတာ လုပ်တယ်ဆိုယင်လဲ ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်ဘဲ ဖြစ်ဖြစ်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ဘဲ ဖြစ်ဖြစ် ကျုပ်တို့ ဖမ်းရ၊ ဆီးရ နှိပ်ကွပ်ရမှာဘဲ။

ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်တွေနဲ့ ပြည်သူ့ရဲဘော်တွေဟာ တခြားလူတွေနဲ့ အတူတူ ဆိုယင် အခွင့်အရေး ပိုရမယ်ဆိုတာ ဘာမှ ယုံမှားစရာ မရှိဘူး။ သို့သော်လဲ မထိုက်တန်ဘဲနဲ့ ရသင့်တဲ့ အခွင့်အရေးတွေကိုတော့ မရနိုင်ဘူးဆိုတာ သေသေချာချာ သိစေချင်တယ်။ နောက်ပြီးတော့ကာ ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်တွေဟာ၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေဟာ မိမိတို့ တာဝန်ကျရောက်တာတွေကို ဒိထက် လုပ်ပြီးတော့ကာ တိုင်းသူပြည်သား လူထုရဲ့ အားကိုးအားထားကို ဒိထက် ပိုရှိအောင် လုပ်ဖို့ လိုတယ်။ ဒီ အခုလို ဖ၊ဆ၊ပ၊လ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့ထဲ ရောက်နေတဲ့ အချိန်အခါမှာ ဖ၊ဆ၊ပ၊လ အဖွဲ့က လူတွေနဲ့ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေဟာ ဗမာပြည်ကြီးကို ဘယ်လောက် ချစ်တယ်ဆိုတာ ကိုယ်ထိလက်ရောက် ပြဖို့ လိုတယ်။ ဒီလို အခါမျိုး ပြမှလဲ တိုင်းပြည်က ရှေ့ဆက်လက်ပြီး ထောက်ခံမှာဘဲ။ အဲဒီတော့ကာ အခု ဖ၊ဆ၊ပ၊လ အဖွဲ့တွေဟာ စည်းရုံးရေး လုပ်ငန်း အခြေအနေမှာဆိုယင် သိပ် ဟန်မကျသေးဘူး။ နောက်ပြီးတော့ ငွေ ကောက်ခံတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စာရင်းတွေ အတော် ရှုပ်နေတယ်လို့ ကြားသိရတယ်။ အဲဒီ ကိစ္စတွေကို ဖ၊ဆ၊ပ၊လ ဗဟို ဌာနချုပ်က စစ်ဆေးပြီးတော့ အပြစ်ရှိတာ တွေ့တဲ့လူ မှန်သမျှ၊ အဖွဲ့မှန်သမျှ အရေးယူရမှာဘဲ။ နောက်ပြီးတော့ကာ စည်းကမ်း သေဝပ်မှု ကောင်းကောင်း ရှိဖို့ လိုတယ်။ ဒီ စည်းကမ်း သေဝပ်မှု မရှိတဲ့ အဖွဲ့အစည်းတွေဟာ ဘာဘဲ လုပ်ချင်လုပ်ချင် ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုတာ အထူး ပြောစရာ မလိုဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အချို့နယ်တွေမှာ အချို့ အဖွဲ့အစည်းတွေဟာ ကိုးယိုးကားယား အတော် ဖြစ်ခဲ့တယ်။ အချို့ ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်တွေဟာလဲ ကိုးယိုးကားယား ဖြစ်ခဲ့တယ်။ အဲဒီလို ကိစ္စတွေကို အားလုံး ဆက်လက်ပြီးတော့၊ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူသင့်တာကို ယူရမှာဘဲ။

နောက်ပြီး ဖ၊ဆ၊ပ၊လ အဖွဲ့နှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့တွေက အခုနေအခါမှာ တိုင်းသူပြည်သား လူထုကို အစိုးရက ဘာတွေ လုပ်နေတယ်ဆိုတာ ဝါဒ ဖြန့်ပေးဖို့ လိုတယ်။ နားရည်ဝအောင် လုပ်ပေးဖို့ လိုတယ်။ နောက်ပြီးတော့ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ အစိုးရကို သိအောင် အကြောင်းကြားဖို့ လိုတယ်။ နောက်ပြီးတော့ကာ တိုင်းသူပြည်သားတွေရဲ့ နစ်နာချက်တွေ ရှိယင် အဲဒီ နစ်နာချက်တွေကို မြန်မြန် ဖြေရှင်းနိုင်အောင် ကြိုးစားပေးရမယ်။ သူတို့ရဲ့ နစ်နာချက်တွေကို အစိုးရက မြန်မြန် ပြီးမြောက်အောင် ကြိုးစားရမယ်။ နောက်ပြီးတော့လဲ အစိုးရအဖွဲ့ကနေပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းထက် စီစဉ်ရေး လုပ်ငန်းတွေ၊ အဲဒီလို လုပ်ငန်းတွေမှာ ဆိုယင်လဲ တိုင်းပြည်ရဲ့ အကူအညီ ရအောင် ရှေ့ဆောင်ခေါင်းရွက် အလုပ် လုပ်ဖို့ လိုတယ်။ နောက်ပြီးတော့ကာ အစိုးရက လုပ်တဲ့ ကိစ္စတွေမှာ တိုင်းသူပြည်သားတွေ အကျိုးအတွက် လုပ်ထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ အဲဒီ လုပ်ငန်းတွေအရ တိုင်းသူပြည်သားတွေ အကျိုး ခံစားနိုင်တယ်။ ဒီ ခံစားနိုင်တဲ့ အတိုင်း အကျိုး ခံစားရအောင် ဖ၊ဆ၊ပ၊လ အဖွဲ့တွေနဲ့ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေက စီမံဆောင်ရွက်ဖို့ လိုတယ်။

နောက်ပြီးတော့ ဖ၊ဆ၊ပ၊လ က တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကို ကျွန်တော် စကားပြောချင်တယ်။ ဖ၊ဆ၊ပ၊လ က တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေဟာ ယခု ရွေးကောက်ပွဲမှာ အရွေးခံရတာ မိမိတို့ တော်လို့ မဟုတ်ဘဲ၊ အစွမ်းကြောင့် မဟုတ်ဘဲ “နားတောင်းရောင်ကြောင့် ပါးပြောင်” ဆိုတာလို ဖ၊ဆ၊ပ၊လ ရဲ့ တန်ခိုးကြောင့် ရကြတယ်ဆိုတာ အမြဲ သတိရကြပါ။ အဲဒီလို အရွေးခံရတဲ့ နေရာမှာလဲ ကျွန်တော်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ စည်းရုံးရေး လုပ်ငန်းက ကောင်းလွန်လွန်းလို့ ကျွန်တော်တို့ ရတာ မဟုတ်ဘူး။ တိုင်းပြည်လူထုက မဲပေးလို့ ရတာဘဲ။ အမှန်စင်စစ် ကျုပ် ဗမာပြည် တပြည်လုံး လိုက်ကြည့်တဲ့အခါမှာ ဖ၊ဆ၊ပ၊လ ရဲ့ စည်းရုံးရေး လုပ်ငန်းတွေဟာ အတော်ဘဲ ရော့ရဲရဲ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလို တွေ့ရတဲ့အခါ အကယ်၍သာ တကယ့် အတိုက်အခံ အကျိတ်အနယ် အရွေးခံရမယ် ဆိုယင်၊ ယခုရတဲ့ အမတ်ဦးရေဟာ ရမှာ မဟုတ်ဘူး။ အကယ်၍သာ စည်းရုံးရေး လုပ်ငန်းဟာ ဒိထက် ပိုပြီး ကောင်းမယ်ဆိုယင် အမတ် ၁၈၂ နေရာစလုံးကိုတောင်မှ ကျွန်တော်တို့ ရနိုင်တယ်။ ဘယ်နေရာမှာ မဆို ဖ၊ဆ၊ပ၊လ ကို လူထုက မထောက်ခံတဲ့ နေရာ မရှိဘူးဆိုတာ ကျွန်တော် အတိအလင်း ပြောရဲတယ်။ အဲဒီတော့ကာ အခုနေအခါမှာ ငါတို့ ဖ၊ဆ၊ပ၊လ အမတ်ဦးရေ အများဆုံး ရတယ် ဆိုပြီးတော့ ဖ၊ဆ၊ပ၊လ အမတ်တွေဘဲ ဖြစ်ဖြစ်၊ ဖ၊ဆ၊ပ၊လ အဖွဲ့တွေဘဲ ဖြစ်ဖြစ် သွေးနထင် မရောက်ဘဲ ငါတို့တော်လို့ ရတာ မဟုတ်ဘူး၊ တိုင်းပြည်က အားပေးလို့ ရတာဆိုတာ သိဖို့လိုတယ်။

အဲဒီတော့ကာ ဖ၊ဆ၊ပ၊လ အမတ်တွေကို တိုင်းပြည်ကနေပြီးတော့ ဖ၊ဆ၊ပ၊လ ကို ကြည်ညိုလို့ ရွေးကောက် တင်မြှောက်လိုက်တာကို အခု တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး ရောက်တဲ့အခါမယ် အစည်းအဝေးတိုင်းကို လုံလောက်တဲ့ အကြောင်း မရှိလို့ ရှိယင် မတက်ဘဲ မနေဖို့ကို ကျုပ်တို့ စည်းကမ်း သတ်မှတ်ရလိမ့်မယ်။ နောက်ပြီးတော့ကာ လုပ်စရာ တာဝန်တွေကိုလဲ ကျေပြွန်အောင်လဲ လုပ်ရမယ်။ ကျုပ်တို့ရဲ့ လုပ်ငန်းစဉ်တွေကိုလဲ ကျေပြွန်အောင် စည်းကမ်း ချရလိမ့်မယ်။ ဖ၊ဆ၊ပ၊လ အမတ်တွေ ဖြစ်လာလို့ အရင်တုန်းက အခြားပါတီတွေမှာ ဖြစ်လာတဲ့ အမတ်တွေလို ကိုယ်ထင်ရာ ကိုယ်နေ၊ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ် မဖြစ်နိုင်ဘူး။ အထူးသဖြင့် နယ်က အမတ်တွေဟာ ရန်ကုန် ရောက်တဲ့အခါ ပေါက်လွှတ်ပဲစား ဖြစ်တဲ့ အခါမျိုး ကျုပ်တို့ ဘယ်နည်းနဲ့မှ ခွင့် မပြုနိုင်ဘူးဆိုတာ ပြောချင်တယ်။ နောက်ပြီး ကျွန်တော်တို့ ဗမာပြည်ဟာ ဒီမိုကရေစီ စံနစ်အရ ဗမာပြည်ကို ပြန်လည် ထူထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စံနစ် ထူထောင်မှု လုပ်ငန်းတွေကို ကောင်းကောင်း နားလည်အောင် လုပ်ရမယ်။ အခု ဗမာပြည်မှာ အမတ်တွေကို ရွေးကောက်ပွဲက တင်မြှောက်လိုက်တယ် ဆိုယင်ဘဲ အဲဒီ ရွေးကောက် တင်မြှောက်လိုက်တဲ့ အမတ်တွေဟာ နောက် ကိုယ့်ဆိုင်ရာ နယ်တွေ နယ်တွေနဲ့ အဆက်ပြတ်ပြီးတော့ ဘယ်တော့မှ ပြန်မသွားဘူး။ ရွေးကောက်ပွဲ အချိန်ကျတော့မှ ပြန်သွားတော့တာဘဲ။

အခု ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့က အမတ်တွေဟာ ရွေးကောက်ပွဲ ပြီးပေမဲ့ ရွေးကောက်ပွဲ နောက် ဝင်တာ မဝင်တာ အပထားပြီး ကိုယ့်ဆိုင်ရာ ဆိုင်ရာ နယ်တွေကို အဆက်မပြတ် သွားနိုင်သမျှ သွားပြီးတော့ကာ ကိုယ့်နယ်နဲ့ ဆိုင်ရာ သိသင့်တဲ့ ကိစ္စတွေ၊ သိသင့်တဲ့ အချက်တွေ အစိုးရကိုလဲ အကြောင်းကြားရမယ်။ တိုင်းသူပြည်သားတွေကိုလဲ နားလည်အောင် ရှင်းပြရမယ်။

အင်္ဂလန်ပြည်မှာ ဆိုလို့ရှိယင် ပါလီမန် အမတ်ဖြစ်တဲ့ လူတွေဟာ အမတ် မဖြစ်ခင်လဲ ဆိုင်ရာ ဆိုင်ရာ နယ်တွေနဲ့ အဆက် ရှိတယ်။ အမတ် ဖြစ်တဲ့အခါမှာလဲ ခဏ ခဏ ကိုယ့်နယ်အကြောင်း ကိုယ် စုံစမ်း စစ်ဆေးပြီးတော့ လုပ်သင့်တဲ့ ကိစ္စကို အမြဲ လုပ်ကိုင်ပေးတယ်။ အဲဒီတော့ကာ အဲဒီလို လုပ်နိုင်မှ ဗမာပြည်မှာ ဒီမိုကရေစီ စံနစ် ထူထောင်လို့ ပြီးမှာဘဲ။ ရွေးကောက်ပွဲမှာ အမတ် အရွေးခံရပြီးလို့ အမတ်ဖြစ်တဲ့အခါ အေးအေးဆေးဆေးနဲ့ နောက်တခါ နယ် ဘာဖြစ်နေတယ်ဆိုတာ ပြန်မကြည့်ဘဲ ၊ အရေးမစိုက်ဘဲ နေတဲ့ အလေ့အကျင့်မျိုးကို ရှေးကလို အလေ့အကျင့်မျိုးကို ဖျောက်ပြီး ကျွန်တော်တို့ နည်းသစ် နမူနာသစ်ကို တိုင်းပြည်ကို ပြဖို့ လိုတယ်။ အဲဒါ အခုကတည်းက ပြဖို့ လိုတယ်။

နောက်ပြီးတော့ကာ တိုင်းပြည်မှာ ရှိတဲ့ လူငယ်စုကို ကျွန်တော် စကား ပြောပြလိုတယ်။ ဒီ လူငယ်စုတွေဟာ တော်လှန်ရေး စကားတွေ တော်တော်များများ ပြောပြီး နေကြတယ်။ တော်လှန်ရေး ဆိုတာ ဘယ်ဟာကို တော်လှန်ရေးဆိုတာ သေသေချာချာ လေ့လာဖို့ လိုတယ်။ အခုလို အခါမျိုးမှာ ဗမာပြည်လို တိုင်းပြည်မျိုးမှာမို့လို့ လူငယ်တွေဟာ တော်တော် တိုးတက်နေနိုင်တာဘဲ။ အိန္ဒိယမှာ ဆိုယင် လူငယ်တွေဟာ ဒီလိုအခြေအနေမျိုး ရောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲ၊ လူကြီးတွေက လူငယ်တွေထက် အရည်အချင်း အတော်အတန် ရှိနေတော့ တိုးမပေါက်နိုင်တဲ့ အခြေအနေ ရှိတယ်။ အခု လူငယ်တွေ မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ထိပ်သီးထိပ်တန်း ရောက်နေတယ် ဆိုတာ၊ လူငယ်တွေ သိပ်တော်လို့ မဟုတ်ဘဲ လူကြီးတွေ သိပ်ညံ့လို့ ဆိုတာကို သိဖို့ လိုတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးဖို့ မလိုဘူး။ အခုနေ အခါမျိုးမှာ ကျုပ်တို့ နားမလည်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်။ အဲဒီတော့ နားမလည်တာတွေကို နားလည်အောင် လုပ်ပါ။ တတ်ယောင်ကားနဲ့ တော်လှန်ရေး စကားတွေချည်း တွင်တွင်သုံးပြီး နောက်ဆုံး တော်လှန်ရေးလဲ ဘာမှ မဖြစ်ဘူး။ ဒီတော့ ဒါမျိုးကို ရှောင်ဖို့ လိုတယ်။ ဒီတော့ကာ အခု တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ လွတ်လပ်ရေးတွေကို လုပ်တဲ့ လုပ်ငန်းတွေမှာ စကား သိပ်များများ မပြောဘဲနဲ့ အလုပ် တွင်တွင်ကျယ်ကျယ် လုပ်နိုင်အောင် ကြိုးစားဖို့ လိုတယ်။

ဗမာပြည်မှာ ဆိုယင် လူငယ်တွေဟာ တယောက်ထဲ အပြေးပြိုင်နေရတဲ့လူတွေလို ပြိုင်ဖက်မရှိဘဲ အပြေးပြိုင်နေရတာဘဲ။ အဲသည်လို ပြိုင်ဖက်မရှိဘဲ အပြေးပြိုင်နေရတဲ့ အထဲက ပန်းတိုင်ကို မရောက်လို့ ရှိယင် ငါတို့တတွေကို ရန်သူက ထ ခြေထိုးလို့ မဟုတ်ဘဲနဲ့ ငါတို့ ရှော်လို့ ဆိုတာ သိရမယ်။ နောက်ပြီးတော့ကာ အခု ဒီဗမာပြည်မှာ ဖြစ်နေတဲ့အခြေအနေမျိုးမယ် နယ်ချဲ့သမားတွေ ပရိယာယ်ကို သတိပြုဖို့ လိုတယ်။ နယ်ချဲ့သမားတွေဟာ လူငယ်တွေကို သွေးခွဲပြီး အမျိုးမျိုး လှုံ့ဆော်မယ်။ အမျိုးမျိုး သူတို့ရဲ့ သူသျှို၊ ဒလံတွေကို ထည့်ပေးမယ်။ အမျိုးမျိုး တခါထဲ မဟုတ်တဲ့ သတင်းတွေ လွှင့်မယ်။ အဲဒီလို ကိစ္စတွေဟာ ရမည်းသင်းနယ်မှာ ကျွန်တော်ကိုယ်တိုင် ကြားသိရတယ်။ ရမည်းသင်းနယ်မှာ အစ မူလတုန်းက လူငယ် အချင်းချင်း သတ်ဖြတ်တဲ့ လုပ်ငန်းကို ပုလိပ်က စပြီး ဆွပေးတယ်လို့ ကြားရတယ်။ ပုလိပ်ဆိုပေမယ်လို့ နယ်ချဲ့သမားရဲ့ ပုလိပ်၊ နယ်ချဲ့သမားက မြှောက်ပေးတဲ့ ပုလိပ်၊ အဲဒီလို မြှောက်ပေးလို့၊ ဆွပေးလို့ ဖြစ်တယ်လို့ ကြားခဲ့ရတယ်။ နောက်ကိုလဲ သတိပြုရဦးမယ်။ နယ်ချဲ့သမားရဲ့ သူသျှို၊ ဒလံတွေဟာ ကျုပ်တို့အထဲမှာ အမြောက်အများ ရှိဦးမှာဘဲ ဆိုတာ ကျုပ်တို့ သတိပြုဖို့ လိုတယ်။ အဲဒီတော့ကာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆင်ဆင်ခြင်ခြင် လုပ်ဖို့ အရေးကြီးတယ်။ လူငယ်တွေဟာ ခုနေအခါမှာ ခုနကပြောခဲ့တဲ့အတိုင်း တယောက်တည်း အပြေးပြိုင်ရတဲ့ လူတွေလို အပြေးပြိုင်နေရတဲ့အခါမယ် ကျွန်တော် အခု ပြောပြရခြင်းဘဲ။

ကျွန်တော် တာတွေကို ပြောနေရတာကလဲဘဲ ရှေ့ကို ဗမာပြည်ရဲ့ အရေးကို လိုလားလို့ ပြောနေရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဖို့မှာဆိုယင်၊ ဗမာပြည် လွတ်လပ်ရေး ရတဲ့ တနေ့မှာ ကျွန်တော် နိုင်ငံရေးက ထွက်ချင် ထွက်မှာဘဲ။ ထွက်ဖို့လည်း စိတ်ကူးနေတယ်။ အဲဒီတော့ ကျွန်တော် အတိအလင်း ပြောချင်တာက ဗမာပြည်က လူငယ်တွေဟာ အရမ်းမဲ့ အထင်ကြီးပြီးတော့ကာ ကိုယ့်တာဝန်တွေကို မလုပ်ဘဲနဲ့၊ စကားများ မနေဘဲနဲ့ မိမိတို့ နောင်ရေးကို မြှော်တွေးပြီး၊ ဗမာပြည်ရဲ့ အကျိုးကို တကယ် လိုလားတယ်ဆိုယင်၊ လူငယ်တွေဟာ တော်လှန်ရေး စကားတွေပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်းပါ ဆိုတာ ပြောခဲ့ချင်တယ်။

နောက် တိုင်းသူပြည်သား လူထုကို အစီရင် ခံချင်တယ်။ တိုင်းသူပြည်သား လူထုကို ကျွန်တော် ပြောပြချင်တဲ့ အချက်က လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ပြီးပေမဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေး လုပ်ငန်းဟာ မပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ပြီးဆုံးခြင်းဟာ ဗမာပြည် လွတ်လပ်ရေး လုပ်ငန်း ပြီးတာ မဟုတ်သေးဘူး။ ဗမာပြည် လွတ်လပ်ရေးလုပ်ငန်း အစသာ ဖြစ်သေးတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး အခြေခံ အစမျှသာ ဖြစ်နေသေးတော့ကာ ဗမာပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေဟာ ဆက်လက်ပြီး တောင့်ထားကြဖို့ လိုတယ်။ တိုင်းပြည် လူထုဟာ မိမိတို့ လူထုရဲ့ ညီညွတ်ရေးကို မပျက်ပြားအောင် ဆောင်ရွက်ပြီး ဆက်လက် တောင့်ထားဖို့ လိုတယ်။ တိုင်းပြည် လူထုဟာ တိုင်းရင်းသား အချင်းချင်းနဲ့ အမြဲ ညီညွတ်အောင် ကြိုးစားဖို့ လိုတယ်။ တိုင်းရင်းသား လူထုဟာ ဒီလို လူထုညီညွတ်မှုနဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ဖို့ လိုတယ်။ဖ၊ဆ၊ပ၊လ က ညွှန်ကြားတဲ့ အချက်တွေကို လိုက်နာပြီး မမှိတ်မသုန် ယုံယုံကြည်ကြည် လိုက်နာဖို့ လိုတယ်။ တိုင်းသူပြည်သားရဲ့ အင်အားကို ကြီးမားအောင် ဆောင်ရွက်ဖို့ လိုတယ်။ အဲဒီတော့ကာ ဒီတိုင်းသူ ပြည်သား လူထုကို သေသေချာချာ ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ အရည်အချင်းနှင့် ပတ်သက်ပြီး ချွတ်ယွင်းချက် ရှိမယ်။ သို့သော်လဲဘဲ တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ လူထဲမှာ ကျွန်တော်ဟာ ယှဉ်ပြိုင်ရဲပါတယ်။ တိုင်းပြည် ချစ်တယ်ဆိုတဲ့ နေရာမှာ ကျွန်တော့်ထက် ပိုပြီး ချစ်တယ်ဆိုတာကို ကျွန်တော် လက်မခံနိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်ဟာ ဘယ်နည်းနှင့်မှ ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက်နဲ့ ပတ်သက်ပြီး သစ္စာ မဖောက်ဘူးဆိုတာ ခင်ဗျားတို့ အမြဲ ယုံကြည်ပြီးတော့ကာ ဖ၊ဆ၊ပ၊လ နောက်မှာ နေပြီးတော့ ဗမာပြည်ရဲ့ လွတ်လပ်ရေး၊ ဗမာပြည်ရဲ့ ပြန်လည်ထူထောင်ရေးကို လုပ်နိုင်အောင်၊ ခင်ဗျားတို့ အင်အားရှိအောင် ခင်ဗျားတို့ရဲ့ ညီညွတ်ရေးကို အမြဲဆောက်တည်ပြီး အမြဲ စောင့်ထိန်းကြပါဆိုတာ ကျွန်တော် ပြောလိုတယ်။

ပြီးတော့လဲ ဖ၊ဆ၊ပ၊လ က အခုကောက်ခံနေတဲ့ လွတ်လပ်ရေး ရံပုံငွေကိုလည်း ဆက်လက် ထည့်ကြဖို့ ကျွန်တော် မေတ္တာ ရပ်ခံပါတယ်။ နောက်ပြီးတော့ကာ အခွန်ပေးနိုင်တဲ့လူတွေ၊ သီးစားခ ပေးနိုင်တဲ့လူတွေ၊ အမတော်ကြေး ပေးနိုင်တဲ့ လူတွေလဲ ပေးကြပါလို့ ကျွန်တော် မေတ္တာ ရပ်ခံချင်ပါတယ်။ တကယ် မပေးနိုင်လို့ရှိယင် လာပြောပါ။ သို့သော်လဲ ပေးနိုင်လျက်သားနဲ့ ကိုယ့်လူဖြစ်နေလို့ ဆိုပြီး အခွင့်အရေး ယူပြီး လာပြီး မပြောပါနဲ့။ နောက်ပြီးတော့ကာ အခု ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းတွေ အများကြီး လုပ်ရလိမ့်မယ်။ ထူထောင်ရေး လုပ်ငန်းတွေ ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်တဲ့ အခါမှာ တိုင်းသူပြည်သား လူထုနဲ့ ချီပြီးတော့ လုပ်ငန်းကို လုပ်မှ အောင်မြင်လိမ့်မယ်။ အဲဒီ အတွက်ကြောင့် ဒီ ထူထောင်ရေး လုပ်ငန်း၊ ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရကနေပြီးတော့ တိုင်းပြည်ကို ကြေညာတဲ့အခါမှာ လိုတဲ့ အကူအညီကို ပေးဖို့ ခင်ဗျားတို့မှာ အဆင်သင့် ရှိရမယ်။ အခု ထူထောင်ရေး လုပ်ငန်းတွေမှာ ဥပမာ ဆိုယင် “ပီ၊ ဒဗလျူ၊ ဒီ” က လမ်းတွေ ပျက်လို့ ပြင်နေတာကို ကြည့်နေရုံနဲ့ မပြီးသေးဘူး။ ခင်ဗျားတို့ပါ ဝင်ပြီး လုပ်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလို လုပ်မှ ကျွန်တော်တို့ ဗမာပြည်မှာ ထူထောင်ရေး လုပ်ငန်း ပိုမို တွင်ကျယ်ပြီး ခရီးရောက်မယ်။ အဲဒီတော့ နိဂုံးချုပ် ကျွန်တော် ပြောချင်တာက အခု ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အလားအလာနဲ့ ဗမာပြည်ဟာ တနှစ်အတွင်း လွတ်လပ်ရေး ရနိုင်တဲ့ အခြေအနေ ရှိတယ်။ ကျွန်တော်တို့ လုပ်နိုင်ယင် ရမယ်။ မလုပ်နိုင်ယင် မရဘူး။ အဲဒီလို ရအောင်လုပ်တဲ့ နေရာမှာလဲ ကျွန်တော်တို့ဟာ အမြော်အမြင် ကြီးကြီးနဲ့ အလုပ် လုပ်ရမယ်။ အမြော်အမြင်ကြီးကြီးနဲ့ လုပ်တဲ့ နေရာမှာလဲ လွတ်လပ်တဲ့ အင်္ဂလိပ်တွေနှင့် လွတ်လပ်တဲ့ ဗမာတွေဟာ မိတ်ဆွေ ရင်းချာ ဖြစ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုယင် အခု ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် လွတ်လပ်ရေး ရတဲ့အခါမယ် မဟာမိတ် မရှိဘဲ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ကာ ကျွန်တော်တို့ ဘယ်နိုင်ငံတွေကို မဟာမိတ်အဖြစ်နဲ့ သဘောထားရမလဲဆိုတာ အခု လွတ်လပ်ရေး ရဖို့ စီစဉ်နေတဲ့အခါမှာ ကျွန်တော်တို့ စဉ်းစားထားဖို့ လိုတယ်။ ဒီလို စဉ်းစားတဲ့အခါမယ် ကျွန်တော်တို့ ဗမာပြည်နဲ့ နီးစပ်တဲ့ အရှေ့အာရှတောင်ပိုင်းနယ်တွေ ဖြစ်တဲ့ အင်ဒိုနေးရှား၊ ယိုးဒယား၊ မလေးယား၊ အင်ဒိုချိုင်းနား ဒီတိုင်းပြည်တွေကိုတော့ ကျွန်တော်တို့ ညီရင်းအစ်ကိုလို သဘောထားရမယ်။ သွေးချင်းသားချင်းလို သဘောထားရမယ်။ ကျွန်တော်တို့ သဘောအရဆိုယင် နောက်ဆုံးတနေ့ အခုချက်ချင်း မဖြစ်ပေမဲ့ ဒီနိုင်ငံတွေ အားလုံးဟာ တပေါင်းတည်း ဖြစ်အောင် ကြိုးစားရမယ်။ နောက်ပြီးတော့ကာ ကျွန်တော်တို့ လက်ငင်း ကြည့်မယ်ဆိုလို့ရှိယင် အင်္ဂလိပ်နဲ့ ကျွန်တော်တို့ မကင်းနိုင်သေးဘူး။ အင်္ဂလိပ်ရဲ့ အကူအညီကို ကျွန်တော်တို့ ယူချင်ယူ၊ အမေရိကန်ဆီက အကူအညီကို ယူချင်ယူ၊ ဒီတနည်းနည်းဘဲ ရှိတယ်။ တရုပ်ပြည်မှာဆိုတာတော့ သူတို့အချင်းချင်း ပြည်တွင်းစစ် ဖြစ်နေတော့ ဘယ်နည်းနဲ့မှ ဒီလို အကူအညီမျိုး မရဘူး။ အဲဒီ နိုင်ငံ သုံးနိုင်ငံအနက်က ဘယ်နိုင်ငံဟာ ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ဖို့ လိုတယ်။ အဲဒီတော့ကာ ကျွန်နဲ့ သခင် ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ဟာ အင်္ဂလိပ်ကို မလိုလားဘူး။ သို့သော်လဲ သခင် သခင်ချင်း ဖြစ်တဲ့အခါမှာ ဆိုယင်တော့ အင်္ဂလိပ်နှင့် မိတ်ဆွေ ဖြစ်ဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ကာ ဒီကိစ္စတွေကို အခုကတည်းက စဉ်းစားထားပြီးတော့ကာ ကျွန်တော်တို့ ရှေ့ကို မြန်မာပြည်ရဲ့ လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင် တိုင်းပြည်ကရော၊ ဖ၊ဆ၊ပ၊လ ကရော၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့တွေကရော၊ အစိုးရ အမှုထမ်းတွေကရော အားလုံး ဝိုင်းဝန်း ကူညီပြီး လုပ်မှ ကျွန်တော်တို့ လိုရင်းကို ရောက်မယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ။

 

Google